English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


 
 

ဗမာ့ခေတ်၊ ကြေးမုံမှ ခေတ်ပြိုင်သို့......
မင်းဆွေသစ်
line

 

နာမည်ရင်းက (ဦး) တင်မောင်ဖြစ်သည်။ ဇာတိက ညောင်ဦး။ မိဘများက ကုန်သည်ကြီးများ ဖြစ်သည်။ ဤအတွက် (ဦး) တင်မောင်သည် ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသည်ဟု ဆိုရမည်။ သို့သော် ....(ဥင်္ီး) တင်မောင်၏ ဘ၀တလျှောက်လုံးကား ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာ ဆရာ၊ အယ်ဒီတာ၊ အယ်ဒီတာချုပ်။ စာပေ၊ အနုပညာနှင့် သတင်းစာနယ်ဇင်း နယ်ပယ်အတွင်း တဘ၀လုံး ရင်းခဲ့သူ...။

(က)

ဖုန်းစွမ်းနှင့်လူစ
၁၉၃၉ ခုနှစ် ဇွန်လ။

နတ်သမီးကမ်းပါးသည် စောင့်နက်၏။ ကမ်းပါးထက် မန်းကျည်ပင်ကြီးများက အရိပ်ရစေ၏။
ဧရာဝတီမြစ်အတွင်းမှ တိုက်ခတ်လာသည့် လေကြောင့် မန်ကျည်းရွက်တို့သည် လေတွင် ဖျတ်ဖျတ်လူး၍ နေကြသည်။ မန်ကျည်းပင်ရိပ်၌ ညောင်ဦး အထက်တန်းကျောင်းမှ အလယ် တန်းကျောင်းသားနှစ်ဦးတို့သည် မြစ်ပြင်အား မျက်နှာမူ၍ ထိုင်နေကြသည်။

နံနက် ကျောင်းတက်ချိန်၌ သူတို့ကျောင်းသားကြီးများအား ကျောင်းအုပ်ကြီးက ရုံးခန်းအတွင်း ခေါ်ယူ၍ ညောင်ဦး အထက်တန်းကျောင်း၏ ပထမဆုံး လက်ရေးမဂ္ဂဇင်း ထုတ်မည့်အကြောင်း ပြော၏။ ကျောင်းသားများအား (၁၅) ရက်အတွင်း စာမူများ ရေးပေးကြရန်လည်း တောင်း၏။
ဤအတွက် သူတို့နှစ်ဦး နေ့လည်ကျောင်းလွှတ်ချိန်တွင် နတ်သမီးကမ်းပါးရှိ မန်ကျည်းပင် အောက်၌ထိုင်ရင်း စာရေးရန် ကိစ္စတိုင်ပင်နေကြ၏။

“ငါတို့ ဘာစာရေးကြမလဲ...”
“ရာသီဖွဲ့ကို ရေးရတာ အလွတ်လပ်ဆုံးပဲ။ ရာသီအလှကို ဖွဲ့မယ်ကွာ”။
“ရာသီမသိ ပန်းနဲ့ ညှိတဲ့... ပန်းတွေရဲ့ အလှကို ဖွဲ့နိုင်တယ်ကွ”
“ဟ...ငါက ပန်းဆိုလို့ နှင်းဆီပန်းလောက်ပဲသိတာ၊ ဘယ်လိုလုပ်လို့ ပန်းရဲ့အလှကို ဖွဲ့နိုင်မလဲကွ”
“ဒါဖြင့် မင်းရေးချင်တာရေး ငါကတော့ ရာသီဖွဲ့ပဲ ရေးမယ်ကွာ။ မိုးရာသီအကြောင်း ရေးမယ်”
“ဒါလည်း မင်းက စိတ်ကူးယဉ်တာပဲကွ။ တို့နေတဲ့ မိုးခေါင်ရေရှားဒေသမှာ ဒီလောက်ခြောက်သွေ့ တဲ့ သဲကန္တာရတပိုင်း အရပ်မှာနေပြီး မိုးရာသီဖွဲ့ကို စိတ်ကူးယဉ်လို့ မဖြစ်ဘူး။ ငါ့အမြင်က တို့တတွေ ဟာ မိုးကိုမျှော်နေလို့ မဖြစ်ဘူး။ ပိုက်နဲ့သွယ်တဲ့ ရေဖြစ်ဖြစ်၊ ရတဲ့နည်းနဲ့ ရေကိုရှာဖွေပြီး သီးနှံတွေ ဖွံ့ဖြိုးရေးကို လုပ်ရမယ်ကွ”

နေ့လည် ကျောင်းတက်ခေါင်းလောင်းသံကြား၍ သူတို့နှစ်ယောက် မန်ကျည်းပင်အောက်မှ ထွက်ခဲ့ကြ၏။

ကျောင်းမဂ္ဂဇင်းထွက်သည့်အချိန်၌ သူတို့နှစ်ယောက်စလုံး၏ စာများ ပါလာကြ၏။ တယောက်၏ စာက “ခါဝဿန်” ဟူသည့် မိုးဥတုဖွဲ့။

တယောက်၏ စာက “ကျောင်းပြုပြင်ရေး” ဆောင်းပါး။ ကျောင်းပြုပြင်ရေး ဆောင်းပါးရေးသူက (ဆရာကြီး) ဦးသောင်းဖြစ်လာမည့်သူ...။

(ခ)

သတင်းထောက် စာမေးပွဲ
၁၉၄၇ခုနှစ်...။

“သတင်းထောက်အလိုရှိသည်”


ဗမာ့ခေတ် သတင်းစာတိုက်အတွက် သတင်းထောက် အလိုရှိသည်။ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာ တတ်မြောက်ရမည်။ အထူးသဖြင့် မြန်မာစာကို ကောင်းစွာ ရေးတတ်ရမည်။ လစာအား ၁၅၀ိ/မှ ၂၀၀ိ/ အထိ အရည်အချင်းအလိုက် ပေးမည်။ ဗမာ့ခေတ်သို့ လူကိုယ်တိုင် လာရောက်လျှောက် ထားပါ။

၁၉၄၇ ခုနှစ် ဇန်န၀ါရီလ (၁၁) ရက်နေ့ထုတ် ဗမာ့ခေတ်သတင်းစာမှ ကြော်ငြာအား သူတွေ့၏။ ထိုစဉ်က သူသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေရန် ရန်ကုန်သို့ရောက်နေ၏။ ကြော်ငြာပါသည့် နေ့တွင်ပင် သူ လျှောက်လွှာတင်လိုက်၏။ လူကိုယ်တိုင် သွားရောက်၍ တင်ခြင်းတော့မဟုတ်။ စာတိုက်မှ ပေးပို့၍ တင်လိုက်ခြင်းဖြစ်သည်။

မကြာ...။ ဗမာ့ခေတ်မှ သူ့ထံ အကြောင်းပြန်၏။ စစ်ဆေးမေးမြန်းရန် ရက်ချိန်းသည့် စာဖြစ်သည်။ သူ ဗမာ့ခေတ်တိုက်သို့ သွားသည့်နေ့၌ ရန်ကုန်မြို့ရှိ ဘတ်စ်ကားများ သပိတ်မှောက်ကြသဖြင့် သူနေထိုင်ရာ လသာလမ်းမှ ဗမာ့ခေတ်တိုက်ရှိရာ ရွှေဂုံတိုင်သို့ လမ်းလျှောက်၍ သွားခဲ့ရ၏။

ဗမာ့ခေတ်တိုက်သို့ ရောက်တော့ ချွေးပြန်နေပြီ...။

အယ်ဒီတာဦးအုန်းမြင့်၏ စားပွဲရှေ့တွင်ထိုင်၏။ ဦးအုန်းမြင့်က သူအား စစ်ဆေးမေးမြန်းမည့်သူ ဖြစ်သည်။

