ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ထပ်ဖြစ်လာဦးမလား - အပိုင်း (၂)

ပေါက်ပေါက်

၅ နိုဝင်ဘာ ၂၀၀၉
line
 

ကိုးကန့်ဒေသတိုက်ပွဲတွေ ပြီးပြီးချင်း နအဖသတင်းစာတွေမှာ တဘက်တရုတ်နိုင်ငံရဲ့ သတင်းပေးချက်အရကြောင့်ပဲ ဖုန်ကြားရှင်တို့ရဲ့ မူးယစ်ဆေးဝါးအမှုကိစ္စ၊ လက်နက်စက်ရုံကိစ္စ သိလာရပြီး နအဖက ချက်ချင်းအရေးယူ ဆောင်ရွက်ရသယောင် ရေးသားဖော်ပြခဲ့ကြပါတယ်။ အမှန်တကယ်တော့ တရုတ်အစိုးရ သတင်းမပေးခင်ကတည်းက လက်နက်စက်ရုံကိစ္စ နအဖဘက်က သိပြီးသားပါ။ ၂ဝဝ၇ ခုနှစ်အတွင်း ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ကနေ လက်နက်တွေ အိန္ဒိယ-မြန်မာနယ်စပ်ဘက် မှောင်ခိုသယ်နေတာကို စစ်ဆေးရေးဂိတ်တွေက မကြာခဏဆိုသလို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီလက်နက်စက်ရုံမှာ တရုတ်တပ်မတော်က စစ်မှုထမ်းဟောင်းတယောက်အပါအဝင် တရုတ်နိုင်ငံဘက်မှ ပညာရှင်များက အလုပ်လုပ်ကိုင်ပေးနေတာကိုလည်း တရုတ်၊ မြန်မာ နှစ်နိုင်ငံစလုံးက သိရှိပြီးဖြစ်သလို ၂ဝဝ၈ ခုနှစ်အတွင်း တရုတ်နယ်စပ် ဒေသခံအာဏာပိုင်တွေ အဲဒီလက်နက်စက်ရုံက တရုတ်နိုင်ငံသားတွေကို ပြန်ခေါ်ပြီး အရေးယူခဲ့တဲ့နောက်ပိုင်း အဲဒီလက်နက်စက်ရုံလည်း လုံးဝပိတ်ထားခဲ့ရပါတယ်။

ဖုန်မိသားစု မူးယစ်ဆေးဝါးထုတ်လုပ်တယ်ဆိုတာဟာလည်း တရုတ်ဘက်က သတင်းပေးမှ မဟုတ်ဘူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဥက္ကဋ္ဌ တာဝန်ယူထားပြီး ကွမ်းလုံစစ်ဗျူဟာရုံးနဲ့ အဆက်အသွယ်ပုံမှန်လုပ်နေရသူ ပိုင်စုံချိန်ဆီကနေတဆင့် သိပြီးဖြစ်မှာပါ။ ပိုင်စံချိန်ဆိုတာကလည်း ဒေသအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တာဝန်ယူကတည်းကစလို့ နေ့ချင်းညချင်း ကြီးပွားချမ်းသာလာသူ၊ ဖုန်မိသားစုနဲ့ နီးစပ်ပတ်သက်နေသူတွေ အပါအဝင် ဒေသခံတွေထံက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို တချို့တဝက် နအဖထံ အပ်နှံ၊ ကျန်တဝက်ကို အပြင်ထုတ်ရောင်း နေသူအဖြစ် ဖုန်မိသားစုဘက်က စွပ်စွဲခံထားရတာကို နအဖဘက်က သိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပိုင်စုံချိန်ကို ရေမြွေဖြစ်အောင် လုပ်ထားနိုင်တာပါ။

ဒီတော့ ဖုန်မိသားစုအပေါ် အစောပိုင်းကတည်းက အရေးမယူဘဲ အခုကျမှ ဘာကြောင့် အရေးယူလာရတာလဲ။ ဒါကလည်း ရှင်းပါတယ်။ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့ အပစ်ခတ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး စည်းရုံးရေးခရီးစဉ် မအောင်မြင်မှန်းလည်းသိရော အခုလို နိုင်ငံတကာနဲ့ အိမ်နီးချင်း တရုတ်က လက်ခံနိုင်တဲ့ တရားမဝင် လက်နက်ထုတ်လုပ်မှု၊ မူးယစ်ဆေးဝါးကိစ္စ အကြောင်းပြချက်ကိုင်ပြီး ကိုးကန့်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ ကြိုးစားလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် (၈) ရက်က ဖုန်ကြားရှင်ရဲ့ အိမ်က ဂိုဒေါင်ကို နယ်မြေခံ နအဖတပ်၊ ရဲ၊ မူးယစ် အဖွဲ့တွေက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ လမ်းခရီးမှာ ကိုးကန့်တပ်ဖွဲ့နဲ့ ရှာဖွေရေးအဖွဲ့တွေအကြား  နှစ်ဘက်ပစ်ခတ်လုနီး အခြေအနေဖြစ်ခဲ့ပြီး အဲဒီနေ့က စစ်ဖြစ်မှာကို စိုးရိမ်ထိတ်လန့်ကာ တရုတ်ပြည်ဘက် ထွက်ပြေးလာတဲ့ ဒေသခံလူထု (၁) သောင်းကျော် ရှိခဲ့ပါတယ်။ အဲဒီကိစ္စအတွက် တရုတ်ဘက်က နယ်စပ်ဒေသ တည်ငြိမ်မှုမပျက်ပြားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ နှစ်ဘက်စလုံးကို သတိပေးခဲ့ရပါတယ်။

မူးယစ်ဆေးဝါးအမှု၊ လက်နက်အမှုတွေနဲ့ လားရှိုးရဲစခန်းရဲ့ ဆင့်ခေါ်စာကို ဖုန်မိသားစုက ငြင်းဆန်လိုက်ချိန်မှာတော့ နအဖက သူတို့မွေးထားတဲ့ ပိုင်စုံချိန်ကို အာဏာသိမ်းခိုင်းပြီး အချင်းချင်းတိုက်ခိုက်လာရင် ကောက်စားဖို့ ကြိုးစားခဲ့တယ်။ ကိုးကန့်တပ်ဖွဲ့၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းပြည်တပ်မတော်တို့ဟာ စစ်ရေးမဟာမိတ်ဖွဲ့ထားမှန်း နအဖက သိပါတယ်။ သိလို့လည်း အဲဒီစစ်ဆင်ရေးမစခင် သြဂုတ် အစောပိုင်းကတည်းက သိန္ဒီအခြေစိုက် စကခ (၁၆) ကို ဝမြောက်ပိုင်းဒေသအနီး၊ ဟိုပန်မြို့နယ်အတွင်း ယောင်ပြစစ်ရေး လှုပ်ရှားမှုလုပ်ကာ ကြိုတင်တပ်ချထားခဲ့တာပါ။ ကိုးကန့်ဒေသမှာ တိုက်ပွဲဖြစ်တဲ့အချိန် စစ်ရေးမဟာမိတ်ပြုထားတဲ့ အခြားအဖွဲ့တွေ ဝင်ရောက်စစ်ကူမတိုက်နိုင်အောင် စစ်ရေးအရ ကြိုတင်ကာထားတဲ့သဘောပါ။ ပိုင်စုံချိန်နဲ့ ဖုန်မိသားစု အာဏာလုပွဲ ပြဿနာအသွင် နအဖဘက်က ကြိုတင်စီမံဖန်တီးနိုင်ခဲ့လို့ အခြားငြိမ်းအဖွဲ့တွေ ကိုးကန့်စစ်ပြေပြင်ထဲ ပြောင်ပြောင်တင်းတင်း ဝင်မပါနိုင်ခဲ့ပါဘူး။

ဝတပ်ဖွဲ့တွေ ကိုးကန့်နယ်မြေထဲ ဝင်ရောက်နေတုန်းမှာပဲ ကိုးကန့်နယ်ထဲက ပြန်ဆုတ်ဖို့ တရုတ်က ဝကို သတိပေးလိုက်သလို ကိုးကန့်အရေးအခင်းကိစ္စအား ကြားဝင်ဖြေရှင်းပေးမယ်ဆိုပြီး ကတိပြုချက်အရ အင်အား (၁,၅ဝဝ) ပါဝင်တဲ့ ဝတပ်ဖွဲ့ ကိုးကန့်နယ်ထဲက ပြန်ဆုတ်ခွာပေးလိုက်ရပါတယ်။ ဒီတော့ လူသူလက်နက် အင်အားနည်းသွားတဲ့ ကိုးကန့်တပ်ဖွဲ့အနေနဲ့ ဆက်တိုက်ဖို့ မဖြစ်နိုင်တော့ဘဲ သူတို့ရဲ့လက်နက်တွေ တောတောင်တွေ၊ ယာခင်းတွေထဲ ဝှက်ပြီး တရုတ်ပြည်ဘက်ကို ရှောင်တိမ်းခဲ့ရသလို တချို့လည်း ဝတပ်ဖွဲ့နယ်မြေအနီး တောတောင်တွေထဲ တိမ်းရှောင်သွားတာမို့ ကိုးကန့်တိုက်ပွဲ အချိန်တိုအတွင်း ရပ်ဆိုင်းသွားတာပါ။ ဒီနေရာမှာ ရပ်ဆိုင်းလို့ သုံးနှုန်းချင်တာကတော့ ကိုးကန့်တနယ်လုံး ရန်သူ့ထံကျရောက် အောင်၊ သူတို့တွေရဲ့ ဥစ္စာဓန ဆုံးရှုံးအောင်လုပ်တဲ့ သစ္စာဖောက်ဆိုပြီး ပိုင်စံချိန်ကို အခဲမကျေဖြစ်နေကြတဲ့  ဖုန်မိသားစုဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေ ဆက်လက်ကျန်ရှိနေသေးလို့ တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ အခြေအနေ ရှိနေသေးလို့ပါ။

စစ်ဝင်ကူတိုက်တဲ့ ဝတပ်ဖွဲ့တွေကို ဆုတ်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်လို့ ကိုးကန့်လူမျိုးဆိုတာဟာ တရုတ်တွေပါ၊ ဟန်တရုတ်အမျိုးသားအချင်းချင်း မထောက်ထားဘဲ ဓာတ်ငွေ့ပိုက်လိုင်း မျက်နှာတခုတည်းနဲ့ သူတို့ကိုးကန့်တွေ တရုတ်အစိုးရရဲ့ လိမ်ညာအသုံးချခံလိုက်ရတယ်၊ ထိုးကျွေးတာခံလိုက်ရတယ်ဆိုပြီး ကိုးကန့်ခေါင်းဆောင်တွေ တရုတ်အစိုးရအပေါ် စိတ်နာနေကြလေရဲ့။

တဘက်တရုတ်အစိုးရရဲ့ သတင်းပေးချက်အရ အနှစ် (၂ဝ) မိတ်ဆွေဖွဲ့ခဲ့ရတဲ့ ဖုန်မိသားစုကို အရေးယူ ဆောင်ရွက်ခဲ့ရပါတယ်ဆိုပြီး နအဖရဲ့ပြောဆိုမှု (ခေတ်စကားနဲ့ ပြောရရင် တရုတ်အစိုးရကို  အချွန်နဲ့ မခဲ့တဲ့ လုပ်ရပ်) အပေါ် တရုတ်အစိုးရက စက်တင်ဘာ (၁ဝ) ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဌာန၊ မစ္စစ် ကျန်းယုက တရုတ်အစိုးရက သတင်းမပေးခဲ့ရပါကြောင်း၊ မြန်မာ့ပြည်တွင်းရေးကိစ္စကို ဘယ်တော့မှ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့တာကိုကြည့်ရင် နအဖနဲ့ တရုတ်အကြား ဆက်ဆံရေးထိခိုက်စေတဲ့၊ နအဖအတွက် မျက်နှာပျက်စေတဲ့ ဖြစ်ရပ်တွေ ပေါ်ခဲ့တာတော့ ထင်ရှားပါတယ်။ ကိုးကန့်အရေးအခင်း တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတချို့ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တာ၊ တရုတ်ပြည်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ၊ စစ်ပြေးဒုက္ခသည် (၃၇,ဝဝဝ) ကျော် တရုတ်ပြည်ထဲ ထွက်ပြေးခိုလှုံလာတာ၊ ကိုးကန့်နယ်မြေထဲ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတို့ရဲ့ ဥစ္စာဓန ပျောက်ပျက်ခဲ့ရတာတွေဟာ တရုတ်အစိုးရက သူ့အကျိုးစီးပွားအတွက် လိုအပ်တဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေတာ မဟုတ်ပါလား။

ကိုးကန့်နယ်မြေရဲ့တဘက်ကမ်း ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အစိုးရကလည်း တရုတ်နိုင်ငံသားတွေရဲ့ စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးမှုအတွက် ဒေါ်လာသန်း (၄ဝ) ကျော် လျော်ကြေးပေးရန် တောင်းခံထားသလို အဆိုပါကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိ သူတွေကို ဖော်ထုတ်အရေးယူဆောင်ရွက်ပေးရန်၊  အရေးယူဆောင်ရွက်မှု အခြေအနေအား တရုတ်အစိုးရထံ ပြန်လည် တင်ပြပေးရန် တရုတ်နိုင်ငံခြားရေးဌာနက တောင်းခံထားတာကိုကြည့်ရင် ကိုးကန့်အရေးအခင်းမှာ မြန်မာအစိုးရ ကိုင်တွယ်ခဲ့တဲ့ လုပ်ရပ်အပေါ် အမြင်မကောင်းတာတော့ သေချာပါတယ်။

တကယ်တော့ တရုတ်နဲ့ မြန်မာအစိုးရအကြား အနှစ် (၆ဝ) ကြာ သံတမန်ဆက်သွယ်ရေး လမ်းကြောင်းပေါ်မှာ အဖုအထစ်၊ အချိုးအကွေ့တွေ ရှိခဲ့ပေမယ့် ယခုကိုးကန့်အရေးအခင်းကြောင့် ဆက်ဆံရေး အချိုးအကွေ့ အပြောင်းအလဲ မဖြစ်သွားနိုင်တာတော့ သေချာတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ တောင်အာရှနိုင်ငံတွေအကြား ကုန်သွယ်ရေး လမ်းကြောင်းအရလည်းကောင်း၊ တရုတ်ရဲ့အနောက်ဘက် ပင်လယ်ထွက်ပေါက် လမ်းကြောင်းအနေနဲ့လည်းကောင်း၊ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးတကြီး လိုအပ်နေတဲ့ လောင်စာသယ်ယူရာ ဂက်စ်ပိုက်လိုင်း ဖြတ်သွယ်ဖို့ လမ်းကြောင်းအရလည်းကောင်း မဟာဗျူဟာအရ အရေးပါတဲ့ နေရာမဟုတ်လား။

နအဖက ဗွေဆော်ဦး တိုက်ကွက်ဖော်ရာ အင်အားသေးငယ်တဲ့ ကိုးကန့်အဖွဲ့လေးကိုတောင် အရှုံးဆုံးကြီးမားစွာ ပေးဆပ်လိုက်ရတာမို့ အခုလို တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးထိခိုက်စေနိုင်တဲ့ နယ်စပ်တိုက်ပွဲတွေ နောက်တကြိမ် ထဖြစ်လာဖို့ဆိုတာ နအဖအတွက် ကြီးမားတဲ့ အရင်းအနှီးတခုကိုင်ပြီး လောင်းကစားလုပ်ရသလို ဖြစ်နေမလားဘဲ။

တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ထပ်ဖြစ်လာဦးမလား - အပိုင်း (၁)
 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook