ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် မဲခေါင်ဒေသမှ အစိုးရခေါင်းဆောင်များ တက်ရောက်သော ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ (၆-၇) ရက်နေ့၌ တိုကျိုမြို့တွင် ကျင်းပ၍ လာမည့် (၃) နှစ်အတွင်း မဲခေါင်ဒေသကို အမေရိကန်ဒေါ်လာသန်း (၅,၅၀၀) ထောက်ပံ့မည်ဟု ဂျပန်အစိုးရက ကတိပေးလိုက်သည်။ ဂျပန်အစိုးရသည် ၎င်းရန်ပုံငွေ အများဆုံးထည့်ဝင်သော အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) မှ တဆင့် မဲခေါင်ဒေသကို ကူညီနေသော်လည်း ဂျပန်၌ မဲခေါင်ထိပ်သီးအစည်းအဝေးကျင်းပသည်မှာ ဤအကြိမ်သည် ပထမဆုံးဖြစ်ပေသည်။ မဲခေါင်ဒေသတွင် ယူနန်ပြည်နယ်ပါဝင်သော်လည်း တိုကျိုအစည်းအဝေး၌ တရုတ်ကိုယ်စားလှယ် မပါဝင်သည်ကို ထူးခြားချက်အဖြစ် မြင်ကြသည်။
လွန်ခဲ့သော် မတ်လနှောင်းပိုင်း လာအိုနိုင်ငံ ဗီယမ်ကျင်း မြို့တော်၌ မဲခေါင်ဒေသ (၆) နိုင်ငံ၏ တတိယမြောက် ထိပ်သီးညီလာခံ ကျင်းပ၍ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှ ၀န်ကြီးချုပ်များ တက်ရောက်ကြသည်။ အာဏာရှင်အစိုးရစနစ် ကျင့်သုံးသောနိုင်ငံ (၅) နိုင်ငံနှင့် ဒီမိုကရေစီစနစ် ကျင့်သုံးရန် ကြိုးစားနေသော နိုင်ငံ (၁) နိုင်ငံ ပါဝင်သည့် မဲခေါင်အုပ်စုကို ၁၉၉၂ က ဖွဲ့စည်းခဲ့သဖြင့် သက်တမ်း (၁၆) နှစ်ကျော်ရှိပြီဖြစ်၏။ မဲခေါင်ထိပ်သီးညီလာခံကို
၂၀၀၂ ခုနှစ်မှစ၍ (၃) နှစ်တကြိမ် ကျင်းပနေသည်။ ပထမထိပ်သီးညီလာခံကို ကမ္ဘောဒီးယား၌ ကျင်းပပြီး ဒုတိယညီလာခံကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်မြို့၌ ကျင်းပသည်။
ဤအချက်ကိုကြည့်ပါက ယူနန်၊ လာအိုနှင့် ကမ္ဘောဒီးယားသည် မဲခေါင်ဒေသဖွံ့ဖြိုးရေးတွင် အရေးပါနေသည်မှာ ထင်ရှား၏။ မဲခေါင်မြစ်သည် တရုတ်ပြည်၌ မြစ်ဖျားခံပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကို ဖြတ်သန်းစီးဆင်းသည့် အတွက် မဲခေါင်မြစ်ဝှမ်းကို အမှီပြုနေထိုင်သော လူဦးရေသည် ကမ္ဘာ့ဈေးကွက်၌ ၀င်ရောက်ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်အထိ တိုးတက်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် မဲခေါင်ဒေသ ထိပ်သီးညီလာခံများ ကျင်းပနေခြင်းဖြစ်သည်။
၁၉၉၂ ၌ မဲခေါင်ဒေသဖွံ့ဖြိုးရေးအစီအစဉ် စတင်ကတည်းက မြန်မာမှလွဲ၍ ကျန်နိုင်ငံ (၅) နိုင်ငံ၌ ဆင်းရဲသားဦးရေ နည်းပါးလာသည်ဟု ၂၀၀၇ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) အစီရင်ခံစာ၌ ဖော်ပြသည်။ မြန်မာပြည်နှင့်ပတ်သက်သော စာရင်းဇယား မတွေ့ရပါ။ မဲခေါင်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၌ အရင်းအနှီး အများဆုံးထုတ်သူသည် တရုတ်ဖြစ်၏။ ကူမင်က ဘန်ကောက်အထိ ကားလမ်းဖောက်ထားသည်။ လာအိုနှင့် ကမ္ဘောဒီးယားတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်၏။ သဘာဝသယံဇာတကို တရုတ်က မျက်စိကျနေသည်။ စစ်ရေး၌လည်း အများဆုံးကူညီသည့်အတွက် တရုတ်သြဇာညောင်းလာနိုင်သည်။ လာအို၊ ကမ္ဘောဒီးယားသည် လူနေကျဲ၍ ကျယ်ဝန်းသည့်အတွက် မြေဧကပေါင်း သိန်းချီ၍ တရုတ်ကုမ္ပဏီများကို နှစ်ရှည်ငှားထားပါသည်။
မြေရှိ၍ ငွေအားလူအားမရှိသည်ကို အခွင့်ကောင်းယူပြီး တရုတ်ဝင်လာခြင်းဖြစ်၏။ ထိုင်းနှင့် ဗီယက်နမ်သည် ဒုတိယအင်အားအကောင်းဆုံးဖြစ်၏။ မြန်မာနှင့်လာအိုကို ကြွေးပိသောနိုင်ငံအဖြစ် အေဒီဘီက သတ်မှတ်ထားသည်။ မြန်မာစစ်အစိုးရ၏ ချုပ်ကိုင်မှုနှင့် နိုင်ငံခြားအထောက်အပံ့အနည်းငယ်သာ ရရှိမှုကြောင့် မြန်မာပါဝင်သောအခန်းမှာ အကန့်အသတ်ရှိနေသည်။ မဲခေါင်အရှေ့အနောက် လမ်းကြောင်းစီမံကိန်းအရ မော်လမြိုင်မှ ဗီယက်နမ်နိုင်ငံ ဒါနန်မြို့အထိ မိုင် (၉၀၀) ကျော်ရှည်သော ကားလမ်းကို ဒေါ်လာသန်း (၃,၀၀၀) အကုန်အကျခံပြီး ဆောက်လုပ်နေပါသည်။
မော်လမြိုင်-မြ၀တီ မိုင် (၁၀၀) ကျော်ရှည်သောကားလမ်းကို ထိုင်းအစိုးရက အကုန်အကျခံပြီး ဆောက်လုပ်၏။ မြ၀တီ-သင်္ကန်းညီနောင်လမ်းကို ထိုင်းကုမ္ပဏီက ဆောက်လုပ်၍ ပြီးစီးသွားပါပြီ။ ယခု သင်္ကန်းညီနောင်-ကော့ကရိတ်ကားလမ်းကို တည်ဆောက်ရန် ပြင်ဆင်နေသည်။ ငွေရင်းမရှိသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားကို ကူညီနိုင်ရန် ထိုင်းအစိုးရက ၂၀၀၃ နိုဝင်ဘာလတွင် ဧရာဝတီ၊ ကျောက်ဖုရား၊ မဲခေါင် စီးပွားရေးပူးပေါင်းရေးလမ်းစဉ်ကို ပုဂံမြို့ဟောင်း၌ ချမှတ်ခဲ့သည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာ၌ လိုအပ်သော အရင်းအနှီးကို ထိုင်းအစိုးရ စိုက်ထုတ်မည့်အစီအစဉ်ဖြစ်သည်။
မြ၀တီ-မော်လမြိုင်ကားလမ်းစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရ၍ ဒုက္ခရောက်သူများရှိသကဲ့သို့ မြေဧကသိန်းချီ၍ စိုက်ပျိုးရေး ကန်ထရိုက်ရသော ထိုင်းကုမ္ပဏီများလည်းရှိ၏။ မဲခေါင်စီမံကိန်း၌ မြန်မာတိုင်းရင်းသားများ အကျိုးမခံစားကြရသော်လည်း ယူနန်နေတိုင်းရင်းသားများကို တရုတ်အစိုးရက ကူညီထောက်ပံ့နေသည်။ ယူနန်သည် တိုင်းရင်းသားလူမျိုးစု အများဆုံးပြည်နယ်ဖြစ်၍ မဲခေါင်စီမံကိန်းကြောင့် ဒေသခံများ ဒုက္ခမရောက်အောင် တရုတ်အစိုးရက ဂရုစိုက်နေပုံရသည်။
တရုတ်ဝန်ကြီးချုပ် ၀မ်ဂျာဘောင်းသည် မဲခေါင်ထိပ်သီးညီလာခံအပြီး၌ ယူနန်ပြည်နယ် ဂျင်းဖောကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေသို့ သွားရောက်သည်။ တိုင်းရင်းသားလူနည်းစုတွေကို ဒေါ်လာသန်းပေါင်း (၃,၅၀၀) ထောက်ပံ့ရန် အစိုးရက ဆုံးဖြတ်ကြောင်း ၀မ်ဂျာဘောင်းက ပြောသည်။ တရုတ်ပြည်၌ ဂျင်းဖောဟုခေါ်သော တိုင်းရင်းသားကို မြန်မာပြည်၌ ကချင်ဟု ခေါ်သည်။ မဲခေါင်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတွင် တရုတ်သည် ငွေအားလူအား အစိုက်နိုင်ဆုံးဖြစ်သည့်အတွက် တရုတ်စီးပွားရေး နယ်ချဲ့ရန် လမ်းခင်းပေးသော စီမံကိန်းလိုဖြစ်နေသည်ဟုလည်း သုံးသပ်ကြသည်။ တရုတ်လွှမ်းမိုးနေသည်ကို တန်ပြန်ရန်အတွက် ဂျပန်အစိုးရသည် တိုကျိုအစည်းအဝေးကျင်းပ၍ ဒေါ်လာသန်း (၅,၅၀၀) မဲခေါင်နိုင်ငံ (၅) နိုင်ငံကို ထောက်ပံ့ရန် ကတိပြုခြင်းဖြစ်ပုံရပါသည်။
ထို့ကြောင့် အေဒီဘီ (ခေါ်) အာရှဖွံ့ဖြိုးရေးဘဏ်သည် နအဖအစိုးရကို ပြန်လည်ထောက်ပံ့လာနိုင်ပါသည်။ အေဒီဘီ (ခေါ်) အာရှဖွံ့ဖြိုးရေးဘဏ်၌ သြဇာအရှိဆုံးသည် ဂျပန်နှင့် အမေရိကန်ဖြစ်သည်။ ငွေရင်းစိုက်ထုတ်ရာ၌လည်း သူတို့က အများဆုံးဖြစ်၏။ အေဒီဘီကို ကုလသမဂ္ဂအာရှစီးပွားရေးကော်မရှင်က ၁၉၆၆ ၌ တည်ထောင်သည့်အခါ အဖွဲ့ဝင် (၃၁) နိုင်ငံသာ ရှိ၏။ ယခုအဖွဲ့ဝင် (၆၇) နိုင်ငံရှိလာပြီး မြန်မာသည် ၁၉၇၃ ၌ အဖွဲ့ဝင်ဖြစ်လာသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပါက အေဒီဘီအဖွဲ့ဝင် ဖြစ်နိုင်သည့်အတွက် အနောက်ဥရောပနိုင်ငံများလည်း ပါဝင်လာသည်။ ငွေရင်းထည့်သည့်အပေါ်၌ မူတည်၍ မဲပေးနိုင်ခွင့်ရရှိ၍ ဂျပန်နှင့် အမေရိကန်၌ မဲအများဆုံးရှိသည်။ ၎င်းတို့ သဘောမတူပါက မည်သူကိုမှ အေဒီဘီက ငွေထုတ်ချေးမည် မဟုတ်ပါ။
မော်လမြိုင်၌ ပင်လယ်ကူးသင်္ဘောဆိပ် ဆောက်လုပ်ရေးသည် မဲခေါင်အရှေ့အနောက် စီးပွားရေးလမ်းကြောင်း၌ အကျုံးဝင်နေသည်။ မြ၀တီ-မော်လမြိုင်၊ ဘားအံ စီးပွားရေးဇုန်၌ ထိုင်းနှင့် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမည်ဆိုပါက ထိုင်းနိုင်ငံထဲ ဥပဒေမဲ့ဝင်သည့် မြန်မာဦးရေ နည်းသွားမည်ဟု ယူဆသည်။
ဒါနန်-မော်လမြိုင် စီးပွားရေးလမ်းကြောင်းပွင့်သွားရန် မြန်မာဘက်၌ လမ်းပန်းဆက်သွယ်ရေးနှင့် အခြားအခြေခံအဆောက်အုံများ ကောင်းရန်လိုသည်။ ဤကိစ္စတွင် အေဒီဘီက တိုက်ရိုက်ငွေထုတ်ချေး၍ မရသေးသည့်အတွက် ပုဂ္ဂလိကများ ပါဝင်လုပ်ကိုင်လာနိုင်အောင် နအဖအရာထမ်းကို စရိတ်အကုန်အကျခံပြီး အစည်းအဝေး တက်ခိုင်းသည်။ အေဒီဘီအစည်းအဝေးတက်သော နအဖကိုယ်စားလှယ်များတွင် မူးယစ်ဆေးငွေဖြင့် ဘဏ်လုပ်ငန်းတည်ထောင်ခဲ့သူ ဦးအိုက်ထွန်းနှင့် ဦးကျော်ဝင်း ဆိုသူလည်း ပါဝင်ခဲ့ဖူးသည်။
ထိုင်း-တရုတ် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် အပေးအယူလုပ်၍ ကရင်နှင့်မွန်ပြည်နယ်၌ ရင်းနှီးမြှုပ်နှံနိုင်အောင် အာရှဖွဲ့ဖြိုးရေးဘဏ်က ဆောင်ရွက်နေသည်။ နအဖစစ်တပ်အကြမ်းဖက်၍ ဒေသခံများ ဒုက္ခရောက်ရသည်ကို ဂရုမစိုက်ပါ။ မော်လမြိုင်မှ ဒါနန်ဆိပ်ကမ်းအထိ ဈေးကွက်ကြီး ပေါ်ထွက်လာသည်ကိုသာ မြင်လို၏။ ဒီဈေးကွက်ကြီး ပေါ်ပေါက်လာပါက မဲခေါင်နိုင်ငံများ အကျိုးခံစားရလိမ့်မည်ဟု အေဒီဘီက ယူဆသည်။ လောလောဆယ်၌မူ ဒေသခံမြန်မာပြည်သားများသာ မဲခေါင်မြစ်ဝှမ်းစီမံကိန်း၌ မကောင်းသောအကျိုးဆက်များကို ခံစားနေရပေသည်။ |