မြန်မာနိုင်ငံ အောက်ပိုင်းကို မကြာခင်က တိုက်သွားတဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းလမ်းကြောင်း ကို ကြည့်ရင် ဟိုင်းကြီးကျွန်းကို အရင်ဆုံး စ ဖြတ်ပါတယ်။ မိုးလေ၀သ ဦးထွန်းလွင်ထက် တော်လို့ မောင်မန်းပြောတယ် မထင်ပါနဲ့။ ကုလသမဂ္ဂ UNOSAT အဖွဲ့ ထုတ်ပြန်တဲ့ ဂြိုဟ်တု မြေပုံတွေ ကြည့်ပြီး ခပ်တည်တည် ပြောတာပါ။
ဟိုင်းကြီးကျွန်းကနေ လပွတ္တာ၊ ဘိုကလေး၊ ကျိုက်လတ်၊ တွံတေး၊ ရန်ကုန် စသဖြင့် နာဂစ်မုန်တိုင်း တိုက်သွားတာ ဖြစ်သတဲ့။ ဂြိုဟ်တု မြေပုံတွေမှာ ပြထားတဲ့ မုန်တိုင်းအရှိန်နှုန်း ပမာဏကိုကြည့်ရင် လပွတ္တာရောက်တဲ့ အချိန်မှာ မှန်းခြေ တနာရီ မိုင် (၁၃၁) မိုင်ကနေ မိုင် (၁၆၀) နီးပါးကြား အမြင့် ဆုံးနှုန်းနဲ့ တိုက်သွားတာ ဖြစ်တဲ့အတွက် လပွတ္တာနဲ့ အနီးဝန်းကျင်ဖြစ်တဲ့ ဒေသတွေမှာ အထိ အခိုက်အများဆုံး ဖြစ်မယ်လို့ မောင်မန်း တွေးမိပါတယ်။ မုန်တိုင်းလမ်းကြောင်း တည့်တည့်ကျတဲ့ အုတ်ကန်၊ ကုန်းကြီး၊ သင်္ဃန်းကြီး၊ သင်္ဃန်းကုန်း၊ ဆူးလေဆိပ်စတဲ့ ရွာတွေဆို ပိုပြီး ဒဏ်ခံရမှာပ။ ဒီရွာတွေဟာ ပင်လယ်ဝနဲ့ ကပ်နေတဲ့အတွက် ရွာလုံးကျွတ် ရေထဲ ပါသွားဖို့ များပါတယ်။ မြေပုံ ကြည့်ရင်း မောင်မန်း ကျောချမ်းမိပါရဲ့။ မြတ်စွာဘုရား အမိန့်ရှိတဲ့ ၀ိနိပါတ ဘေးဆိုတာ ဒါများလား လို့တောင် ၀ိပဿနာဉာဏ်နဲ့ တွေးမိပါသေးတယ်။
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဟာ ဘိုကလေး ရောက်တဲ့အချိန်မှာကိုပဲ မှန်းခြေ တနာရီ မိုင် (၁၀၆) မိုင်နဲ့ (၁၃၀) ကြားနဲ့ အရှိန်ကောင်းနေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ UNOSAT အဖွဲ့ထုတ်ပြန်တဲ့ ဂြိုဟ်တု မြေပုံမှာ ဖော်ပြပါတယ်။ ဒါကြောင့် ဘိုကလေးနဲ့ ၀န်းကျင်က ရွာတွေမှာ သောက် သောက်လည်း သေကျေကုန်တာပေါ့။ အထူးသဖြင့် ဘိုကလေး မုန်တိုင်းလမ်းကြောင်းနဲ့ ကပ်နေတဲ့ ဖျာပုံအပါအ၀င် ရွာတွေ အများအပြား လေဒဏ်၊ ရေဒဏ်ခံရဖို့ များပါတယ်။
လပွတ္တာနဲ့ ဘိုကလေးကို အသေအကျေ တိုက်သွားတဲ့ နာဂစ်မုန်တိုင်းဟာ ကျိုက်လတ်၊ တွံတေးနဲ့ ရန်ကုန်ဘက် တိုက်တဲ့အခါ တနာရီ မိုင် (၉၀) ကျော်ကနေ (၁၁၀) မိုင်ထိ အားပျော့သွားပါတယ်။ ဒါတောင်မှ ရန်ကုန်က သစ်ပင်ကြီးမှန်သမျှ အမြစ်က ပြုတ်ထွက်လဲကျကုန်သလို အိမ်ခေါင်မိုး တွေပါ ပြုတ်ထွက်၊ ဓာတ်တိုင်တွေ လဲကျတဲ့ထိ ခံရသတဲ့။ ကုက္ကိုင်းက ကြံ့ဖွံ့ရုံးချုပ်ကြီး ပြိုသွား ပလားတောင် မောင်မန်းဖြင့် တွေးပူမိသေး။
ဆိုင်ကလုန်းမုန်တိုင်းရဲ့ ရှိန်နှုန်းလိုက်ပြီး အဆင့် (၅) ဆင့်ခွဲ သတ်မှတ်ကြသတဲ့။
အဆင့် (၁) ဆိုင်ကလုန်းမုန်တိုင်းရဲ့အရှိန်နှုန်းက တနာရီ (၇၄) မိုင်ကနေ (၉၅) မိုင်၊ တနာရီ (၉၆) မိုင်ကနေ (၁၁၀) မိုင်ဆိုရင် အဆင့် (၂)၊ တနာရီ (၁၁၁) မိုင်ကနေ (၁၃၀) ထိ တိုက်ရင် အဆင့် (၃)၊ တနာရီ (၁၃၁) မိုင်ကနေ (၁၅၄) မိုင်ထိ တိုက်ရင် အဆင့် (၄) နဲ့ တနာရီ (၁၅၅) မိုင် အထက် တိုက်ရင် အဆင့် (၅) ဆိုပြီး ခွဲထားပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်းကို မေလ (၂) ရက်က တိုက်သွားတဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းအရှိန်က UNOSAT အဖွဲ့ထုတ်ပြန်တဲ့ ဂြိုဟ်တုမြေပုံတွေအရ အဆင့် (၃) နဲ့ (၄) ကြားရှိပေမယ့် ရန်ကုန် မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာန ညွှန်ချုပ် ဦးထွန်းလွင်ကတော့ အဆင့် (၂) ပဲ ရှိနိုင်လို့ စိုးရိမ် စရာမရှိဘူးလို့ ပြောခဲ့သတဲ့။ မောင်မန်းလောက် နားမလည်လို့ပြောတာ ပြောပါစေ ဗွေယူမနေပါနဲ့။
မေလ (၅) ရက်က ထုတ်ပြန်တဲ့ ယူနိုဆက် ဂြိုဟ်တုဓာတ်ပုံတွေအရ ဧရာဝတီတိုင်း မုန်တိုင်းအပြီး ရေကြီးမှုအခြေအနေကို မောင်မန်း မြင်နေရပါတယ် (ဂြိုဟ်တု မြေပုံပေါ်မှာနော်)။ တွံတေးကနေ ဒေးဒရဲ၊ ဖျာပုံတကြောလုံး ဒေသတခုလုံး ရေကြီးနေပါတယ်။ ကဲ မောင်မန်း မတောက်တခေါက် ဆွဲထားတဲ့ ဂရပ်ကြည့်ရင် ပိုရှင်းပါလိမ့်မယ်။

အလားတူပဲ ရန်ကုန်ဝန်းကျင်ကို ကြည့်ရင်လည်း အနောက်ဘက်ခြမ်းမှာ တွံတေး၊ အင်းစိန်၊ ထန်းတပင်တကြောလုံး ရေကြီးနေပြီး မြောက်ဘက်ခြမ်းမှာ လှည်းကူး၊ ပဲခူး၊ သနတ်ပင်၊ ကဝ
စတဲ့ ဒေသတခွင်လုံး ရေကြီးနေတာကို ကုလသမဂ္ဂ UNOSAT အဖွဲ့ထုတ်ပြန်တဲ့ ဂြိုဟ်တု မြေပုံမှာ တွေ့ရပါတယ်။ ရန်ကုန် တောင်ဘက် သန်လျင်၊ ကျောက်တန်း၊ သုံးခွတခွင်လုံး ရေကြီးနေသတဲ့။ Modis ဂြိုဟ်တု မြေပုံတွေကလည်း ဒီတိုင်းပဲ ပြပါတယ်ဗျာ။ ကိုင်း-ဒါဆိုရင် ဒီလောက် ဒုက္ခပေးတဲ့ နာဂစ်ရဲ့ ဇာစ်မြစ်ကို မောင်မန်းတို့ ကြည့်ရအောင်။
တကယ်တော့ နာဂစ်ဆိုတဲ့ ဝေါဟာရဟာ Daffodil (မြစ်ဥကပေါက်တဲ့ အ၀ါရောင်ပန်း) လို့ အဓိပ္ပာယ်ရတဲ့ အူရဒူဘာသာစကားကနေ ယူထားတဲ့ စကားလုံး ဖြစ်ပါသတဲ့။
(၂၀) ရာစု အစောပိုင်းတုန်းကစပြီး မုန်တိုင်းတွေကို အမည်ပေးရာမှာ သြစတြေးလျနိုင်ငံသား မိုးလေ၀သအရာရှိတဦးက သူမကြိုက်တဲ့ နိုင်ငံရေးသမားတွေ နာမည်ပေးရာက စခဲ့တာလို့ U.S National Hurricane Center က ပြောပါတယ်။ မြောက်အတ္တလန်တိတ် သမုဒ္ဒရာထဲက ဆိုင် ကလုန်းမုန်တိုင်းတွေကိုတော့ ၁၉၅၃ ခုက စပြီး အမျိုးသမီးနာမည်တွေနဲ့ အမေရိကန် မိုးလေ
ဝသဌာနက စတင်နာမည်ပေးခဲ့ပြီး ၁၉၇၉ ရောက်မှ အမျိုးသားနာမည်တွေပါ ပေးလာတာ ဖြစ်ပါတယ်။ ခုလို ဆိုင်ကလုန်း မုန်တိုင်းတွေကို အမည်တပ်ပေးရတာကလည်း လူအများ ဂရုစိုက်လာဖို့နဲ့ ဘေးအန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့ ရည်ရွယ်တာပါတဲ့။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း စတင်ခဲ့တဲ့ မြောက်အိန္ဒိယ သမုဒ္ဒရာထဲက အပူပိုင်းဒေသ ဆိုင်ကလုန်း မုန်တိုင်းတွေကိုတော့ ၂၀၀၄ ခုနှစ်မှစပြီး နာမည်ပေးခဲ့တာ ဖြစ်သတဲ့။ ခုလို နာမည်ပေးရာမှာလည်း မြောက်အိန္ဒိယ သမုဒ္ဒရာနဲ့ ကမ်းရိုးတန်းချင်း ဆက်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မော်လဒိုက်၊ မြန်မာ၊ အိုမန်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ထိုင်းစတဲ့ နိုင်ငံတွေက နိုင်ငံအမည် အင်္ဂလိပ်အက္ခရာစဉ် အလိုက် ဆိုင်ကလုန်းအမည် ရွေးရပြီး အမည်တခုကို တကြိမ်ပဲ သုံးရပါတယ်။
၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ မြောက်အိန္ဒိယ သမုဒ္ဒရာထဲမှာ ဖြစ်လာမယ့် ဆိုင်ကလုန်းမုန် တိုင်းတွေကို နာမည်ကြိုတင် ကင်ပွန်းတပ်ထားရာမှာ နာဂစ်ဆိုတဲ့ အမည်ကို ပါကစ္စတန်နိုင်ငံက ပေးခဲ့သတဲ့။
မြန်မာနိုင်ငံကတော့ ဆိုင်ကလုန်းမုန်တိုင်းတွေကို ပျား၊ ရေမြင်း၊ ဖျံ၊ သိမ်း၊ နွားနောက်၊ ကြံ့၊ ဒရယ်၊ ကျားဆိုပြီး ပေးထားသတဲ့။ မောင်မန်းနောက်တာ မှုတ်ဘူး၊ အတည်ပြောတာ။ ၂၀၀၇ ခုနှစ် ဇွန်လက ပါကစ္စတန်နိုင်ငံကို တိုက်သွားတဲ့ ရေမြင်းဆိုင်ကလုန်း မုန်တိုင်းဆိုတာ မြန်မာစစ်အစိုးရ ပေးထားတဲ့ အမည်ပါတဲ့။ ရေမြင်းနှိပ်စက်လို့ ပါကစ္စတန်မှာ လူ (၁၀) ယောက်ကျော် သေပြီး လူတသန်း အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ပါတယ်။ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း အပြီး နောက်လာမယ့် ဆိုင်ကလုန်းကိုတော့ Abe ဆိုပီး သီရိလင်္ကာနိုင်ငံက ကြိုပေးထားပါတယ်။ ကံဆိုးသူ မောင်ရှင် ဘယ်နိုင်ငံခံရမလဲ မောင်မန်းတို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မလိုတမာသူတွေက နေပြည် တော်ကို Abe မုန်တိုင်း ၀င်မယ်လို့ ကောလာဟလ ပြောပေမယ့် မောင်မန်း မယုံပါဘူး။
တော်ပါသေးတယ် မြောက်အိန္ဒိယ သမုဒ္ဒရာထဲမှာ ဖြစ်လာမယ့် ဆိုင်ကလုန်းမုန်တိုင်းတွေကို
ကိုယ်မကြိုက်တဲ့ အမျိုးသမီးနာမည်သာ ပေးရစတမ်းဆိုရင် မြန်မာစစ်အစိုးရ ဘယ်နာမည်ပေး
မလဲ ရင်တုန်စရာပါပဲ။ |