“ပညာအရည်အချင်း”
သူဖြေ၏။
“သတင်းထောက်လုပ်ဖူးသလား”
“သူရိယနဲ့ ဂျာနယ်ကျော်မှာ နယ်သတင်း ရေးဖူးပါတယ်”
“အခုတလော ဗမာ့ခေတ်မှာ ဘာသတင်းထူးလဲ”
“ဗိုလ်ချုပ်တို့ ဘိလတ်သွားမယ့်အထဲမှာ ဘကြီးဘဘေ ပါမယ်ဆိုတဲ့ သတင်းကို သတင်းစာတိုင်းက ရေးပေမယ့်...ဘကြီးဘဘေ မလိုက်ဖြစ်မယ့်သတင်းကို ဗမာ့ခေတ်က အချပ်ပိုထည့်ပြီး ဖော်ပြတဲ့ သတင်းထူးပါတယ်...”
“ဘာကြောင့်ဗမာ့ခေတ်ကိုဖတ်တာလဲ”
“ကြိုက်လို့ပါ”
“ဘာကိုကြိုက်တာလဲ”
“သတင်းထူး၊ သတင်းဦး ပါတာရယ်၊ ခေါင်းစဉ်တပ်တာ ပြတ်သား ထိမိတာရယ်”
“ဗမာ့ခေတ်ရဲ့ မူဝါဒကိုရော”
“ရဲရဲဝံ့ဝံ့ ရေးဝံ့တာကို ကြိုက်တယ်။ ဒါပေမယ့် တယူသန် လက်ဝဲ၀ါဒ ဆန့်ကျင်ရေးကို မကြိုက်ဘူး”
လူတွေ့စစ်ဆေးမှုက ပြီးပြီ...။

(ဂ)

နှစ်ကျပ်စား သတင်းထောက်။

ဗမာ့ခေတ်သတင်းစာတိုက်မှ သူထံသို့ အကြောင်းကြားစာပို့၏။ သတင်းက သူ့အတွက် သတင်း ကောင်းမဟုတ်။ “လူကြီးမင်းအား ရွေးချယ်ခြင်းမပြု၍ ၀မ်းနည်းကြောင်း” အကြောင်းပြန်တာ ဖြစ်သည်။ သူစာကိုဖတ်ပြီး အတော်စိတ်ထိခိုက်သွားသည်။ နံနက်စာ၊ ညစာပင် စား၍ မ၀င်နိုင် အောင် ဖြစ်ရသည်။

မည်သို့လုပ်မည်နည်း။ သူက... ကိစ္စတခုခုအား လွယ်လွယ်နှင့် အရှုံးမပေးချင်။ ဤဥာဉ်လေးက သူ့တွင်ရှိ၏။

ဤတွင် သူသည် ဗမာ့ခေတ်အယ်ဒီတာချုပ် ဦးအုန်းခင်ထံသို့ စာရှည်ကြီးတစောင် ရေးပို့၏။ စာရှည်ကြီးနှင့်အတူ ဗမာ့ခေတ် သတင်းစာအား ဆန်းစစ်ထားသည့် စာတမ်းတစောင်အားလည်း ရေးပို့၏။ (၂) ရက်ခန့် အကြာ၌ ဦးအုန်းခင်က သူ့အား ဗမာ့ခေတ်သတင်းစာတိုက်သို့ ခေါ်ယူ၍ တွေ့၏။

“မင်းက တော်တော်လာတဲ့ကောင်လေးပဲကွ” တွေ့တွေ့ချင်း ဦးအုန်းခင်က သူ့အား ဆီးကြို၍ ရယ်မော၍ပြောသည်။

“ကဲ...မင်းကို ငါတို့ စမ်းကြည့်မယ်ကွာ...လခအနေနဲ့ မဟုတ်ပေမယ့်လည်း ခရီးစရိတ်တော့ ယူပေါ့ကွာ... မင်းအလုပ်ဆင်းတဲ့နေ့တိုင်း တနေ့နှစ်ကျပ် ထုတ်ယူကွာ... မနက်ဖြန်ကစပြီး အလုပ်ဆင်းပေတော့...”

ထိုနေ့က... ၁၉၄၇ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့။

(ဃ)

တတိယမြောက်သတင်းတပုဒ်...
၁၉၄၇ ခုနှစ် မတ်၊ (၃၀) ရက်နေ့...။


သူသည် ဗမာ့ခေတ်သတင်းစာတွင် သတင်းထောက်အဖြစ် အလုပ်ဝင်ခဲ့သည်မှာ ရက်ပေါင်း (၃၀) ရှိပြီ။ ရက် (၃၀) အတွင်း သူ သတင်းနှစ်ပုဒ်သာ ရေးခဲ့ရသေးသည်။ ပထမ သတင်းက R.E.S.B အလုပ်သမားသမဂ္ဂ၏ အစည်းဝေး သတင်းဖြစ်သည်။

ဗမာ့ခေတ်သတင်းစာ၏ တမျက်နှာစာမျှ သတင်းအား သူရေးလိုက်၏။ အယ်ဒီတာ ဦးအုန်းမြင့်က ရှည်လွန်းတယ် ပြန်ရေးဟု ဆို၍ ရေးခိုင်းပြန်သည်။ အကြိမ်ကြိမ်...။

နောက်ဆုံးအထိ အယ်ဒီတာက သဘောမကျ။ ဤသို့နှင့် ထားခဲ့ပြီး ပြန်ခဲ့၏။ နောက်နေ့ထုတ် ဗမာ့ခေတ်တွင် သူ့သတင်း ပါလာ၏။ သို့သော်... နောက်ဆုံးစာမျက်နှာ၏ ဒေါင့်တဒေါင့်တွင် လေးကြောင်းမျှသာ...။

သူသည် နေ့စဉ် လသာလမ်းနေအိမ်မှ ရွှေဂုံတိုင်လမ်းရှိ ဗမာ့ခေတ်သတင်းစာတိုက်သို့ အလုပ် ဆင်း၏။ သိမ်ကြီးဈေးမှ ရွှေဂုံတိုင်သို့ ဘတ်စ်ကားဖြင့်သွား၏။

ထိုနေ့က သူသည် ဘတ်စ်ကားမောင်းသူ၏ အနောက် ကပ်လျက်ခုံတွင် ထိုင်၍ စီးလာသည်။ ကိုယ့်မင်းကိုယ့်ချင်းလမ်း ဖ.ဆ.ပ.လ ဌာနချုပ် အရှေ့တွင် သူစီးလာသော ကားနှင့် အခြား တဘက်မှ လာသောကားတို့ ခေါင်းချင်းဆိုင်၍ တိုက်တော့သည်။

သူကား ပြတင်းမှလွင့်၍ ထွက်သွားသည်။ မြက်ခင်းပြင်ပေါ်သို့ ခွေခွေလေး ကျသွား၏။ ၀ဲဘက် ပုခုံးမှ စူးစူးရှရှ နာသည်ကို သိလိုက်ရ၏။ အင်္ကျီလက်မောင်းသည် စုတ်ပြဲသွား၏။ အင်္ကျီစုတ် အောက်မှ သွေးများယိုစီးထွက်လာ၏။ ဒဏ်ရာက မပြင်း...။ အခြားသူများကိုကြည့်တော့ ဒဏ်ရာကိုယ်စီနှင့်။ အချို့က ပြင်းထန်စွာ ဒဏ်ရာကိုယ်စီနှင့်။

ကားမောင်းသူသည် ဒက်ရှ်ဘုတ်နှင့် ထိုင်ခုံအကြား ကိုယ်ခန္ဒာ အောက်ပိုင်းသည် ညပ်၍နေသည်။ သွေးတို့က အိုင်ထွန်း၍နေ၏။ ရုန်း၍မရ၊ အော်ဟစ်၍ နေသည်။

သူကားပေါ်သို့ တက်ပြီး ကားမောင်းသူအား ဆွဲထူ၏။ မရ...။ ဒက်ရှ်ဘုတ်က ကားမောင်းသူ၏ ဒူးခေါင်းကွေးအား ဖိထား၏။ သူနှင့် အခြားတယောက်က ကား၏ ဒက်ရှ်ဘုတ်အား ပုခုံးနှင့်မ၏။ အခြားနှစ်ယောက်က ကားမောင်းသူအား ဆွဲထူ၍ ပွေ့သည်။ ကားဆရာ၏ ဒဏ်ရာက သွေးပျက် လောက်စရာ။

ဒူးခေါင်းခွံသည် ကြေမွ၍ နေ၏၊ အရိုးသည် ငေါငေါကြီး ထွက်နေသည်။ ဖြူဖြူဖွေးဖွေး။ အသား တစ်များက လန်နေသည်။ နီရဲသော သွေးတို့က အိုင်ထွန်းနေသည်။ ခြေနှစ်ချောင်းသည် ဒူးခေါင်း ကွေးမှနေ၍ ပြတ်လုလု။

သူသည် ကားဆရာအားကြည့်ပြီး သွေးပျက်သွား၏။ ကားဆက်၍ မစီးရဲတော့။ လမ်းလျှောက်၍ပင် ရွှေဂုံတိုင်လမ်းရှိ ဗမာ့ခေတ် သတင်းစာတိုက်သို့ အရောက်သွားတော့၏။ တိုက်ပေါ်သို့ ရောက် သည်နှင့် အယ်ဒီတာ ဦးအုန်းမြင့်က သူ့အား ကြည့်ပြီး မေး၏။

“ဘာဖြစ်လာတာလဲဗျ၊ ပုခုံးမှာလည်း သွေးတွေနဲ့”

သူက ကားတိုက်မှုဖြစ်ပုံအား ပြောပြ၏။

“ဟာ... အတော်ပဲ အပုဒ်တို လိုတာနဲ့ အတော်ပဲ ၊ ဒီကားတိုက်တဲ့သတင်း မြန်မြန်ရေးပေးစမ်းဗျာ”

အယ်ဒီတာက သူ့ဒဏ်ရာအား စိတ်မ၀င်စား၊ သူစိတ်ဝင်စားသည်က ကားတိုက်မှုသတင်း...။ သတင်းကိုသာ ရေးခိုင်းနေတော့သည်။

သူ... သူကိုယ်တိုင် ကားတိုက်ခံခဲ့ရသည့် သတင်းအား ရေးပေးလိုက်၏။ သတင်းရေးပြီး သူ
အိမ်သို့ ပြန်ခဲ့တော့၏။ အိမ်အပြန်လမ်း၌မူ သူသည် အတွေးများနှင့်....။

“သတင်းစာလောကဆိုတာ ကြင်နာမှု မရှိဘူး၊ ငါနဲ့ မဖြစ်ပါဘူး၊ ဘယ်သူသေသေ သတင်းသာ အရေးကြီးတာပဲ...”။

(င)

နိုင်ငံတော် လုပ်ကြံမှုသတင်း...
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်။


ထိုစဉ်က သူသည် ဗမာ့ခေတ်တွင် အထွေထွေသတင်းထောက်တဦး ဖြစ်၍နေလေပြီ။ သတင်း ထောက်သက်ကမူ (၅) လပင် မပြည့်တတ်သေး။ သမိုင်း၌ အကြီးကျယ်ဆုံးသော သတင်းအား လိုက်ခဲ့ရသည်။
နိုင်ငံတော်လုပ်ကြံမှု သတင်းကြီးဖြစ်သည်။
ဇူလိုင်လအတွင်း၌ သူသည် သတင်းထူးများစွာအား ပင်ပင်ပန်းပန်း လိုက်ခဲ့ရ၏။
BOC က ၀ါဆိုလပြည့်နေ့ ရုံးပိတ်မပေးသည့်သတင်း ...
တရုတ်ပြည်မှ ပြန်လာသည့ှ်ဗမာစစ်ပြေးများသတင်း ....
ပုလိပ်သပိတ်သတင်း ....
လစာနှုံးသစ်သတင်း ....
ဝန်ထမ်းတို့ ၏ အပိုကြေးပြဿနာ
သခင်နု၏ ဗိလပ်ဆွေးနွေးပွဲသတင်း
ဘရင်းဂန်း (၂၀၀) ပျောက်ဆုံးမှု... ။

သတင်းများက ထူးသလို နောက်ကွယ်မှ သတင်းများကိုလည်း လိုက်ရသေး၏။ ဇူလိုင်လ
(၁၈) ရက်နေ့ ည၌ နံနက် (၂း၀၀) နာရီခန့်မှပင် သူအိပ်ယာဝင်ခဲ့ရသည်။

အိပ်ချိန် နောက်ကျသော်လည်း နံနက်တွင်မူ စောစောပင်နိုး၏။ အကျင့်ဖြစ်နေ၍ နိုးလာသော်
လည်း အိပ်ရေးက မ၀။ သို့သော် နေ့စဉ်တာဝန်အရ ကော်ဖီတခွက်သောက်ပြီး စက်ဘီးနှင့်အိမ်မှ ထွက်ခဲ့၏။

ပထမ ညောင်ပင်လေးဆိပ်၊ ထိုမှ (၂၇) လမ်းရှိ ပုလိပ်အသင်းတိုက်။ ပုလိပ်အသင်းတိုက်သို့ ရောက်တော့ နံနက် (၉) နာရီခန့် ရှိပြီ။ ပုလိပ်အသင်းမှပင် တယ်လီဖုန်းနှင့် တိုက်သို့ ဆက်၏။ ကံဘဲ့သို့ သွားပြီး “သံမဏိသပိတ်” သတင်းယူရန် အကြောင်းကြားသည်။ တိုက်က ခွင့်မပြု။ အတွင်းဝန်ရုံးသို့ သွားရန် ညွှန်ကြားသည်။ ဓနိတောမှ အလုပ်သမားခေါင်းဆောင်များ ဗိုလ်
ချုပ်နှင့် အတွင်းဝန်ရုံးတွင် တွေ့မည်၊ ဤသတင်းအား ယူရန်ခိုင်း၏။

သူ...အတွင်းဝန်ရုံးရှိ သတင်းထောက်များ ရုံးခန်းသို့ ရောက်သည့်အချိန်၌ မည်သူမျှ မရှိကြ။ အချိန်ကား (၉) နာရီ (၂၀) မိနစ်ခန့်ရှိပြီ ။ သတင်းထောက်များရုံးခန်းက အတွင်းဝန်ရုံးရှိ ဗိုလ်
ချုပ်၏ ရုံးခန်းနှင့် ကပ်လျက်အခန်းဖြစ်သည်။

“ဟေ့လူ စောလှချည်လားဗျ”

ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးက နှုတ်ဆက်၏။ အခန်းထဲ၌မူ သူတယောက် တည်း။ ကြာတော့ ပျင်းလာ၏။ သတင်းထောက်များရုံးခန်းမှ သူထွက်လာပြီး ပုလိပ်ရုံးကြီးသို့ “ဟာကြူလီ” စက်ဘီးစုတ်လေးနှင့် သွား၏။ ပုလိပ်ရုံးကြီးသို့ သူရောက်သည်နှင့် ပုလိပ်ကားများ တစီးပြီး တစီး အပြင်းမောင်း၍ ထွက်သွားကြ၏။ ထူးပြီ။ ဘာလဲ...။ စဉ်းစားနေစဉ် ဗမာ့ခေတ်မှ မှုခင်းသတင်းထောက် ပုလိပ်ရုံးပေါ်မှ ဆင်းလာပြီး သူ့အနီးသို့ ရောက်လာသည်။

“ဟေ့...ဟေ့ ...တခုခုတော့ တခုခုပဲ။ ဘာဖြစ်မှန်းတော့ မသိဘူး... လိုက်ရအောင်”

မှုခင်းသတင်းထောက်သည် ပြောရင်းဆိုရင်းနှင့် သူ၏စက်ဘီးပေါ်သို့ တက်၏။ သူတို့ စက်ဘီးနှင့် ထွက်ခဲ့ကြသည်။

“ဘယ်လိုက်မလဲဗျ”

“အတွင်းဝန်ရုံးမှာတဲ့... အတွင်းဝန်ရုံးကိုလိုက်”

သူတို့ အတွင်းဝန်ရုံးသို့ ရောက်သည်။ အလယ်ပေါက်မှ သူနာပြု ကားတစ်စီး ထွက်လာသည်။ လူအုပ်ကြီးသည် အတွင်းဝန်ရုံး အလယ်ပေါက်ဝ၌ ပြည့်ကျပ်နေ၏။

“ဗိုလ်ချုပ်တို့ အသတ်ခံရပြီ”
ထို့ထက် ဘာမျှမသိရသေး...။

အတွင်းဝန်ရုံးအတွင်းသို့ တိုးဝင်၍ မြောက်ဘက်လှေကားမှ အတွင်းဝန်ရုံးပေါ်သို့ တက်ခဲ့၏။ အတွင်းဝန်ရုံး အလယ်လှေကားမကြီး၏ ထိပ်ဝရံတာသို့ သူရောက်သွားသည်။ အလောင်းများအား အတွင်းမှ သယ်ထုတ်၍နေကြသည်။

အ၀တ်ဖြူနှင့် အုပ်ထားသော အလောင်းတလောင်းအား သယ်ထုတ်လာသည်ကို တွေ့ရသည်။
အ၀တ်ဖြူအောက်မှ ရွှေဖလားရောင် လုံချည်အား မြင်ရ၏။ သားရေရှုးဖိနပ် စီးထားသော ခြေထောက်များသည် တုန်နေသည်။ အကြောအမြင်များ ရုန်းနေသည့်ပမာ။

“ဒါ...ဒါ ဗိုလ်ချုပ်မဟုတ်လား...။ မသေသေးဘူး။ မသေသေးဘူး...”

သူ ကယောင်ကတန်းအော်မိသည်။

“ဗိုလ်ချုပ်ကို သယ်သွားပြီဗျ...။ ဒါ ဦးဘချိုပါဗျာ...”

တယောက်က သူ့အား ပြန်ပြောသည်။
ထို့နောက် တယောက်အား သယ်လာပြန်၏။ ရှမ်းဘောင်းဘီ နံ့သာရောင်နှင့် မိုင်းပွန်စော်ဘွားကြီး။

အတွင်းဝန်ရုံးမှ ဆေးရုံကြီးသို့ သူပြေးပြန်သည်။ ဆေးရုံကြီးတွင် အတွင်းခန်းသို့ မည်သူ့မျှ
အ၀င်မခံ။ သူကား ဆေးရုံဝန်ထမ်းများနှင့် ရင်းနှီးပြီးဖြစ်၍ ၀င်ခွင့်ရ၏။ ဆေးရုံအတွင်းခန်း၌ မိုင်းပွန်စော်ဘွားကြီးသည် ကုတင်တခုပေါ်၌ တုန်တုန်ရီရီနှင့် ရှိနေသည်။

ဒီးဒုတ်ဦးဘချိုမှာမူ ကွယ်လွန်၍ သွားပြီ။ အလောင်းကိုမူ ရင်ခွဲတိုက်သို့ မပို့ရသေး။ သူ ကပျာ
ကယာပင် အခန်းတွင်းမှ ထွက်ခဲ့ပြီး အပြင်၌ရှိနေသည့် ဗမာ့ခေတ် အယ်ဒီတာချုပ် ဦးအုန်းခင်ထံမှ ဓာတ်ပုံရိုက်ရန် ကင်မရာအား တောင်း၏။ ဦးအုန်းခင်က မပေး...။

“မရိုက်ပါနဲ့တော့ကွာ...”

သူအံ့သြသွား၏။ သတင်းထူး၊ သတင်းဆန်းမှန်သမျှ အပင်ပန်းခံ၊ ငွေကုန်ကြေးကျခံ၍ ဗမာ့ ခေတ်တွင် ဖော်ပြတတ်သည့် အယ်ဒီတာချုပ်သည် ယခုမူ...

“လူတွေ ပူဆွေးသောက ရောက်နေကြတဲ့ အချိန်မှာ ဒို့က သတင်းလောက်ကြည့်ပြီး ဟိုမေး၊
ဒီမေးနဲ့ ဓာတ်ပုံရိုက်နေဖို့ မသင့်ပါဘူးကွာ...”

(စ)

“ဟယ်ရီတန်အရေး”
၁၉၅၆ ခုနှစ်။


ထိုစဉ်က သူသည် ဗမာ့ခေတ်သတင်းစာ၌ တာဝန်ခံအယ်ဒီတာ ဖြစ်၍နေပြီ။ အယ်ဒီတာက (ဦး) ခင်မောင်ရီဖြစ်သည်။ (၇) တန်းစာမေးပွဲများအား စစ်ဆေးနေသည့်အချိန်ဖြစ်သည်။ အယ်ဒီတာ
(ဦး) ခင်မောင်ရီသည် (၇)တန်း စာမေးပွဲမေးခွန်း ပေါက်ကြားသည့် သတင်းတပုဒ်အား ရလာ၏။
တာဝန်ခံအယ်ဒီတာဖြစ်သော သူ့အား ပြ၏။

“မှန်ရင် ချသာ ချဗျာ” ဟု သူက (ဦး) ခင်မောင်ရီအား ပြောသည်။

ထိုသတင်းက နောက်တနေ့ နံနက် ဗမာ့ခေတ် သတင်းစာတွင် ပါလာ၏။ ဗမာ့ခေတ်တွင်ပါသည့်
(၇) တန်းမေးခွန်းနှင့် ထိုနေ့တွင် စစ်ဆေးသည့် (၇) တန်းစာမေးပွဲမေးခွန်းက တထပ်တည်း...။

သတင်းထူး၊ သတင်းဦးအား ဗမာ့ခေတ် တစောင်တည်း ဖော်ပြနိုင်ခဲ့လေပြီ။ သူ ပီတိဖြစ်၏။ အယ်ဒီတာတို့၏ ပီတိ...။

နေ့လည်ပိုင်းတွင် သူ့ထံသို့ ဗမာ့ခေတ် သတင်းစာတိုက်မှ ဖုန်းလာ၏။ သတင်းစာတိုက်အား ကျောင်းသားများ ၀ိုင်းထားကြောင်း အကြောင်းကြားခြင်းဖြစ်သည်။ သူ ချက်ချင်း အကြောင်း ရင်းအား စုံစမ်း၏။ အဖြစ်အပျက်က ....

ထိုနေ့ နံနက် ဗမာ့ခေတ်တွင် (၇) တန်းမေးခွန်း ပေါက်ကြားသည့်သတင်းအား ဖော်ပြခဲ့၏။ စာမေး ပွဲဖြေရန် ကျောင်းသားတို့ စာမေးပွဲခန်းသို့ ရောက်ကြသည့် အချိန်၌ ဆရာတို့က စာမေးပွဲကို ရက် ရွှေ့လိုက်ကြောင်းပြော၏။ ကျောင်းသားများက မကျေနပ်။ စာမေးပွဲ ရက်အကန့်အသတ်မရှိ ရွှေ့သည့်အကြောင်းအား သိလိုကြသည်။ သို့နှင့် ပညာမင်းကြီးရုံးသို့ ချီတက်ကြပြန်သည်။

ကျောင်းသားများက တဖြည်းဖြည်း များလာကြသည်။ ပညာမင်းကြီးရုံးမှ အရာရှိက ပြေလည် အောင် ရှင်းပြခြင်း မပြုဘဲ ဗမာ့ခေတ်သတင်းစာက ရေး၍ စာမေးပွဲ ရက်ရွှေ့ရကြောင်း ပြော၏။
ဤတွင် ကျောင်းသားတို့၏ မကျေနပ်မှုသည် ဗမာ့ခေတ်သို့ ဦးတည်ခဲ့ပြီး ဗမာ့ခေတ်သတင်းစာ တိုက်အား ၀ိုင်းကြတော့၏။

ဗမာ့ခေတ်က ရဲကို အကြောင်းကြား၍ ရဲများက ဗမာ့ခေတ်သတင်းစာတိုက်အား စောင့်ပေးကြ သည်။ တရားသူကြီးတဦးလည်းပါ၏။ ကျောင်းသားများက ဗမာ့ခေတ်အား ၀ိုင်း၍ ဆန္ဒပြရာမှ တိုက်အတွင်းသို့ ၀င်ရန် ကြိုးစားကြ၏။ ရုန်းရင်းဆန်ခတ် ဖြစ်၍လာသည်။

တရားသူကြီး၏ အမိန့်အရ ရဲတို့က ကျောင်းသားတို့အပေါ် ကျော်၍ သေနတ်နှင့် ပစ်၏။ လူစုက မကွဲ။ ကျောင်းသားတဦးအား သေနတ်ထိမှန်၏။ ထိုကျောင်းသားက “ဟယ်ရီတန်”။ ကျောင်းသား တို့ သွေးဆူသွားကြပြီ။ ဒဏ်ရာရသည့် ကျောင်းသားအားထမ်း၍ ဆန္ဒပြကြ၏။ နောက်ဆုံး တပ်မှ ဗိုလ်မှူးကြီး ခင်ညို လာရောက်၍ ကျောင်းသားများအား လူစုခွဲလိုက်ရ၏။ “ဟယ်ရီတန်” က သေနတ်ဒဏ်ရာနှင့် သွေးလွန်ပြီး ကွယ်လွန်ခဲ့ရ၏။

ကိုးကား-
-ကြေးမုံဦးသောင်း၏ ဗမာ့ခေတ်မှ ကြေးမုံသို့
-အောင်ဗလ၏ ဧ၀ံမေသုတံ
- အောင်ဗလ၏ နိုင်ငံ့အရေး

 

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics