ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အတွင်းကြေ မြန်မာ့တပ်မတော်ထဲက လက်ရှိ တပ်ပြေးပြဿနာများ

နေမင်းသူရ (တပ်မတော်အရာရှိဟောင်းတဦး)

၁၀/ မတ် ၂၀၁၀
line
 

မနေ့တနေ့ကမှ တပ်ထဲက ထွက်လာတဲ့ ဂျူနီယာအရာရှိ ညီငယ်တယောက်နဲ့ စကားပြောဖြစ်ကြရင်း သူပြောပြတဲ့ လက်ရှိတပ်ထဲက အခြေအနေတွေကို ကြားရတော့ စစ်သားဖြစ်ခဲ့တဲ့ ကိုယ်တောင် ရှော့ခ်ရသွားပါတယ်။ ပြင်ပမီဒီယာက ပြောနေကြတာတွေ မလွန်ဘူးဆိုတာ သူကိုယ်တိုင် ၀န်ခံသွားပါတယ်။ သူ့အမြင်ကို ထပ်ပြီးအကျယ်ဖွင့်တော့မှ ကျနော်တို့တပ်မတော်ကြီး အတွင်းကြေ ကြေနေပါရော့လားလို့ ကိုယ်တိုင်ခံစားမိလာ ခဲ့ရတဲ့အတွက် ကိစ္စလေးအချို့ကို ဆက်ဖောက်သည်ချချင်လာမိပါတယ်။ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဆိုတဲ့ ဆောင်ပုဒ်ကို ရိုက်ချိုးပစ်တော့မယ့် တပ်ပြေးပြဿနာတွေကနေ အစချီပြီး ပြောသွားပါမယ်။

၂၀၀၉ ခုနှစ်အတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေက နအဖတပ်တွေထဲမှာ တပ်ပြေးတွေကို တမင်ပစ်သတ်မှုတွေ များလာတာဟာ နောက်ထပ် တပ်ပြေးမှုတွေ ပိုတိုးစေတဲ့ ကိစ္စတခုပါ။ ပုံမှန်အတိုင်း စစ်တရားရုံး၊ ခုံရုံးတွေမှာ တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၈ (ခ)၊ ပုဒ်မ (၄၀) တို့နဲ့ ထောင်ဒဏ်ပေး ဖြေရှင်းရမယ့်ကိစ္စကို စစ်ဘက်ဥပဒေအရ မဖြေရှင်းဘဲ ရှေ့တန်းမှာ ကိစ္စပြီးပြတ်အောင် အမြန်နည်းနဲ့ လုပ်ကြဖို့ အထက်က အမိန့်ပေးနေတာမို့ အလွန်အကျွံတွေဖြစ်ကုန်ပြီး ကိုယ့်အချင်းချင်း ပြန်ပစ်သတ်နေကြတာပါ။ ဇာတ်တူသားစားရင်း အားလုံးပျက်စီးသွားကြတဲ့ ဟင်္သာကိုးသောင်းဇာတ်မျိုးခင်းမယ့် ဒီလိုတပ်မတော်ထဲမှာ ဘယ်စစ်သားက ဆက်နေချင်ပါ့တော့မလဲ။

တပ်ပြေးဖြစ်လာရင် ပြေးတဲ့လူ ပြန်မလိုချင်ဘူး၊ ပါသွားတဲ့ ဒုတ်(သေနတ်) ပြန်ရရင်တော်ပြီ။ ပြေးတဲ့ကိစ္စကို အထက်မသိအောင် ဖုံးထားသင့် ဖုံးထားလို့ဖြစ်ပါတယ်။ ပြေးတဲ့လူ ဒါမှမဟုတ် ပြုန်းတီးအင်အားစာရင်းက တလမှာ (၂) ယောက်ထက် ပိုသွားမယ်ဆိုရင် အဲဒီလက ပြေးတဲ့ကောင်တွေကို နောက်တလစာရင်းမှာ ထည့်တင်ကြပါတယ်၊၊ ဒီလိုမျိုးမလုပ်ရင်လည်း (၄) လပတ် ဆွေးနွေးပွဲမှာ တပ်ရင်းမှူးပဲ ထုချေလွှာတင် အပြစ်ပေးခံရမှာ။ အရင်မဆလခေတ် တပ် (ဖွဲ့စည်းပုံအရရှိတာ အင်အား (၅၅၀) အမှန်တကယ် ရှေ့ထွက်အင်အား (၃၇၅-၄၂၀) ဦးနဲ့ အရာရှိ (၁၈-၂၃) ဦးစီ ပါဝင်ပါတယ်) ထဲမှာ ပြေးတဲ့လူရှိခဲ့ရင် စာရင်းမတင်ဘဲ တပ်ပြေးလစာငွေကို တပ်ရင်းမှူး၊ ခွဲမှူးတွေက ဖြတ်ထုတ်စားလေ့ရှိကြပြီး တပ်ပြေးစာရင်းတွေ အမှန်တိုင်း အထက်ကို တင်ပြလေ့မရှိကြပါဘူး။

နအဖတို့ခေတ်မှာလည်း လစာထုတ်စားဖို့ထက်ကို အထက်က အပြစ်ပေးမခံရဖို့က အရေးကြီးတဲ့အတွက် တပ်ရင်းမှူး၊ တပ်ခွဲမှူးတိုင်း တပ်ပြေးစာရင်းတွေ ဆက်လိမ်ညာတင်ပြနေရဆဲလို့ သိရပါတယ်။ ဒါတွေကို အထက်ဌာနက ရိပ်မိသွားလို့လည်း အချုပ်ကျ စစ်သည်တွေကို (၄၈) နာရီကျော်လွန်ပြီး ချုပ်မထားဘဲ စစ်ခုံရုံးတင်ဖို့ အမြဲညွှန်ကြားနေရပါတယ်။ ဒါကြောင့် ရှေ့တန်းမှာ တပ်ပြေးမှုဖြစ်ရင် ပါသွားတဲ့ သေနတ်မဆုံးရင် တော်ပါပြီ။ လူသစ်ကိစ္စက တပ်ရင်းရန်ပုံငွေထဲက စိုက်ခံပြီး လူသစ်ကို လိုက်ရှာဝယ်၊ နောင်မှ အခြေအနေကြည့် ဖြေရှင်းလို့ဖြစ်တယ်ဆိုပြီး တပ်ရင်းမှူးတွေကိုယ်တိုင် ရဲဘော်စိတ်ကင်းမဲ့စွာ ပြေးတဲ့သူတွေကို ပစ်သတ်ဖို့အရေး ဆုံးဖြတ်ချက်တွေပေးနေရတဲ့ အခြေကို ဆိုက်ရောက်နေရပါပြီ။

ဒီလို ကိုယ့်အချင်းချင်း ပစ်သတ်ရတဲ့ကိစ္စကို သာမန် လူသစ် စစ်သားတွေတင်သာမက အရာခံ၊ အကြပ်ကြီးတွေကပါ မကျေနပ်ကြပါဘူး။ ပုံမှန်စစ်ဆင်ရေးကာလထက်ပိုပြီး ရှေ့တန်းမှာ အနေကြာတာ (ရှေ့တန်း ကျဆုံးထိခိုက်မှု တပ်ပြေးမှုစတဲ့ အုပ်ချုပ်မှုဖြစ်စဉ်တွေများခဲ့ရင် အထက်က တမင်ညစ်ပြီး စစ်ဆင်ရေးကာလ ထပ်တိုးတာ) ကြောင့် နောက်တန်းမိသားစု အခက်အခဲ ပိုကြီးစေတာမို့ ရှေ့တန်းရောက် စစ်သားတွေ စိတ်သောကရောက်ပြီး တပ်ပြေးမှု ပိုတိုးစေပါတယ်။ ဒီ့အပြင် မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့တိုင်း သတ်မှတ်ဖွဲ့စည်းပုံ အပြည့်မလှုပ်ရှားနိုင်တာကြောင့် လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုဖြစ်စဉ်တွေကလည်း တပ်ပြေးပြဿနာရဲ့ အဓိကသော့ချက်တခုပါပဲ။

ရှေ့တန်းထွက် စစ်အင်အားစုစုပေါင်း (၁၃၀-၁၄၀) ရှိတဲ့ တပ်ခွဲတခွဲမှာ လူ (၃၀) တောင်မပြည့်လို့ (၂) ခွဲစစ်ကြောင်း (၂) ခုဖွဲ့ပြီး တရင်းကို တပ်ခွဲ (၄) ခွဲ၊ လူအင်အား (၁၂၀) လောက်နဲ့ ထွက်လှုပ်ရှားကြရတာမို့လည်း စစ်ဆင်ရေးတာဝန် ထိထိရောက်ရောက် မထမ်းဆောင်နိုင်တဲ့အပြင် အချိန်ကုန်လူပန်းဖြစ်ပြီး စစ်ရေးစရိတ်တွေတက်တာပဲ တိုင်းပြည်အတွက် အဖတ်တင်ကျန်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအတိုင်း လူမပြည့်တော့ ရှေ့တန်းလှုပ်ရှားရာမှာ စစ်သည်တွေ ပိုပြီးပင်ပန်းရသလို အင်အားမပြည့်တဲ့ တပ်ရင်း၊ တပ်ခွဲတွေနဲ့ နယ်မြေအကျယ်ကြီးကို ထိန်းရတာမို့ မနိုင်မနင်းဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့ရင်တောင် ထိထိရောက်ရောက် ပြန်လည်မတိုက်ခိုက် နိုင်လို့လည်း တိုက်ပွဲဖြစ်ပြီဆိုရင် စစ်သည်တွေ သေကြေဒဏ်ရာရမှုတွေက အရင်မဆလခေတ်ထက်ကို ပိုများလို့နေပါတယ်။ ဘယ်စစ်သားမှ ရှေ့တန်းမှာ တိုက်ခိုက်လိုစိတ်အပြည့်နဲ့ ထွက်မတိုက်ချင်ကြတဲ့အပြင် နအဖခေတ်မှာ မြန်မာ့တပ်မတော်ရဲ့ ကျဆင်းနေတဲ့ စစ်ရေးစွမ်းရည်ကလည်း စစ်သားတွေ စိတ်ဓာတ်ပိုကျပြီး တပ်ပြေးဖြစ်စေတဲ့ ကူးစက်ရောဂါတမျိုးလိုပါပဲ။ စစ်ပညာ၊ လက်နက်အရည်အသွေးနဲ့ နည်းပညာချို့တဲ့မှုတွေကြာင့် စစ်သားတွေကိုယ်တိုင် ကိုယ့်တပ်မတော်အပေါ် အထင်မကြီးလာတော့တဲ့ အကြောင်းကလည်း တနေ့တခြား စစ်ပြေးတွေ ပိုများစေပြန်ပါတယ်။

၁၉၉၀ လွန်နှစ်တွေနောက်ပိုင်း ငြိမ်းချမ်းရေးအဖွဲ့အသီးသီး ပေါ်လာလို့ ဒေသအတော်များများ ငြိမ်းချမ်းသွားပြီး စစ်ဆင်ရေးမရှိလို့ စစ်သားတွေ ပြေးတယ်ဆိုတဲ့ အကျိုးအကြောင်းမျိုးကိုလည်း ပြလို့မရပါဘူး။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေက ဆက်ရှိနေဆဲပါ။ နေ့စဉ် သေနတ်သံတွေ ကြားနေရသလို နှစ်ချုပ်တိုက်ပွဲ စာရင်းတွေမှာလည်း ထောင်ချီ သေကျေဒဏ်ရာတွေ ဖြစ်ပွားနေဆဲပါ။၂၀၀၉ ခုနှစ် ကရင်ပြည်နယ်စစ်ဆင်ရေး နိဂုံးချုပ်မှာ တိုက်ပွဲပေါင်း (၁,၁၈၃) ကြိမ်ဖြစ်ပွားပြီး နအဖဘက်က စစ်သည်အရာရှိ စုစုပေါင်း (၅၄၀)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ခွဲထွက်အဖွဲ့က (၁၈၃) ဦး အသီးသီး ကျဆုံးသလို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကလည်း တပ်မတော်ဘက်က အရာရှိ စစ်သည် (၁,၁၄၃) ဦး သေကျေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

နောက်တချက်ကတော့ ပေးထားတဲ့ လစာ ခံစားခွင့် နည်းပါးမှုနဲ့ ကိုယ့်အထက်က အခွင့်ထူးခံ အရာရှိတွေ ကောင်းစားဖို့ပဲ လုပ်ပေးနေရတယ်လို့ ခံစားနေရတဲ့ စိတ်ဓာတ်ကြောင့် ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ချင်စိတ်၊ အသက်စွန့်လိုစိတ် ကင်းမဲ့နေမှုတွေပဲဖြစ်ပါတယ်။ တပ်တွင်းက အထက်နဲ့အောက် ကွားခြားချက်တွေကလည်း မမျှော်မှန်းရဲလောက်အောင်ကို ကြီးမားနေပါတယ်။ အောက်ခြေရဲဘော်တွေသာမက ဗိုလ်ကြီး၊ တပ်ရင်းမှူးအဆင့်အထိတောင် နအဖ ထိပ်သီးခေါင်းဆောင်တွေနဲ့ လူနေမှုဘ၀အဆင့်အတန်း ကွာဟမှုဒဏ်တွေကို မကျေမနပ် ကြိတ်ခံစားနေကြရတာပါ။

သာမန်လစာငွေ (၂၁,၀၀၀) ကျပ်ရလို့ အဆင်မပြေတဲ့ စစ်သည်တွေ လစာတိုးပြီး (၄,၁၀၀၀) ကျပ် ဖြစ်လာသည့်တိုင် စားဝတ်နေရေး အဆင်မပြေဆဲဖြစ်နေသလို (၁၆၀,၀၀၀) ကျော်ရတဲ့ ဗိုလ်ကြီးတွေခမျာလည်း ရတဲ့လစာ မလောက်လို့ အိမ်ကမှာပြီး အိတ်စိုက်သုံးနေရကြောင်း ထုတ်ပြောနေကြပါပြီ။ စစ်သားတိုင်းအတွက် တပ်မတော်က ထောက်ပံ့ပေးနေကျ ပစ္စည်းမျိုးစုံ ထောက် (၂၅) မျိုးကိစ္စတွေမှာလည်း အထက်က မဖြေရှင်းပေးလို့ ကိုယ့်ငွေနဲ့ စိုက်သုံးမှပဲ ရှေ့တန်းမှာ အလုပ်ဖြစ်ပါတယ်။ လတ်တလော စစ်ဆင်ရေးထွက်ဖို့ လိုအပ်တဲ့ ဖိနပ်၊ မိုးကာတွေ မပါရင် ရှေ့တန်းမှာ အခက်ခဲရှိတာမို့ တပ်ခွဲမှူးတွေကပဲ ကိုယ့်အစီစဉ်နဲ့ ကိုယ့်တပ်ခွဲကိစ္စ ဖြေရှင်းပေးနေရပါတယ်။

ဒီ့အပြင် ရာထူးမြဲ၊ တပ်ပြောင်း၊ အဆင့်တိုး ကိစ္စတွေမျိုးစုံအတွက်လည်း အထက်ကို လာဘ်ထိုးနေရပါသေးတယ်။ အလုပ်အကိုင်ရှားပါးလွန်းလို့ မဖြစ်သာလို့ မနှစ်သက်ဘဲ အပြင်မှာ ရတဲ့လစာလောက်နဲ့ တမင်ရွေးချယ်စရာလမ်းမရှိလို့သာ တပ်ထဲမှာ စစ်သားဝင်လုပ်နေရတာ၊ ဒါမှမဟုတ် အဓမ္မသိမ်းသွင်းခံရလို့၊ ပြီးတော့လည်း ပြန်ထွက်ချင်၊ ပြေးချင်ပေမယ့် ပြေးလို့မဖြစ်လို့ဆိုတဲ့ အကြောင်းအမျိုးမျိုးတွေကလည်း ရှိပါသေးတယ်။ စစ်သည်တွေအတွက် ရပိုင်ခွင့်၊ ကိုယ့်လုပ်ငန်းတာဝန်ပေါ် လေးစားမှု၊ တပ်တွင်းနေပျော်စေတဲ့ စစ်သည်ဘ၀အာမခံချက် အဲဒီအချက်တွေ မရှိလို့တော့ တပ်ထဲက တပ်ပြေးတွေ ထပ်တိုးလာနေဦးမှာပါ။

ယခင် နှစ်ပေါင်း (၂၀) ကျော်က မဆလစစ်တပ်တွေမှာ တပ်ခွဲတခွဲ လူ (၄၀-၅၀) လောက် ကျဆုံးဒဏ်ရာရှိခဲ့ရင်တောင် တပ်ရင်းအနေနဲ့ စစ်ဆင်ရေးဆက်ဝင်လို့ ဖြစ်ပါသေးတယ်။ သူတို့ခေတ်တုန်းက တပ်ရင်းတရင်း လူ (၄၅၀) အပြည့် ရှေ့တန်းထွက်နိုင်တာပါ။ စစ်သည် (၄၀၀) ကျော် (၅၀၀) နီးပါး အင်အားမှာ အရာရှိ (၁၈) ယောက်ကနေ (၂၃) ယောက်သာ ရှိခဲ့တာပါ။ အခု လူပေါင်း (၁၄၀) လောက်ရှိတဲ့ နအဖခေတ် တပ်ရင်းတရင်းမှာ လူ (၁၀) ယောက်လောက် ထိခိုက်ဒဏ်ရာဖြစ်ပြီဆိုရင် နောက်တန်းပြန်စုဖွဲ့ လေ့ကျင့်မှပဲ ဖြစ်ပါတော့တယ်။ ဒါမှမဟုတ်ရင် တပ်ပြေးစာရင်းက ရှေ့တန်းမှာ ဆုံးရှုံးသွားတဲ့ အင်အားထက် ပိုပြီးများသွားမှာမို့ပါ။

ဖွဲ့စည်းပုံမပြည့်တဲ့ တပ်ရင်းတွေကို တိုးချဲ့ဖွဲ့စည်း တာဝန်ပေးလာရာကနေ ရာထူးနဲ့ တာဝန် မညီမျှတာတွေလည်း ဖြစ်ပေါ်နေပါပြီ။ တပ်ရင်းမှူး၊ တပ်ခွဲမှူးအဆင့် အုပ်ချုပ်သူတွေကလည်း အရင်လို အရည်အချင်းပြည့် ဗိုလ်တွေမဟုတ်ကြသလို နှစ်စဉ် စစ်တက္ကသိုလ်ကနေပြီး ကြက်ဥဖောက်စက်လို မွေးထုတ်ကျောင်းဆင်းလိုက်တဲ့ အရာရှိလောင်း အင်အားကလည်း အလျော့မရှိ (၂,၀၀၀) ကျော် ရှိနေပါတယ်။ သင်တန်းဆင်းဗိုလ်လောင်းတွေကို တပ်ရင်းအသီးသီး ပို့ပြီး နှစ်စဉ် ရာထူးခန့် တာဝန်ပေးနေလေတော့ ဒီကနေ့ မြန်မာ့တပ်မတော် တပ်ရင်းတခုရဲ့ အင်အား (၁၃၀-၁၄၀) မှာ အရာရှိအင်အားစာရင်းက (၄၀) နီးပါးဖြစ်နေပါပြီ။ ဒီအရာရှိ (၄၀) ကျော်မှာလည်း သင်တန်းအမျိုးမျိုး သွားတက်နေတဲ့သူ၊ နောက်တန်း ဗာဟီရလုပ်ငန်းမျိုးစုံအတွက် တာဝန်ချထားရသူ ဒါတွေဖယ်လိုက်ရင် ရှေ့တန်းစစ်ထွက်အရာရှိဟာ အရင်မဆလခေတ်က နှုန်းအတိုင်းပဲ ပြန်ဖြစ်နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ မဆီမဆိုင်လုပ်ငန်းတွေအတွက် ရာထူးရှိပြီး တာဝန်အတည် သတ်မှတ်ပေးထားခြင်းမရှိတဲ့ စစ်ဗိုလ်တွေ ဖောင်းပွနေတာကို ကျနော်တို့ မြန်မာနအဖတပ်မတော်မှာပဲ တွေ့ရမှာပါ။

နအဖ တပ်ရင်းတရင်းမှာ လူအင်အား (၁၃၀) အတွက် ရှေ့တန်းထွက် အရာရှိက (၁၅-၁၈) ယောက် ၀န်းကျင်လောက်သာ ပါရှိကြတာပါ။ ဒီတော့ စစ်သား (၈) ယောက် အရာရှိ (၁) ယောက်နှုန်းလောက် သွားကျနေပါတယ်။ ဒီအချိုးအတိုင်း တပ်မတော်ကို ဖွဲ့စည်းထားတာမို့ မကြာခင် စစ်သား (၁) ယောက် ဗိုလ် (၁၀၀) ဆိုတဲ့ ကိန်းကို ဆိုက်တော့မှာမလွဲပါဘူး။ နောက်တမျိုးက တပ်ထဲမှာ ပေါများလာနေတဲ့ အရာရှိတွေရဲ့ အနိုင်ကျင့်မှုအပေါင်းကို အရေအတွက်နည်းတဲ့ စစ်သားတွေ လှိမ့်ခံရတဲ့ကိစ္စပါ။ ရှေ့တန်းက အထက်အရာရှိကို ဖီဆန်ပြဿနာတက်လို့ စစ်ပြေးမှုတွေဖြစ်ပြီး အသတ်ခံရ၊ ထောင်ကျခံရတဲ့ အကြောင်းခံကလည်း ဗိုလ်လုပ်သူတွေ အနိုင်ကျင့်တဲ့အတွက်ကြောင့်ပါပဲ။

အရာရှိတွေတင်မက အရင်ခေတ် ဗိုလ်ကတော်တွေနဲ့ မတူတဲ့ နအဖခေတ် ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်ကတော် အသီးသီးကလည်း စစ်သည်ရဲမေ အိမ်ထောင်သည်တွေအပေါ် ပိုပြီး အနိုင်ကျင့်တာတွေ ရှိနေပြန်ပါသေးတယ်။ စစ်သည်ကိုသာမက စစ်သားမယားနဲ့ မှီခိုသူအားလုံးကိုပါ လွှမ်းမိုးချုပ်ကိုင် ဗိုလ်ကျအနိုင်ကျင့်လို့ရအောင် တပ်ရင်းနောက်တန်းအသီးသီးမှာ စည်းကော် ကော်မတီဆိုတာကို ဖွဲ့စည်းပေးထားပြန်ပါတယ်။ ဒီစည်းကော်လို့ခေါ်တဲ့ အမျိုးသမီးရေးရာအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်ဟာ တပ်ရင်းမှူးထက် ပိုပြီးလက်ဝါးဇောင်းထက်တယ်လို့ ကြားနေရပြန်ပါတယ်။

တိုင်းမှူး၊ တပ်မမှူးတွေ တပ်ရင်းကို လာစစ်ရင် တခြားကိစ္စတွေထက် သူတို့နဲ့ အတူပါလာကြမယ့် တိုင်းမှူး၊ တပ်မမှူးကတော်တွေရဲ့ စည်းကော်အစီရင်ခံစာမှာ နာမည်ပျက်မပါသွားဖို့ အရေးကြီးနေပါတယ်။ တပ်ရင်းက အရာရှိစစ်သည်တွေ တပ်အစစ်ဆေးခံဖို့ထက် ရဲမေစစ်သည်၊ အိမ်ထောင်သည် မှီခိုတွေပါမကျန် အကုန်လုံး စည်းကော်အစစ်ခံချက်မှာ အမှတ်ကောင်းရဖို့ လိုပါတယ်။ အဆင်မချောရင် တပ်ရင်းမှူးနဲ့ တပ်ရင်းပါ အမှတ်တွေ အလျှော့ခံသွားရနိုင်ပါတယ်။

တပ်အစစ်ဆေးခံတယ်ဆိုတာက သတ်မှတ်ထားတဲ့အတိုင်း ဗဟိုကင်း၊ လက်နက်တိုက် စားဖိုဆောင် စတာတွေမှာ အကုန်ပြင်ဆင်ထားရင်၊ ကျွေးမွေးဧည့်ခံတာကောင်းရင် ဖြစ်ပါပြီ။ ဒါကလည်း ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့်တပ်ကို အထက်က တိုင်းမှူး၊ တပ်မမှူးတွေမရောက်ခင် တခြားတပ်ကို စစ်နေကတည်းက ကြိုပြီး ဘယ်လိုဘယ်ပုံ ဖြေရှင်းသလဲဆိုတာ သိထားပြီးသားမို့ တပ်ရင်းတခုနဲ့တခု မထူးမခြား မကွာမလှမ်း အစစ်ဆေးခံနိုင်ကြပါတယ်။ ဘာမှ မခက်ပါဘူး။ အဲ … ခက်တာက တိုင်းမှူး၊ တပ်မမှူးကတော်ရဲ့ စည်းကော် အစစ်ဆေးခံနိုင်ဖို့ရာက တပ်ရင်းမှူးတိုင်းအတွက် အတော်ခေါင်းစားတဲ့ ကိစ္စတခုပါပဲ။ တပ်ဆိုင်ရာ လုပ်ငန်းတွေထဲမှာ စည်းကော်ကိစ္စအတွက် တပ်မမှူးကတော်ကိုယ်တိုင် အပ်ချုပ်စက်တွေ၊ အခမ်းအနား ၀တ်စုံတွေအတွက် ရှော့ပင်းထွက် ဈေးဝယ်တဲ့ အလုပ်မျိုးကိုတောင် အထက်ကို တရားဝင် ကြေးနန်းတင်ပြ ခွင့်ပြုချက်တင်ပြီးမှ လုပ်ကြတာမျိုးတွေ ဖြစ်လာနေပါပြီ။

ပေးပို့ = စည်းကော်၊ လက္ခံ တပ်မ (---) မှူး၊ မိတ္တူ --- ( xxx) တိုင်း … ဆိုတဲ့ ကြေးနန်းမျိုးတွေ ထွက်နေပါပြီ။ တပ်ထဲက အမျိုးသမီးရေးရာတွေရဲ့ စည်းကော်လုပ်ငန်းကော်မတီ စည်းရုံးရေးအစီရင်ခံစာ (ဦး /၅) ကြေးနန်းတွေကိုပဲ ဆသရ စစ်သည်တွေက အထူးအရေးထား (ဆ/င) အဖြစ် အလေးထား ပို့ပေးနေကြရပါတယ်။ စစ်သည်တွေ စိတ်ဓာတ်ပျက်ပြား တပ်ပြေးများရတဲ့ အကြောင်းများစွာထဲမှာ စည်းကော်ကိစ္စတွေလည်း ကြားကတမှောင့်ပါပဲ။ တချို့စစ်သည် အရာရှိတွေက သူတို့ကို ‘တပ်ပျက်မမ’ တွေလို့ ကွယ်ရာမှာ နောက်ပြောင်လေ့ရှိကြပါတယ်။ ရှေ့တန်းစစ်ဆင်ရေး၊ အုပ်ချုပ်ရေးကိစ္စထက်ကို နောက်တန်းကိစ္စမျိုးစုံအပြင် မိန်းမတွေရဲ့ စည်းကော်အလုပ်တွေကိုပါ အပိုထပ်ဆောင်း တာဝန်ထမ်းနေရတာမို့ ဆက်သွယ်ရေးတပ်ဖွဲ့တွေလည်း စိတ်ဓာတ်ကျနေရပါပြီ။

နေ့တိုင်း အရေးမပါတဲ့ (အပလာ) ကြေးနန်းတွေထဲမှာ စည်းကော်ကိစ္စတွေပါ ထည့်ပို့နေရတာကြောင့် စစ်ဆင်ရေးကိစ္စလည်း မဟုတ်တဲ့ နောက်တန်း ကြေးနန်တွေနဲ့ပဲ (၂၄) နာရီလုံး သူတို့ အလုပ်ရှုပ်နေကြရပါတော့တယ်။
ဒါကြောင့်လည်း ရှေ့တန်းမှာ စစ်သားတွေ စိတ်ဓာတ်ပျက် တပ်ပြေးကြသလိုမျိုး နောက်တန်းမှာ စစ်သည်နဲ့ အိမ်ထောင်သည်ကြားမှာလည်း တပ်ပြေးတွေ စပေါ်နေပါပြီ။ မကြာခင် တပ်ကနေ ထွက်ပြေးလာတဲ့သူတွေအထဲမှာ တပ်သားအဆင့်သာမက အရာရှိတွေလည်း ပါဝင်နေတာကို တွေ့ရသလို ပြေးလာသူတွေ ပြောပြချက်အရ နောက်တန်း ဒါမှမဟုတ် သင်တန်းတွေကနေ ပြေးတာက ပိုပြီးလွယ်ကူပါတယ်တဲ့။

ပြေးလာသူ စစ်သည်နဲ့ အရာရှိတွေအားလုံး ရာထူးအဆင့်တွေ ကွဲပြားပေမယ့် သွားတူညီနေတဲ့ အချက်တခုက သူတို့အားလုံး ခံစားခွင့် နည်းပါးနေကြတာပါ။ အထက်ဌာနအပေါ် ယုံကြည်မှုနည်းပါးကင်းမဲ့တာ အနာဂတ်မျှော်လင့်ချက် နည်းပါးတာ … စတဲ့ အထွေထွေ နည်းပါးခြင်းကပ်ဆိုက်ရောက်နေတဲ့ မြန်မာနအဖတပ်မတော်တွင်းက တပ်ပြေးတွေ အစုလိုက်အပြုံလိုက် ဆက်ထွက်လာဦးမှာ အသေအချာပါပဲတဲ့။ မြေကြီးကို လက်နဲ့ ခတ်မိလို့ လွဲရင်တောင် လွဲနေပါလိမ့်ဦးမယ် အဲဒီခန့်မှန်းချက်ကတော့ လုံးဝကို မလွဲနိုင်ဘူးလို့ ပြောနေကြပါတယ်။ ။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook