အာဏာသိမ်းအုပ်ချုပ်သက် (၂၁) နှစ်ကျော်လာပြီဖြစ်တဲ့ န၀တ/နအဖ စစ်အုပ်စုရဲ့ မကောင်းဆိုးဝါး သက္ကရာဇ်ဖလင်တွေကို နောက်ကြောင်းပြန်ရစ်ကြည့်တဲ့အခါမှာ အခု နအဖစစ်အုပ်စုပြောနေတဲ့ လမ်းပြမြေပုံ (Road Map) မဟုတ်ဘဲ ထူးခြားတဲ့ နောက်ထပ်လမ်းပြမြေပုံတခု ဆက်စပ်ပုံပေါ်လာတာကို တွေ့ရပါတယ်။ အဲဒီလမ်းပြမြေပုံဟာ နအဖရဲ့ လမ်းပြမြေပုံလို ပေါ်ပေါ်ထင်ထင် ခေါင်းပြူနေတာမဟုတ်ဘဲ စစ်အုပ်စုရဲ့နောက်ကွယ်မှာ တစ္ဆေသရဲ (Ghost) တကောင်လို တရိပ်ရိပ် ကပ်ပါလာခဲ့တာဖြစ်ပါတယ်။
အဲဒီဂို့စ်လမ်းပြမြေပုံရဲ့ ထူးခြားချက်က နအဖလို အုပ်စုတစုက စုပေါင်းအကောင်အထည်ဖော်နေခြင်းမျိုးမဟုတ်ဘဲ လူတဦးတယောက်တည်းက တိတ်တဆိတ်ကျိတ်ကြံပြီး ဉာဏ်နီဉာဏ်နက်ထုတ် လုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ အဲဒီဂို့စ်လမ်းပြမြေပုံအတိုင်း စိတ်ကူးယဉ်လျှောက်လှမ်းနေခဲ့သူကတော့ န၀တ/နအဖစစ်အုပ်စု ဖိနှိပ်အုပ်ချုပ်ခဲ့ချိန်တလျှောက် နှစ်အတော်ကြာ ကုပ်ချောင်းချောင်းနေခဲ့ပြီး နောက်ဆုံးမှာ အာဏာကို ကောင်းကောင်းချုပ်ကိုင်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့၊ အိုမင်းရွတ်တွပြီး (သိရီလင်္ကာအရောက် လေယာဉ်ပေါ်က တုန်ချိတုန်ချိ ဆင်းလာတာကို တွေ့လိုက်ရလို့ပါ) အခုအချိန်အထိ အာဏာကို ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ ဗိုလ်သန်းရွှေပဲဖြစ်ပါတယ်။
တကယ်တော့ နအဖစစ်အုပ်စုက အကောင်အထည်ဖော်မယ်လို့ ကြွေးကြော်နေတဲ့ လမ်းပြမြေပုံ (၇) ချက်ဆိုတာ ဗိုလ်သန်းရွှေရဲ့ ကိုယ်ပိုင်လမ်းပြမြေပုံ (၇) ချက်ထဲက အချက်တချက်သာဖြစ်တာကို အခုအခါမှာ ထင်ထင်ရှားရှား တွေ့လာရပြီဖြစ်ပါတယ်။ ဗိုလ်သန်းရွှေဟာ သူတဦးတည်းရဲ့ ကိုယ်ပိုင်လမ်းပြမြေပုံ (ဂို့စ်လမ်းပြမြေပုံ) အောင်အောင်မြင်မြင် အကောင်အထည်ပေါ်လာဖို့အတွက် ကုပ်ချောင်းချောင်း အမူအကျင့်နဲ့ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူ့ကို တခြားအာဏာသိမ်းစစ်အုပ်စုဝင် ဗိုလ်ချုပ်တွေက မခုတ်တတ်တဲ့ ကြောင်တကောင် (ငတုံးငအတယောက်) လို အမြင်ရောက်စေမယ့်ပုံစံမျိုးနဲ့ ကျင့်ကြံနေထိုင်ရင်း သူ့ရဲ့ဂို့စ်လမ်းပြမြေပုံ ခရီးပေါက်အောင် ပါးပါးနပ်နပ် အားထုတ်နေခဲ့တာလို့ ပြောရင်လည်း မှားမယ်မဟုတ်ပါဘူး။
ဗိုလ်သန်းရွှေတယောက် အဲသလို ကျင့်ကြံအားထုတ်ခဲ့ရာမှာ ဂို့စ်လမ်းပြမြေပုံ ခရီးအတော်ပေါက်အောင် သူအသုံးချခဲ့တဲ့ သူတယောက်ရှိပါတယ်။ အဲဒီသူကတော့ အများသိကြပြီးဖြစ်တဲ့ နေရာတကာ ကိုပါရာလုပ်ခဲ့သူ ဗိုလ်ခင်ညွန့်ပဲဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်အနေနဲ့ တမိုးလုံးဖျောက်ဆိတ်လုပ်ခွင့်ရခဲ့တဲ့ အချိန်တုန်းက ကွေးနေအောင် နန်းစတော့ပ် ကနေခဲ့ရလို့ အသုံးချခံဖြစ်ခဲ့မှန်း သတိထားမိချင်မှ ထားမိမှာဖြစ်ပေမယ့် အခုလို ဆိုင်းငံ့ထောင်နန်းစံဘ၀မှာတော့ ဗိုလ်သန်းရွှေ အသုံးချတာကို ခံလိုက်ရမှန်း ရိပ်မိသိရှိပြီး သတိသံဝေဂတွေ အတော်ရနေလောက်ပြီလို့ထင်မိပါတယ် (တက်ကြွခဲ့တဲ့ ကြက်ဖဘ၀ကို ပြန်တွေးမိတိုင်း စိတ်အနာကြီးနာ၊ အရှက်ကြီးရှက်ပြီး နံရံကို လက်သီးနဲ့ တနေ့ အချက်တရာလောက် ထိုးနေလေရော့သလားတော့ မပြောတတ်)။
ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်သန်းရွှေကတော့ ကျေးဇူးရှင် ဗိုလ်ခင်ညွန့်ရဲ့ကောင်းမှုနဲ့ သူ့ရဲ့ကိုယ်ပိုင်လမ်းပြမြေပုံ (၇) ချက် ခရီးအတော်ပေါက်ခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်သန်းရွှေဟာ သူ့ရဲ့ ကိုယ်ပိုင်လမ်းပြမြေပုံ (၇) ချက်ထဲက …
အဆင့် (၁) - န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချကာ ဥက္ကဋ္ဌနေရာကို တက်ယူခြင်း။
အဆင့် (၂) - ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် မြင့်အောင်တို့လို စီနီယာတိုင်းမှူးအုပ်စုနဲ့ ဗိုလ်ချုပ် တင်ဦး၊ ဗိုလ်ချုပ် သီဟသူရစစ်မောင်၊ ဗိုလ်ချုပ် ၀င်းမြင့်တို့လို့ ဂျူနီယာသမားများကို ဖြုတ်ထုတ်သတ်ခြင်း။
အဆင့် (၃) - တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခြင်း။
အဆင့် (၄) - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံအင်အားစုများကို အမှည့်ခြွေခြွေခြင်း … ဆိုတဲ့ အဆင့်တွေကို အကောင်အထည်ဖော်ရာမှာ ဗိုလ်ခင်ညွန့်ကို ရှေ့တန်းတင်ပွဲထုတ်ပြီး နောက်ကွယ်ကနေ ကုပ်ချောင်းချောင်း အမူအကျင့်နဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ တနည်းအားဖြင့် ဗိုလ်ခင်ညွန့်ကို စိတ်ရှိလက်ရှိ ကွေးနေအောင် ကခွင့်ပေးထားပြီး မာန်တက်ပြီး မြောက်ကြွကြွဖြစ်နေတဲ့ အချိန်ကျမှ ကိုယ်ပိုင်လမ်းပြမြေပုံ အဆင့်တဆင့်အနေနဲ့ သူသတ်မှတ်ထားတဲ့ …
အဆင့် (၅) - ဗိုလ်ချုပ်ခင်ညွန့်ကို ကန်ထုတ်ခြင်း … ဆိုတဲ့အဆင့်မှာ ခြင်းလုံးတော့သလို တကယ့်ကို အသာအယာလေး ကန်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
ဗိုလ်ခင်ညွန့်ကို ကန့်လန့်ကာနောက်ကွယ် ပို့ပြီးတဲ့အခါမှာတော့ သူ့အတွက် ရန်စွယ်အတော်များများ ရှင်းလင်းသွားပြီမို့ ဗိုလ်သန်းရွှေဟာ သူ့ရဲ့အန္တိမရည်မှန်းချက်ဖြစ်တဲ့ ဘုရင်ရူးရောဂါကို ပြေပျောက်စေမယ့် …
အဆင့် (၆) - နေပြည်တော်စီမံကိန်းနှင့် (ဗိုလ်ခင်ညွန့်ကို မသိမသာ အစပျိုးခိုင်းခဲ့တဲ့) နအဖရဲ့ လမ်းပြမြေပုံကို အကောင်အထည်ဖော်ခြင်း … ဆိုတာတွေကို ဆက်လက်လုံးပန်းပါတော့တယ်။ အခုအခါမှာ နေပြည်တော်စီမံကိန်းကလည်း အတော်အတန် ခရီးပေါက်နေပြီမို့ ၂၀၁၀ မှာ အတုအယောင် ရွေးကောက်ပွဲကြီးကျင်းပပြီး သူ့ကိုယ်ပိုင်လမ်းပြမြေပုံရဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ …
အဆင့် (၇) - အခြေခံဥပဒေနည်းကျ စစ်အာဏာရှင်ဘုရင်စနစ်ဖြင့် တိုင်းပြည်ကို ထာဝရ စစ်ကျွန်ပြုအုပ်ချုပ်ခြင်း … ဆီကို ချီတက်ဖို့ စိုင်းပြင်းလုပ်ဆောင်နေပြီဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်အောင်လည်း ညောင်နှစ်ပင်ဖွဲ့စည်းပုံဆိုတဲ့ အခြေခံဥပေဒတော်ကြီးကို အတိုက်အခံများ တုပ်တုပ်မျှမလှုပ်နိုင်အောင် သူ့စိတ်ကြိုက် ရေးဆွဲစေခဲ့ပါတယ်။
ဘုရင်ရူး ဗိုလ်သန်းရွှေ စိတ်ကူးယဉ်နေတဲ့ ဂို့စ်လမ်းပြမြေပုံကြီး ဖြစ်မြောက်အောင်မြင်သွားလို့ အတိုက်အခံတွေ အနားတောင် မသီနိုင်ဘူးပဲ ထားပါတော့ …။ အနို့ … အခြားအခြားသော စစ်တပ်က မောင်မင်းကြီးသား ကိုယ်တော်ချောများရော ဗိုလ်သန်းရွှေရဲ့ ရာဇပလ္လင်မှာ ဆက်ခံနိုင်မယ့် အခွင့်အရေးများ ရှိရဲ့လားဆိုတာကို အခုတလော မြင်တွေ့ကြားသိနေရတဲ့ သတင်းပလင်းတွေကြောင့် စိတ်ဝင်တစားဖြစ်နေမိပါတယ်။
သိရီလင်္ကာခရီးစဉ်မှာ ပြည်သူ့ချဉ်ဖတ်ဖြစ်နေတဲ့ မြေးတော် နေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကို အတော်ပွဲထုတ်တာ တွေ့ရတဲ့အပြင် ပြည်တွင်းမှာလည်း မြေးတော်လေးရဲ့ အနိုင်ကျင့်ဗိုလ်ကျတဲ့ သတင်းတွေကို မကြာမကြာ ဖတ်နေရလေတော့ ဗိုလ်သန်းရွှေ စိတ်ကူးယဉ်နေတဲ့ “အဆင့် (၇) - အခြေခံဥပဒေနည်းကျ စစ်အာဏာရှင်ဘုရင်စနစ်ဖြင့် တိုင်းပြည်ကို ထာဝရ စစ်ကျွန်ပြုအုပ်ချုပ်ခြင်း” … ဆိုတာ ကျန်တဲ့ စစ်ဗိုလ်တွေအတွက် မဟုတ်ဘဲ သူ ပစားပေးထားတဲ့ မြေးတော် နေရွှေသွေးအောင်လေးနဲ့ ဆွေစဉ်မျိုးဆက် ထီးနန်းဆက်ခံဖို့ပဲ ရည်ရွယ်တာလားဆိုတာကို သံသယ၀င်လာမိပါတယ်။
ကုပ်ချောင်းချောင်း စိတ္တဇဝေဒနာသည် အဘိုးလက်ထက်မှာတောင် စီနီယာဗိုလ်ချုပ်တွေ၊ ဂျူနီယာဗိုလ်ချုပ်တွေကို ဖြုတ်ထုတ်သတ်ခဲ့တာမို့ အဘိုးထက် နှစ်ဆသာမယ့် အရူံးဘုံမြှောက်လေး လက်ထက်ကျရင်တော့ မဖွယ်မရာတွေ ကောက်စားပြီး (ပြည်သူတွေ၊ အတိုက်အခံတွေ မဆိုထားနဲ့) ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ရွှေမန်း၊ ဗိုလ်ချုပ်တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်သိန်းစိန် …….စသူ စသူတို့ရဲ့ အမျိုးအဆွေကိုပါ ဖြုတ်ထုတ်သတ်တာတွေ မလုပ်လာဘူးလို့ ဘယ်သူအာမခံနိုင်မလဲနော်။ အဲသလို တွေးပူနေမိတဲ့အတွက်ကြောင့် နိုင်ငံနဲ့ပြည်သူကို ချစ်စိတ်ရှိတဲ့ ဗိုလ်ချုပ်တွေများ ရှိနေသေးတယ်ဆိုရင်ဖြင့် ဗိုလ်ချုပ်များရဲ့ နောင်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ အနာဂတ်အတွက် ဘုရင်ရူးရောဂါ အရှိန်တက်နေတဲ့ ဗိုလ်သန်းရွှေနဲ့ ဆွေတော်မျိုးတော်အားလုံးကို (ဒီအတိုင်းလွှတ်မထားဘဲ) အမြန်လက်ဦးမှုယူပါ။ ပြီးရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပြီး တိုင်းပြည်ကို ကယ်တင်ပါလို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ်။ |