ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ဘာဆက်လုပ်မှာပါလဲ

ကျော်ဗလ

၁၅ ဇူလိုင် ၂၀၀၉
line
 

ဇူလိုင်လ (၄) ရက်နေ့က မြန်မာပြည်မှပြန်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကြီးမှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်က “နအဖအစိုးရအပေါ် အတော်စိတ်ပျက်မိကြောင်း” ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီသတင်းကိုကြားရ တော့ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အပေါ် မျှော်လင့်ချက်ထားနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ကုလသမဂ္ဂအဖွဲ့ကြီး အပေါ် အတော်စိတ်ပျက်သွားခဲ့ကြပါပြီ။ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေအနေဖြင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုတွေအပေါ် စိတ်ကုန်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ အီရတ်အာဏာရှင် ဆဒမ်ဟူစိန်ကို အင်အားသုံးဖြုတ်ချ စီရင်ပြီး ဒီမိုကရေစီစနစ် ထူထောင်ပေးခဲ့တဲ့ သမ္မတဘုရှ်လည်း မြန်မာပြည်အတွက်တော့ ထိထိရောက်ရောက် ဘာမှမလုပ်ပေး နိုင်ခဲ့ပါဘူး။ အီးယူအဖွဲ့ကြီးကလည်း သိပ်ပြီးမထိရောက်လှတဲ့ အကန့်အသတ်နှင့် စီးပွားရေးပိတ်ဆို့မှုတချို့လုပ်တာက လွဲပြီး ဘာမှသိပ်မတတ်နိုင်ခဲ့ပါဘူး။

အာရှတိုက်က မြန်မာ့အိမ်နီးချင်းတွေက ပိုဆိုးကြပါတယ်။ ၁၉၉၀ ပြည့်နှစ်ရလဒ်ကို ပထမဆုံး ကြိုဆိုဂုဏ်ပြုခဲ့တဲ့ တရုတ်ပြည်ဟာ နောက်ပိုင်း လုံခြုံရေးကောင်စီမှာ မြန်မာအစိုးရကို ဗီတိုအာဏာသုံး ကာကွယ်နေတဲ့ တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။ တရုတ်ကို အားကျခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကလည်း စီးပွားရေးအမြတ်ထုတ်ချင်စိတ်နှင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲ ဖိတ်ခေါ်သွတ်သွင်းခဲ့ကြတယ်။ ပိုဆိုးတာက မြန်မာ့ဒီမိုကရေစီရေးကို တလျှောက်လုံး အားပေးခဲ့တဲ့  အိန္ဒိယနိုင်ငံကြီးတောင်မှ အခုအခါ နအဖနှင့်ဖက်လဲတကင်း ရင်းနှီးချစ်ကြည်နေကြပါပြီ။ နောက်ဆုံးအားကိုးစရာအဖြစ် ကုလသမဂ္ဂကြီးကို မျှော်ကြည့်မိပြန်တော့လည်း အတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းကိုယ်တိုင်က စိတ်ပျက်စရာဖြစ်နေပါပြီ ဆိုမှတော့ မြန်မာပြည်သူတွေအတွက်မှာ စိတ်ကုန်စရာချည်းပါပဲ။

ဒီသတင်းစာရှင်းလင်းပွဲမှာပဲ မစ္စတာ ဘန်ကီမွန်းက “မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအရ ပွင့်လင်းမှုကိုပြသရန် အခွင့်အလမ်းတွေ လက်လွတ်ဆုံးရှုံးခဲ့ရပြီ” လို့ စိတ်မကောင်းစွာ မှတ်ချက်ချသွားခဲ့ရှာပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ မှတ်ချက်ကို နအဖ ဗိုလ်ချုပ်တသိုက် က ဟားတိုက်ရီနေကြပါလိမ့်မည်။ တကယ်က သူတို့မှာ နိုင်ငံရေးအရ ရိုးသားပွင့်လင်း ကြောင်း ဖော်ပြလိုတဲ့ သဘောထား တရွေးသားတောင် မရှိခဲ့ကြဘူး။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် နိုင်ငံတကာကို ဘယ်လို တပတ်ရိုက်ရမည်၊ ဘယ်လိုကလိမ် ကညစ်နည်းတွေကို သုံးရမည်ဆိုတာကိုသာ နေ့စဉ်နှင့်အမျှ စဉ်းစားနေကြသူတွေပါ။ ဒါကြောင့် ရိုးသားမှုလည်းမရှိ၊ အရှက်အကြောက်တရားလည်း မရှိတဲ့ နအဖအဖွဲ့မှာ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး။ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အတွင်းရေးမှူးချုပ်ကြီးတို့သာ ဂုဏ်သိက္ခာဆုံးရှုံးကျဆင်း၊ ယုံကြည်မှုကင်းမဲ့ခြင်း ခံခဲ့ကြရတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကြီး ဂုဏ်သိက္ခာကျဆင်း၊ ယုံကြည်မှုကင်းခံရတာ ဒီတကြိမ်သာမဟုတ်ပါဘူး။ အကြိမ်ကြိမ်အခါခါလို ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့နှစ်ပိုင်းက အတွင်းရေးမှူးချုပ်ကိုယ်စားလှယ်အဖြစ် မစ္စတာ ဂမ်ဘာရီ ပဉ္စမအကြိမ် မြောက် ရောက်လာခဲ့တုန်းကလည်း ဗိုလ်သန်းရွှေနှင့်တောင် တွေ့ခွင့်မရခဲ့ရှာပါဘူး။ ပိုဆိုးတာက ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းဆိုတဲ့ လူမလေး ခွေးမခန့် ပုဂ္ဂိုလ်မျိုးက သံတမန်ဆက်ဆံရေးဆိုတာကို နားမလည် ပါးမလည်နှင့် မစ္စတာ ဂမ်ဘာရီကို သူငယ်နှပ်စားတယောက်လို ပုတ်ခတ်စော်ကား အထက်စီးက ပညာပေးသွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အခုတခါတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီးကိုယ်တိုင် သာသာနှင့်နာနာထိအောင် ပညာပြခံလိုက်ရပြီလို့ ဆိုရပါလိမ့်မည်။ ဘန်ကီမွန်းရဲ့ ဒီတခေါက်ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့ (၃) ကြိမ်တိတိ နအဖကို မေတ္တာရပ်ခံ တင်ပြခဲ့ပါတယ်။ ကိုယ်စားလှယ်တော်ကြီး ဂမ်ဘာရီက ဦးဉာဏ်ဝင်းမှတဆင့် အတွင်းရေးမှူးချုပ်ကြီးရဲ့ ဆန္ဒကို တကြိမ်တင်ပြခဲ့ ပါတယ်။ မစ္စတာ ဘန်ကီမွန်းကိုယ်တိုင်လည်း ဗိုလ်သန်းရွှေဆီမှာ တိုက်ရိုက် (၂) ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ သံတမန်ထုံးတမ်းအစဉ်အလာမှန်သမျှ ဘာမှဂရုစိုက်ထောက်ထားလေ့ မရှိတဲ့ ဗိုလ်သန်းရွှေက တော့ ဆောရီးပါပဲ။ မြန်မာပြည်ကို ကိုယ်တိုင် (၂) ခေါက်တိတိ ရောက်ခဲ့တာတောင် ကမ္ဘာကျော် အကျဉ်းစံ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရရှာတဲ့ ဘန်ကီမွန်းခမျာ ကုလသမဂ္ဂကို ဘယ်လိုမျက်နှာပြန်ပြရမည်၊ လုံခြုံရေးကောင်စီကို ဘယ်လိုအစီရင်ခံရမလဲဆိုတာတောင် မတွေးရဲအောင်ပါဘဲ။

အတွင်းရေးမှူးချုပ်နှင့် ဗိုလ်သန်းရွှေတို့ ဆွေးနွေးကြရာမှာ မစ္စတာ ဘန်ကီမွန်းက လာမည့်နှစ် ရွေးကောက်ပွဲဟာ အရေးကြီးပြီး၊ ဒီမိုကရေစီ နည်းကျကာ တရားမျှတ ပွင့်လင်းမှုရှိရန် လိုအပ်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် ရွေးကောက်ပွဲအတွက် အကူအညီပေးလိုကြောင်း တင်ပြတယ်လို့ သိရပါတယ်။ ဗိုလ်သန်းရွှေကလည်း ရွေးကောက်ပွဲကို တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ ကတိပြုတယ်လို့ ဆိုပါတယ်။ သံတမန်စကားအရ နှုတ်ကတိပေးထားတာပါ။ ဘာမှ အာမခံချက်မရှိပါဘူး။ လက်တွေ့ကတော့ မစ္စတာ ဘန်ကီမွန်းရဲ့ ကုလသမဂ္ဂမှ ကူညီပါရစေဆိုတဲ့ အဆိုပြုချက်ကိုတောင် ၀န်ကြီးဗိုလ်ကျော်ဆန်း ကတဆင့် ငြင်းဆန်ပယ်ချထားပြီးသားပါ။ ဒီနေ့အထိ အန်အယ်လ်ဒီပါတီအဖွဲ့အစည်းအဆင့်ဆင့်ကို ဆက်သွယ်စည်းရုံး လှုပ်ရှားခွင့်တွေ ဘာမျှမပေးသေးပါဘူး။

ဒါပေမယ့် ကြံ့ဖွံ့ဗဟိုကော်မတီဝင် ၀န်ကြီး၊ ၀န်ကလေးတွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး လာဘ်ထိုး လာဘ်ပေး စည်းရုံးရေး တွေ ဆင်းနေကြပါပြီ။ ဒါ့အပြင် တစညလို အလိုတော်ရိပါတီတွေသာမက နအဖစီးပွားရေး လုပ်ငန်းရှင်ကြီးတွေပါ အမတ်လုပ်ဖို့၊ ငွေထုပ်ပိုက်ပြီး မဲလိုက်ဝယ်နေကြပါတယ်။ ဒီလို အန်အယ်လ်ဒီအပါအ၀င် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေအပေါ် ဓားမိုးချိုးနှိမ်ထားပြီး နအဖနောက်လိုက် အလိုတော်ရိတွေကြားမှာ ရွှေမိုး၊ ငွေမိုးတွေ ရွာထားပေးမှတော့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ရဲ့အဖြေဟာ ဘာဖြစ်မယ်ဆိုတာ လူတိုင်းသိနေကြပါပြီ။

အမှန်တော့ မစ္စတာ ဘန်ကီမွန်းအနေဖြင့် ဗိုလ်သန်းရွှေကို ဆွေးနွေးတင်ပြရမှာ “၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ” ပြဿနာ မဟုတ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်နီးပါးမျှ တင်ပြတိုက်တွန်းလာခဲ့တဲ့ ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ပါ။ အဓိကအားဖြင့် ၁၉၉၀ ပြည့်နှစ်ရလဒ် အသိအမှတ်ပြုရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးအဖြေရှာဖို့ပါ။ ဒါပေမယ့် ဆွေးနွေးပွဲမှာ ဘန်ကီမွန်းကိုယ်တိုင် “၉၀ ပြည့်နှစ်ရလဒ်” အကြောင်းကို တခွန်းမျှ မဟခဲ့ပါဘူး။ တကယ်တော့ ဘန်ကီမွန်းဆိုတာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပါ။ ကိုရီးယားက စီးပွားရေးလုပ်ငန်းရှင်တယောက် မဟုတ်ပါဘူး။ ဘာမှ နအဖအကြိုက် လိုက်လျောပြောဆိုစရာမလိုပါဘူး။ အလုပ်ဖြစ်ရာ ဖြစ်ကြောင်းအတွက် မူမဲ့စွာ၊ တာဝန်မဲ့စွာ၊ အချိုသတ် ပြနေစရာလည်း မလိုပါဘူး။

အတွင်းရေးမှူးတယောက်အနေဖြင့် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အာမခံ အကောင်အထည် ဖော်ဖို့သာ တာဝန်ရှိပါတယ်။ ဒါကြောင့် ၉၀ ပြည့်နှစ်ရလဒ်တွေကို ကျော်လွှားချန်လှစ်ပစ်လို့ မဖြစ်ပါဘူး။ Roadmap တို့၊ ၂၀၁၀ ရွေးကောက်ပွဲတို့ ဆိုတာတွေဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်လမ်းညွှန်ချက်တွေထဲမှာ ပါတာမဟုတ်လို့ ထည့်သွင်း အမွှန်းတင်ပြစရာ မလိုပါဘူး။

ဒီနှစ်ဦးပိုင်းကာလ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီးရဲ့ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ကိုရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီ စီအီးစီအဖွဲ့နှင့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အန်အယ်လ်ဒီ စီအီးစီက၊ ၉၀ ပြည့်နှစ်ရလဒ်ကို အသိအမှတ်ပြု အကောင်အထည်ဖော်ပေးရေး၊ နအဖရဲ့ ဖွဲ့စည်းပုံဥပဒေကို ပြန်လည်သုံးသပ် ညှိနှိုင်းခွင့်ပြုရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ကြီးကြပ်ခွင့်ပြုရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသမားများအားလုံးကို လွှတ်ပေးရေး စတဲ့ အချက် (၄) ချက်ကို တောင်းဆိုတင်ပြဖို့ ဂမ်ဘာရီကို ဆွေးနွေးခဲ့ကြပါတယ်။

မစ္စတာ ဂမ်ဘာရီက အဆိုပါတောင်းဆိုချက် (၄) ချက်ထဲက အရေးကြီးဆုံးနှင့် အလိုချင်ဆုံးတခုကိုသာ ပြောပါဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး တချက်တည်းကိုသာ တောင်းဆိုပေးဖို့ သဘောတူခဲ့ကြပါတယ်။ အန်အယ်လ်ဒီ စီအီးစီရဲ့ အဆိုပါတခုတည်းသော တောင်းဆိုချက်ကိုတောင် နအဖ လက်မခံ ပယ်ချခဲ့ပါတယ်။ ဒါ့ထက်ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်သည့်အပြင် ယက်တောအမှုဆင်ပြီး တရားခွင်တင် စစ်ဆေးစီရင်နေတာပါပဲ။ နအဖရဲ့ မိုက်ရိုင်းရမ်းကားပုံကတော့  ကမ်းကုန်နေပါပြီ။

အခုနောက်ဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တင်ပြတာကို ပယ်ချလိုက်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရဖို့ (၃) ကြိမ်တိတိ မေတ္တာရပ်ခံတာကိုတောင် ရိုင်းပြမိုက်ကမ်းစွာ ငြင်းဆန်လိုက်ပါပြီ။

ဒီတော့လည်း မစ္စတာ ဂမ်ဘာရီကို မေးစရာမေးခွန်းတခုသာ ကျန်ပါတော့တယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ဘာဆက်လုပ်မှာပါလဲ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook