English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


 
 

ဆန္ဒခံယူပွဲအလွန် နိုင်ငံရေး
ရဲဘော်ဖိုးသံချောင်း
line

 

နအဖရဲ့လာမယ့် ဆန္ဒခံယူပွဲဟာ စစ်အာဏာရှင် အုပ်စိုးမှုကို ပြည်သူတွေ ဖြစ်စေချင်သလို မြန်မြန် ပြောင်းလဲစေနိုင်မှာ မဟုတ်ပေမယ့် ဗမာပြည်နိုင်ငံရေးမှာ ကြီးမားတဲ့ အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

နအဖဟာ သူတို့ရှုံးရင် ရှုံးမဲ-မဲ၊ ရှက်ရမ်းရမ်းမှာ သံသယဖြစ်စရာမလိုပါ။ ဘယ်လို ထပ်လိမ်ရမလဲ ဆိုတာပဲ စဉ်းစားမှာပါ။ သူတို့နိုင်ရင်လည်း (ခွေးကိုက်လို့ရတာပဲဖြစ်စေ၊ ခဲနဲ့ပစ်လို့ ရတာပဲဖြစ်စေ) အကြီးအကျယ် မောက်မာရမ်းကားမှာ သေချာပါတယ်။ ငါတို့ ဘာမဆို လုပ်လို့ရပြီ၊ ဥပဒေအရ လုပ်ပိုင်ခွင့် ရှိသွားပြီဆိုတဲ့ စဉ်းစားမှုမျိုးလည်း ပေါ်လာမှာပါ။

ဒီဆန္ဒခံယူပွဲနောက်ပိုင်းမှာ နအဖစစ်အာဏာရှင်များဟာ ကိုယ်ရှိန်သတ်သွားမယ့် ပုံမျိုးတောင် မတွေ့ရပါဘူး။ အခု သူတို့နဲ့ သူတို့ရဲ့နောက်ပါ အစေအပါးတွေ လုပ်နေကြပုံကိုကြည့်ရင် သူတို့ဟာ အကုန်ပုံအောနေတာပါ၊ အရှက်၊ ဂုဏ်သိက္ခာ ဣနြေ္ဒ စတာတွေအားလုံးကို စွန့်ပစ်ပြီး ဘာကိုမဆို လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖြစ်ပါတယ်။ ဒါတွေက ဘာဖော်ပြနေသလဲဆိုတော့ တခုက ဒီစီမံကိန်းဟာ ဗိုလ်သန်းရွှေကိုယ်တိုင်က အင်မတန် စိတ်ဝင်စားတဲ့၊ အာရုံထားတဲ့ လုပ်ငန်းဖြစ်တယ်ဆိုတာပါပဲ။ နံပါတ်ဝမ်းဆီက တိုက်ရိုက်လာနေတဲ့ ညွှန်ကြားချက်တွေမို့သာ အခုလောက် တက်ကြွစွာ မိုက်မိုက်ရိုင်းရိုင်း လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်၊ နောက် ဖော်ပြချက်တခုကတော့ နအဖဟာ သူတို့ရဲ့ လမ်းပြမြေပုံကို အပြတ် အကောင်အထည် ဖော်တော့မယ်ဆိုတာ ဖြစ်ပါတယ်။

ဆန္ဒခံယူပွဲ မလုပ်ခင်ကတည်းက သူတို့ရဲ့ ဖွဲ့စည်းပုံကို အတည်ပြုပြီးလေဟန်နဲ့ ရွေးကောက်ပွဲ ကြေညာတာ၊ ဗိုလ်သိန်းစိန်ကအစ လာမယ့်ရွေးကောက်ပွဲမှာ ဘာလုပ်မယ်ဆိုတာတွေ ပြောဆို နေတာ၊ ငြိမ်းအဖွဲ့တွေကို ကတိတွေလိုက်ပေးနေတာ၊ ဒါတွေကိုကြည့်ရင် နအဖရဲ့ ပိုင်းဖြတ်
ချက်ကို တွေ့ရသလို နအဖအဖို့ တခြားရွေးစရာလမ်း မရှိတော့တာ၊ နိုင်ငံရေးအရ ချောင်ပိတ်မိ နေတာကိုလည်း တွေ့ရပါမယ်။ သူတို့အနေနဲ့ နိုင်ငံတကာအလယ်မှာ စုန်းပြူးဖြစ်နေတဲ့ အနေ အထားကို ပြန်ပြောင်းနိုင်ဖို့ အလားအလာဟာ ဝေးသထက် ဝေးလို့သာ သွားနေပါတယ်။

လွတ်လပ်ပြီးနောက် ဗမာနိုင်ငံသမိုင်းမှာ အခုနအဖရဲ့အခြေခံဥပဒေသာ အတည်ဖြစ်သွားရင် ဒါဟာ တိုင်းပြည်ရဲ့ တတိယမြောက် အခြေခံဥပဒေ ဖြစ်မှာပါ။ ဒီသုံးခုစလုံးကို အာဏာရတဲ့ လူတွေက ရေးဆွဲခဲ့တာဖြစ်ပါတယ်၊ အာဏာမဲ့သူတွေက အခြေခံဥပဒေကို ရေးဆွဲလို့တော့ရတယ်။ ဒါပေမယ့် ကျင့်သုံးတဲ့ အဆင့်ကို ဘယ်လိုမှ မရောက်နိုင်ပါဘူး။ ပထမဆုံး အခြေခံဥပဒေလို့ ဆိုရမယ့် ၁၉၄၇ ခုနှစ် ဥပဒေကို ဗိုလ်ချုပ်အောင်ဆန်းတို့က အင်္ဂလိပ်လက်ထဲကနေ အာဏာကို ရတော့မယ်လို့ သေချာမှ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းတို့၊ ဗိုလ်သန်းရွှေတို့ဆိုရင် သူတို့အာဏာ တည်ငြိမ် အောင် အကြာကြီး လုပ်ပြီးမှ ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲတာ၊ အတည်ပြုဖို့လုပ်တာ ဖြစ်ပါတယ်။

ဆိုလိုတာ ကိုယ်လိုချင်တဲ့ ဖွဲ့စည်းပုံကို ဥပဒေပြုစေချင်တယ်ဆိုရင် အာဏာပြဿနာကို အရင်ဆုံး ဖြေရှင်းရပါတယ်။ ဒါဟာ အုပ်စိုးသူအတွက်မှ မဟုတ်ဘူး၊ ပြည်သူလူထုအတွက်လည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အာဏာကိစ္စနဲ့ ပတ်သက်ရင် စစ်အုပ်စုဟာ ဘယ်တုန်းကမှ မျက်စိမလည်၊ မျက်ခြည် မပြတ်ပါဘူး။ ဘာအရေးကြီးဆုံး၊ ဘာအဓိကဆိုတာက သူတို့ ကောင်းကောင်းသိပါတယ်။ ဒါကြောင့် မို့ အာဏာနဲ့ ပတ်သက်လာရင် နည်းနည်းမှအလျှော့အတင်း မလုပ်၊ မျက်နှာသာ မပေးတာ ဖြစ်ပါတယ်။

အာဏာပြဿနာကို ဖြေရှင်းတယ်ဆိုရာမှာ နည်းနှစ်နည်း ရှိပါတယ်။

တနည်းက ပြည်သူလူထုကို အခြေခံပြီး ဖြေရှင်းတဲ့ နည်းပါ။ ဗိုလ်ချုပ်အောင်ဆန်းနည်းလို့ ဆိုရ မယ်ထင်ပါတယ်။ သူက လွတ်လပ်ရေးတိုက်ပွဲမှာ အင်္ဂလိပ်နယ်ချဲ့သမားကို ဗမာပြည်သူတွေရဲ့ အင်အားပြပြီး စေ့စပ်စေခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်အင်အား၊ ကိုယ့်အစွမ်းကို အကုန်မြင်စေပြီး ရရင်ရ၊ မရရင်ချမယ်ဆိုတာကိုပါ နယ်ချဲ့သမားကို သိအောင်လုပ်ပြီး စေ့စပ်ရေးစားပွဲ ဖန်တီးခဲ့ တာဖြစ်ပါတယ်။

နောက်တနည်းကတော့ ဗိုလ်နေ၀င်း အစထွင်ခဲ့တဲ့နည်း၊ စစ်တပ်ကိုအသုံးပြုတဲ့ နည်းဖြစ်ပါတယ်။ ဒါကို နအဖစစ်အုပ်စုကလည်း မြိန်မြိန်ကြီး ဆက်ခံကျင့်သုံးနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာ့အရေးအခင်းကိုပဲ ကြည့်ပါ။ သူတို့ရဲ့ အာဏာကို ထိပါးတော့မယ်လို့ ထင်တာနဲ့ စစ်တပ်ကို ပွဲထုတ်၊ အကြမ်းဖက် နှိမ်နင်းတော့တာပဲ မဟုတ်ပါလား။ စစ်အုပ်စုတွေဟာ အာဏာကို ရအောင် လုပ်ရာကစပြီး ထိန်းသိမ်းကာကွယ်တာအဆုံး စစ်တပ်ကိုပဲ အားထားအသုံးပြုပါတယ်။ သူတို့ မျက်လုံးထဲမှာ လူထုဆိုတာ သူတို့ရဲ့အင်အား မဟုတ်ပါဘူး။ နှိမ်ထားရမယ့်၊ နှိမ်ပစ်ရမယ့် အစု
အဝေးလို့ သဘောထားတာပါ။

တဆက်တည်းမှာပဲ ပြောသင့်တာတခုက ပြည်သူလူထုနည်းနဲ့ ဖြေရှင်းတယ်ဆိုရာမှာ စေ့စပ် ဆွေးနွေးတဲ့ နည်းတနည်းတည်း ရှိတယ်လို့ ယူဆရင်တော့လည်း မှားပါတယ်။ ပြည်သူလူထု အနေနဲ့ ရွေးစရာတခုတည်းအပေါ်မှာ ကံကြမ္မာအားလုံးကို ပုံထားလိုက်တာဟာ ရိုးစင်းလွန်းရာ ကျမှာပါ။ နည်းသဏ္ဌာန်ပေါင်းစုံကို တည်ထွင်ကြံဆ အသုံးပြုကြရမှာပါ။

ဗမာပြည်ပြဿနာကို ဖြေရှင်းရေးဆိုပြီး နည်းလမ်းပေးကြ၊ အကြံပြုကြသူတွေ အများအပြားပဲ ရှိပါတယ်၊ ဒါပေမယ့် သူတို့ထဲမှာ ဒါဟာ အာဏာပြဿနာ ဖြစ်တယ်လို့ ပြောတဲ့လူ အင်မတန် နည်းပါတယ်။ တချို့ပညာရှင်တွေကဆိုရင် စစ်အုပ်စုကို မုန်လာဥပေးတဲ့နည်း (မုန်လာဥနဲ့ တုတ် ဆိုတဲ့ သိုးဆောင်းစကားလာတဲ့ ပြောနည်းပါ) အမျိုးမျိုး ပြောပြခဲ့ပါတယ်။ ပေးလည်းပေးခဲ့လှပါပြီ၊ မုန်လာဥနဲ့ တရားဝင်အစိုးရ (ဒီဂျူရီအစိုးရ) အသိအမှတ်ပြုရေး လဲမယ်ဆိုတဲ့သဘောပါ။ ဒါပေမယ့် နအဖဟာ သွေးဆာနေတဲ့ စစ်သူရဲပါ။ မုန်လာဥ မစားပါဘူး။ ဒီဂျူရီ အဆင့်အတန်းကို ငါ့ဖာသာ လုပ်ယူမယ်ဆိုပြီး လမ်းပြမြေပုံနဲ့ အခုဆန္ဒခံယူပွဲလိုဟာတွေသာ လုပ်လာပါတယ်။ ဒါကြောင့် အခု အထိ ဘာပြဿနာမှ မဖြေရှင်းနိုင်သေးဘဲ ဖြစ်နေပါတယ်။ ဗမာပြည်ပြဿနာဟာ အာဏာပြဿနာ ဖြစ်တယ်လို့ မကြည့်မြင်သရွေ့ အဲဒီလိုမဖြေရှင်းသရွေ့ ဒီလိုပဲ ဂျာအေးသူ့အမေရိုက် ဖြစ်နေမှာပါ။

မမေ့သင့်တာတခုက တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှဆိုတဲ့ ဆုံချက်မှာ ခွထိုင်ထားပြီး
သဘာဝသယံဇာတ တစုံတရာ ပေါများတဲ့ နိုင်ငံတခုကို အုပ်စိုးထားတဲ့ လူတွေကို နိုင်ငံတကာ ဖိအားလောက်နဲ အလွယ်တကူ ဖယ်ရှားလို့ မရပါဘူး။ တပိန်ပိန်၊ တလိမ်လိမ်နဲ့ပဲဖြစ်ဖြစ်
စစ်ဗိုလ်ချုပ်တွေဟာ အာဏာကို ထိန်းထားနိုင်ပါတယ်။ နောက်ပြီး သူတို့ဟာ ရာစုတ၀က်နီးပါးမျှ အာဏာ ရယူထားတာမို့ တစုံတရာလည်း အသားကျနေ၊ အတွေ့အကြုံတွေရှိနေပါတယ်။ စစ်တပ်ကို သူတို့ကိုင်ထားနိုင်သရွေ့ အလွယ်တကူ ဖယ်ရှားဖို့ဆိုတာ သိပ်မလွယ်ပါဘူး။

ဗမာပြည် လွတ်လပ်ရေးတိုက်ပွဲ အထွတ်အထိပ်ကို ရောက်လာတဲ့အချိန်မှာ အဲဒီတုန်းက အရှေ့ တောင်အာရှဘက်ရှိတဲ့ ဗြိတိသျှတပ်ထဲမှာ အိန္ဒိယ တပ်သားတွေက အများအပြား ဖြစ်နေပါပြီ။ အဲဒီတပ်သားတွေက ကိုလိုနီနိုင်ငံသားချင်း စစ်တိုက်ခိုင်းရင် မတိုက်ဘူးလို့ ပြတ်ပြတ်အဖြေပေး ပြီးဖြစ်နေပါတယ်။ ဒီလိုနဲ့ ဗြိတိသျှအစိုးရလည်း ဗမာပြည်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ် ပါတယ်။ ဒါကြောင့်မို့ ဗမာပြည်ရဲ့ ဒီတိုက်ပွဲမှာလည်း တပ်မတော်သားတွေနဲ့ တခြားစစ်အစိုးရရဲ့ အမှုထမ်းမျိုးစုံကို စည်းရုံး သိမ်းသွင်းဖို့ဆိုတာကို မေ့လို့မဖြစ်ပါ။ ဒါဟာ လူထုနည်းနဲ့ တိုက်ပွဲ
ဝင်တယ်ဆိုတာရဲ့ အရေးပါတဲ့ လုပ်ငန်းတရပ် ဖြစ်ပါတယ်။

လာမယ့်ဆန္ဒခံယူပွဲ ပြီးသွားရင် ဖြစ်ပေါ်လာမယ့် ဗမာပြည်နိုင်ငံရေး အခြေအနေမှာ ဘယ်လို ဆက်လုပ်ကြမယ်ဆိုတာကို အဖွဲ့အစည်းတိုင်း၊ လူတဦးချင်းတိုင်း သေသေချာချာစဉ်းစား၊ လုပ်ငန်းတွေ ချမှတ်ရလိမ့်မယ်။ လက်ရှိလုပ်နည်းနဲ့ မရတော့ဘူး ဖြစ်တော့မယ်။ ဗမာပြည် သမိုင်းမှာ မကြုံဘူး၊ မကြားဘူးတဲ့ ဒုက္ခဘေးကြီး ဖြစ်ပေါ်နေ၊ လူတွေအတုံးအရုံးသေနေ၊ မိသားစုတွေကွဲနေ၊ အရင်းအချာ ပျောက်ဆုံးနေလို့ ပရိဒေ၀မီး တောက်လောင်နေကြတာကို ဘာစာနာမှုမှမပြပဲ ဆန္ဒခံယူပွဲကို အတင်းလုပ်မယ်ဆိုတဲ့ စစ်အုပ်စုမျိုးရဲ့ ရက်စက်မှုကို ဘယ်လို ရင်ဆိုင်မလဲ။ ဘယ်လိုရိုက်ချိုးမလဲဆိုတာ ဆန္ဒခံယူပွဲနောက်ပိုင်း ဗမာပြည်နိုင်ငံရေးရဲ့ အနှစ်
သာရပဲ ဖြစ်ပါလိမ့်မယ်။       ။

 

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics