English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


 
 

ကျနော်တို့ကရော ဘာများရနိုင်အုံးမည်နည်း
ဂါမဏိ
line

 

နအဖက (၁၄) နှစ်လုံးလုံး အကြီးအကျယ် လုံးပန်းအားထုတ်ပြီး ရေးဆွဲလိုက်တဲ့ “အခြေခံဥပဒေ” ဆိုတာကြီးဟာ ကျနော်တို့ ပြည်သူလူထုတွေအတွက် အရင်အခြေအနေတွေနဲ့မတူ တမူထူးပြီး ဘာတွေများ ဆောင်ကျဉ်းလာပါသလဲ။

၁၉၄၃ သြဂုတ် (၁) ရက်နေ့မှာ ဗမာစစ်နယ်မြေဆိုင်ရာ ဂျပန်တပ်မတော် စစ်သေနာပတိကြီး ဗိုလ်ချုပ်ကြီး ကာဝါဘေက “လက်ရှိအစိုးရအဖွဲ့၏ အုပ်ချုပ်ရေး နယ်နိမိတ် တ၀န်းလုံးမှ ဂျပန် စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းကြောင်း” အမိန့်ပြန်တမ်း ထုတ်ခဲ့ပြီးနောက်မှာ “ဗမာနိုင်ငံတော် လွတ်လပ်ရေး” ကို ကြေညာခဲ့ပါတယ်။ “ဗမာနိုင်ငံတော်၏ အုပ်ချုပ်ရေးစည်းမျဉ်း” လို့ခေါ်တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီအခြေခံဥပဒေကို နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ယှဉ်ထိုးကြည့်တဲ့အခါ အခုလိုတွေ့ရပါတယ်။

(၁) နအဖ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၆-စ) မှာ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” လို့ ဆိုထားပါတယ်။

၁၉၄၃ ဂျပန်ခေတ် အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၂) မှာ “ဗမာနိုင်ငံတော်သည် မဟာအရှေ့ အာရှ သာတူညီမျှ ကြီးပွားရေး နယ်ပယ်ကြီးကို တည်ထောင် ဖွဲ့စည်းကြသော အချုပ်အခြာ အာဏာပိုင်နိုင်ငံများ အစုအသင်းတွင် အခြားနိုင်ငံများနှင့် အခွင့်အရေး တန်းတူရရှိ၍ ပါဝင်
သောနိုင်ငံတခုဖြစ်သည်”
လို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ဆိုလိုရင်းကတော့ ဂျပန်ဖက်ဆစ်ဝါဒရဲ့ ကိုလိုနီ တခုဖြစ်တယ် ဆိုတာပါပဲ။

မဆလခေတ် ၁၉၇၄ အခြေခံဥပဒေ အခန်း (၂) ပုဒ်မ (၁၁) မှာလည်း “နိုင်ငံတော်သည် တခု တည်းသော ပါတီစနစ်ကိုသာ ကျင့်သုံးရမည်။ မဆလပါတီသည် နိုင်ငံတော်၏ တခုတည်းသော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကို ဦးဆောင်သည်” လို့ ပါရှိခဲ့ပါတယ်။

(၂) နအဖ အခြေခံဥပဒေ အခန်း (၈) ပုဒ်မ (၃၅၄) မှာ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံ
ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင်
အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။

(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်
(ဃ) တိုင်းရင်းသားလူမျိုး တမျိုးနှင့်တမျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုးအချင်းချင်းကိုလည်း ကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင် မြတ်နိုး သည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။” ပုဒ်မ (၃၄) မှာ “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း၊ မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်။”
ပုဒ်မ (၃၆၀-ခ) မှာ “ထိုသို့ ဘာသာသာသနာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေး များကို ပေးထားသော်လည်း အများပြည်သူအကျိုး ကိစ္စနှင့် ပြုပြင်ရေး ကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းကို မတားမြစ်ရ။

ဂျပန်ခေတ် အခြေခံဥပဒေ ပုဒ်မ (၂၄) မှာ “ဥပဒေအရ ခြွင်းချက် ထားခြင်းမှလွဲ၍ လူပုဂ္ဂိုလ်
လွတ်လပ်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ကာ မည်သည့် ဗမာနိုင်ငံသားတို့၏ ပုဂ္ဂိုလ်အရ လွတ်လပ်မှုကိုမျှ ရုပ်သိမ်းခြင်းမရှိစေရ။” ပုဒ်မ (၂၈) မှာ “ဗမာနိုင်ငံသားတိုင်းသည် ဥပဒေ ဘောင်နှင့် ကိုယ်ကျင့်တရား ဘောင်အတွင်း၌ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ပြောဆိုခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင် ရွက်ခွင့်ရှိသည်။” ပုဒ်မ (၂၇) မှာ “ဗမာနိုင်ငံသားတိုင်းသည် အများပြည်သူ ငြိမ်ဝပ်ပိပြားရေးနှင့် ကိုယ်ကျင့်တရားကို မဆန့်ကျင်ပါက ဘာသာသာသနာရေး ယုံကြည်ကိုးကွယ်ခွင့်နှင့် ဆောက်တည်ကျင့်သုံးခွင့် ရှိသည်။”

မဆလခေတ် ၁၉၇၄ အခြေခံဥပဒေ ပုဒ်မ (၁၅၇) မှာ “နိုင်ငံသားတိုင်း၌ လုပ်သားပြည်သူများ၏ အကျိုးစီးပွားနှင့် ဆိုရှယ်လစ် အကျိုးစီးပွားကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ် လပ်စွာရေးသားခွင့်နှင့် လွတ်လပ်စွာ ထုတ်ဝေခွင့်ရှိသည်။” ပုဒ်မ (၁၅၈) မှာ “နိုင်ငံသားတိုင်း၌ ဥပဒေက ခွင့်ပြုထားသော နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူထုလူတန်းစား အဖွဲ့အစည်း များတွင် လွတ်လပ်စွာ ပါဝင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် လွတ်လပ် စွာစီတန်းလှည့်လည်ခွင့်ရှိသည်”

(၃)နအဖ အခြေခံဥပဒေ ပုဒ်မ (၃၅၇) မှာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ် ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေး စာယူနှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်။” ပုဒ်မ (၃၅၉) မှာ “နိုင်ငံတော်သည် အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။” ပုဒ်မ (၃၆၅) မှာ “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့ အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်”
ပုဒ်မ (၃၇၆) မှာ “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ
(၂၄) နာရီထက် ပို၍ ချုပ်နှောင်ခြင်းမပြုရ” လို့ ပြဋ္ဌာန်းထားပါတယ်။

ဂျပန်ခေတ် အခြေခံဥပဒေ ပုဒ်မ (၂၅) မှာ “ဥပဒေအရ ခြွင်းချက်ထားခြင်းမှလွဲ၍ မည်သည့် ဗမာနိုင်ငံသားတို့၏ ကိုယ်ပိုင်စည်းစိမ် ဥစ္စာပိုင်ဆိုင်မှုကိုမျှ သိမ်းဆည်း ဖျက်သိမ်းခြင်း မရှိစေရ။” ပုဒ်မ (၂၆) မှာ “ဥပဒေအရ ခြွင်းချက်ထားခြင်းမှလွဲ၍ ဗမာနိုင်ငံသားအားလုံး၏ အိုးအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ အဓမ္မကျူးကျော် ဝင်ရောက်ခြင်း မရှိစေရ” လို့ ပြဋ္ဌာန်းခဲ့ပါတယ်။

(၄) နအဖ အခြေခံဥပဒေ ပုဒ်မ (၃၈၃) မှာ "နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည် -

(က) ပြည်ထောင်စုမပြိုကွဲရေး
(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး
(ဂ) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး" စသဖြင့် ပြဋ္ဌာန်းထားပါတယ်။

မဆလခေတ် ၁၉၇၄ အခြေခံဥပဒေ ပုဒ်မ (၁၆၆) မှာ “နိုင်ငံသားတိုင်းသည် မိမိ၏ လွတ်လပ်ခွင့် များနှင့် ရပိုင်ခွင့်များကို ခံစားရာ၌ အောက်ပါတရပ်ရပ်ကို ထိပါးခြင်း မပြုမိစေရန် ရှောင်ကြဉ် စောင့်ထိန်းရမည့် တာဝန်ရှိသည်
(က) နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်လုံခြုံရေး
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားသော ဆိုရှယ်လစ်စနစ်၏ အခြေခံအနှစ်သာရများ
(ဂ) တိုင်းရင်းသား လူမျိုးအချင်းချင်း သွေးစည်းညီညွတ်ရေး
(ဃ) အများပြည်သူတို့၏ အေးချမ်းသာယာရေး
(င) အများပြည်သူတို့၏ ကိုယ်ကျင့်တရား” လို့ ပြဋ္ဌာန်းခဲ့ပါတယ်။

ဒီတော့ကာ ၁၉၄၃ ခုကနေ ၁၉၄၅ ခုအထိ ဂျပန်ခေတ် “ရွှေရည်စိမ်လွတ်လပ်ရေး” ကာလ၊
၁၉၇၄ ကနေ ၁၉၈၈ အထိ မဆလခေတ် “ဆိုရှယ်လစ်ဒီမိုကရေစီ” ကာလတွေမှာ ကျနော်တို့ ပြည်သူတွေ ဘာအခွင့်အရေးတွေများ ရရှိခံစားနိုင်၊ ကျင့်သုံးနိုင်ခဲ့သလဲဆိုတာ လူတိုင်းသိပြီး ဖြစ်ပါတယ်။ အဲဒီခေတ်တွေက နိုင်ငံသား မူလအခွင့်အရေး ပြဋ္ဌာန်းချက်တွေနဲ့ မကွာခြားတဲ့
အခု ၂၀၀၈ နအဖ အခြေခံဥပဒေမှာ၊ ကျနော်တို့ကရော ဘာများ ရနိုင်အုံးမည်နည်းလို့ ဆရာ ဗန်းမော်တင်အောင် လေသံနဲ့ ငြီးဖို့ပဲ ရှိပါတယ်။

နိုင်ငံသား မူလအခွင့်အရေးတွေ ထားလိုက်အုံး၊ အာဏာပိုင်းမှာရော ကျနော်တို့ ပြည်သူလူထုက တကယ်ပဲ (၇၅) ရာခိုင်နှုန်း ရမှာလား။ တွက်ကြည့်တော့ စက်မရှိတာကို အခုလို တွေ့ရပါတယ်။

(က) ဗဟိုနဲ့ ပြည်နယ်/တိုင်းလွှတ်တော်တွေအထဲမှာ စစ်တပ်ကိုယ်စားလှယ်တွေက (၂၅) ရာခိုင်နှုန်း အာဏာယူထားပါတယ်။

(ခ) ဗဟိုနဲ့ ပြည်နယ်/တိုင်းအစိုးရများထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေး သို့မဟုတ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး နေရာများကို စစ်တပ်က ယူထားပါတယ်။ အစိုးရ အဖွဲ့တခုမှာ ဝန်ကြီးချုပ် (နအဖစနစ်မှာ သမ္မတ)၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဆိုတဲ့
(၅) နေရာဟာ အဓိက အာဏာရှိ နေရာတွေဖြစ်လို့ အစိုးရအဖွဲ့တခုလုံးရဲ့ (၆၀) ရာခိုင်နှုန်း အာဏာရှိတယ်လို့ နိုင်ငံရေး သိပ္ပံပညာမှာ သတ်မှတ်ထားပါတယ်။ ဒီထဲမှာ ဝန်ကြီးချုပ်က(၂၀) ရာခိုင်နှုန်း၊ ကျန်ဝန်ကြီး (၄) ပါးက (၁၀) ရာခိုင်နှုန်းစီ ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် မြန်မာပြည်မှာ စစ်တပ်က ကာကွယ်ရေးနဲ့ ပြည်ထဲရေးဆိုတဲ့ ဝန်ကြီးနေရာ (၂) နေရာ ကိုင်ထားတော့ (၂၀) ရာခိုင်နှုန်း အာဏာရှိနေပါတယ်။  ဒါ့အပြင် မြန်မာပြည် ထူးခြားချက်အရ နယ်မြေအားဖြင့် (၆၀) ရာခိုင်နှုန်း၊ လူဦးရေအားဖြင့် (၄၀) ရာခိုင်နှုန်းနဲ့ဆိုင်တဲ့ (စစ်တပ်ခန့်) တိုင်းရင်းသားနဲ့ နယ်စပ်ရေး ရာ ဝန်ကြီးဟာလည်း အစိုးရအဖွဲ့တခုလုံးရဲ့ (၁၀) ရာခိုင်နှုန်းလောက် အရေးပါနေပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ထဲမှာ သမ္မတ (၁)၊ ဒု-သမ္မတ (၂) ပါနေပါတယ်။ ဒီ (၃) ယောက်မှာ တယောက်က စစ်တပ်ခန့်ဖြစ်ပါတယ်။ အကယ်၍ သမ္မတက စစ်တပ်က မဖြစ်ဘဲ ဒု-သမ္မတ တယောက်ပဲ စစ်တပ်က ဖြစ်ရင်တောင် အစိုးရအဖွဲ့ထဲမှာ စစ်တပ်က နောက်ထပ် (၁၀)
ရာခိုင်နှုန်း အာဏာပိုရှိနေပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေး နယ်ပယ် (ဝါ) အစိုးရအဖွဲ့ထဲမှာ စစ်တပ်က အနည်းဆုံး (၄၀) ရာခိုင်နှုန်း အာဏာယူထားပါတယ်။ ဒါဟာ သမ္မတနဲ့ တခြား ဝန်ကြီးတွေ စစ်တပ်သြဇာခံ ရုပ်သေးဖြစ်နိုင်တာကို ထည့်မတွက်သေးပါဘူး။ (ကိုလိုနီခေတ်က ဗမာပိုင် (၉၁) ဌာနနဲ့ အင်္ဂလိပ် ဘုရင်ခံပိုင် (၇) ဌာန အာဏာကို ယှဉ်ကြည့်ပါ)

(ဂ) တပ်ချုပ်ဟာ လက်နက်ကိုင်တပ်အားလုံးရဲ့ အကြီးအကဲဖြစ်ပြီး အရေးပေါ် အခြေအနေ ပေါ်ပေါက်ရင် (သို့မဟုတ်) အရေးပေါ် အခြေအနေ ပေါ်ပေါက်မယ့် အလားအလာရှိရင် ဥပဒေပြု၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာများ (ဝါ) သမ္မတအာဏာများကို ရယူတဲ့အတွက် နိုင်ငံမှာ (၅၀) ရာခိုင်နှုန်း အာဏာရှိပါတယ်။

(ဃ) တပ်ချုပ်ခန့်အပ်ရာမှာနဲ့ အရေးပေါ်အခြေအနေကြေညာရာမှာ အဓိကအာဏာရှိတဲ့ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် (၁၁) ဦးမှာ စစ်တပ်က (၆) ဦးပါပြီး အရေးပေါ် အခြေ အနေပြီးဆုံးပေမယ့် လွှတ်တော်သက်တမ်း ကုန်နေရင် ဒီကောင်စီက အာဏာ ၃ ရပ် (ဝါ) သမ္မတ အာဏာကျင့်သုံးတဲ့အတွက် နိုင်ငံမှာ (၅၁) ရာခိုင်နှုန်း အာဏာရှိပါတယ်။

(င) စစ်သားအမတ်များ သဘောမတူရင် အခြေခံဥပဒေကို လုံးဝမပြင်ဆင်နိုင်တဲ့အတွက် နိုင်ငံမှာ (၅၁) ရာခိုင်နှုန်း အာဏာရှိပါတယ်။

ဒါကြောင့် နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေအရ စစ်ဗိုလ်ချုပ်တွေရမယ့် အာဏာစုစုပေါင်းက နိုင်ငံ တခုလုံး အာဏာရဲ့ ၂၅+၄၀+၅၀+၅၁+၅၁=၂၁၇ ရာခိုင်နှုန်း တောင်ရှိနေပါတယ်။ ဒါဟာ လက်ရှိ ကာလ (၁၉၈၈-၂၀၀၈) မှာ စစ်ဗိုလ်ချုပ်တွေက နိုင်ငံ့အာဏာ (၁၀၀) ရာခိုင်နှုန်း ယူထားတာထက် နှစ်ဆကျော်ဖြစ်ပါတယ်။

ခေတ်သစ်သင်္ချာပညာမှာ ၁ = ၂ ဖြစ်ကြောင်းကို တွက်ချက်သက်သေပြထားတာကို သင်္ချာစာအုပ် တအုပ်မှာ တခါက ဖတ်ခဲ့ရဖူးပါတယ်။ အခုတော့ နိုင်ငံရေးမှာလည်း ၂၅ = ၂၁၇ သို့မဟုတ် ၂၅ ရာခိုင်နှုန်းသည် ရာနှုန်းပြည့် ဖြစ်ကြောင်း မြန်မာပြည်က နအဖ စစ်အာဏာရှင် ဗိုလ်ချုပ်တွေက မေ (၁၀) ရက်မှာ ရူးမိုက်စွာ ဖော်ထုတ် သက်သေပြဖို့ ကြိုးစားနေလေရဲ့။      ။

 

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics