ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 

 

 

အိန္ဒိယအစိုးရနှင့် နအဖစစ်အုပ်စု
NEJ / ၁၇ ဒီဇင်ဘာ ၂၀၀၉

 

လာမည့် (၂) နှစ် သို့မဟုတ် (၃) နှစ်အတွင်း မြန်မာ့သဘာဝဓာတ်ငွေ့ အိန္ဒိယသို့ တင်ပို့နိုင်ဖွယ်ရှိကြောင်း ဒီဇင်ဘာလ (၁) ရက်နေ့၌ အိန္ဒိယနေ နအဖသံအမတ် ဦးကြည်သိန်းပြောသည်ဟု အိန္ဒိယသတင်းဌာနက ဒီဇင်ဘာလဆန်းပိုင်းက ဖော်ပြသည်။ အိန္ဒိယအစိုးရကျေနပ်အောင် မျှော်လင့်ချက်ပေးလိုက်ခြင်းဖြစ်၏။ ရွှေဓာတ်ငွေ့ထုတ်လုပ်မှုတွင် အိန္ဒိယအစိုးရကုမ္ပဏီများ ပါဝင်နေပြီး အိန္ဒိယအစိုးရက ဈေးပိုပေးသော်လည်း နအဖစစ်အစိုးရက တရုတ်ကိုဦးစားပေးပြီး ဓာတ်ငွေ့ရောင်းရန် သဘောတူ လိုက်သည်ကို ကြည့်ခြင်းအားဖြင့် ဗမာစစ်အုပ်စုနှင့် ဆက်ဆံရာတွင် အိန္ဒိယသည် တရုတ်ကို မမီသည်မှာ ထင်ရှား၏။ အိန္ဒိယရှိ သူပုန်အနည်းငယ်ကို တိုက်ခိုက်ပေးရန် လူမိုက်ငှားသည့်အနေဖြင့် ဗမာစစ်အုပ်စုကို အိန္ဒိယအစိုးရက လက်နက်ရောင်းသည်။ အာဏာရှင်နှင့် လက်တွဲနိုင်အောင် အိန္ဒိယအစိုးရ ကြိုးစားနေသော်လည်း လိုချင်သည်များကို မရနိုင်သေးပါ။

ဒီဇင်ဘာ (၁၁) ရက်နေ့ ကြပ်ပြေးနေပြည်တော်တွင် ကျင်းပသည့် ဘင်္ဂလားပင်လယ်ကွေ့ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Bimstec) (၁၂) ကြိမ်မြောက် နိုင်ငံခြားဝန်ကြီးများအစည်းအဝေး၌ အကြမ်းဖက်သမားနှင့် သူပုန် တိုက်ဖျက်ရေးကို အဖွဲ့ဝင် (၇) နိုင်ငံဖြစ်သော အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ်-ဘူတန်-နီပေါ-သီရိလင်္ကာနှင့် ထိုင်းအစိုးရတို့က သဘောတူကြသည်။ Bimstec အဖွဲ့တွင် မြန်မာသည် အချက်အချာနေရာကို ရယူထားသဖြင့် နအဖအစိုးရ အရေးပါနေသည်။ ၂၀၀၁ ခုနှစ်၌တကြိမ်၊ ၂၀၀၉ ခုနှစ်၌တကြိမ် နအဖသည် Bimstec အဖွဲ့ဥက္ကဋ္ဌဖြစ်လာသည်။ အာဆီယံအဖွဲ့တွင်မူ ဥက္ကဋ္ဌ လုပ်နိုင်ရန် အခွင့်အလမ်းမရသေး (သို့မဟုတ်) အရည်အချင်းမရှိသေးပါ။

လွန်ခဲ့သော နိုဝင်ဘာလ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီး၌ နအဖ၏ လူ့အခွင့်အရေးချိုးဖျက်မှုများကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို မဲခွဲရာ၌ အိန္ဒိယအစိုးရက ဆန့်ကျင်မဲပေးခဲ့သည်။ အိန္ဒိယဒီမိုကရေစီအစိုးရ၏ ရပ်တည်ချက်သည် တရုတ်-မြောက်ကိုရီးယား-ဆူဒန်-ဇင်ဘာဘွေ-အီရန်-လစ်ဗျား စသည်တို့နှင့် တထပ်တည်းဖြစ်နေသည်မှာ အလွန်ရှက်ဖွယ် ကောင်းသော လုပ်ရပ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်၍ နအဖစစ်အုပ်စုကို စစ်လက်နက် ထောက်ပံ့သည်မှာ အိန္ဒိယအစိုးရ၏ မြန်မာပြည်ဆိုင်ရာ လမ်းစဉ်ဖြစ်သည်။

အိန္ဒိယဒီမိုကရေစီအစိုးရနှင့် တရုတ်ကွန်မြူနစ်အစိုးရတို့သည် မြန်မာပြည်ဆိုင်ရာ သဘောထား၌ တူညီနေသည်ကို တွေ့ရသည်။ နှစ်ဦးစလုံး ဗမာစစ်အစိုးရနှင့် ဆက်ဆံရေးပြေလည်ရန် အဓိကထားကြ၏။ လောင်စာစွမ်းအင်မလုံလောက်သော တရုတ်နှင့် အိန္ဒိယအတွက် မြန်မာ့သဘာဝဓာတ်ငွေ့သည် အဓိကအခန်းမှာ ပါဝင်လာ၏။ အထူးသဖြင့် ရခိုင်ပြည်နယ်ကမ်းလွန်၌ သဘာဝ ဓာတ်ငွေ့တွင်း ထပ်မံတွေ့ရှိလာသည့်အတွက် ဗမာစစ်အစိုးရ မငြိုငြင်ရေးကိုသာ အဓိကထားလာကြပုံရသည်။ လွန်ခဲ့သော အောက်တိုဘာက အိန္ဒိယစစ်ဦးစီးချုပ် ဒီပက်ကပူးရ် ကြပ်ပြေးနေပြည်တော်ကိုသွားပြီး ကြပ်ပြေးသန်းရွှေနဲ့ရော ကြပ်ပြေး မောင်အေးနဲ့ပါ တွေ့ဆုံခဲ့သည်။ မြန်မာ့အိမ်နီးချင်းနိုင်ငံအားလုံးသည် နအဖအစိုးရနှင့် ဆက်ဆံရေးအဆင်ပြေရန် အဓိကထား ကြသဖြင့် အနောက်တိုင်း၏ ဒဏ်ခတ်မှုကို နအဖဂရုမစိုက်ခြင်းဖြစ်၏။

နအဖစစ်အစိုးရသည် အိန္ဒိယနှင့်တရုတ်ကို မျှမျှတတဆက်ဆံကြောင်းပြသရန် ကြိုးပမ်းနေပုံရသည်။ နအဖသည် နှစ်နိုင်ငံစလုံးနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေသည်။ မြန်မာပြည်သည် အိန္ဒိယနှင့်တရုတ်၏ လုံခြုံရေးကို အန္တရာယ်မပေးနိုင်ကြောင်း ပြသနိုင်ရန် ကြိုးစားနေပုံရ၏။ အိန္ဒိယနှင့် တရုတ်သည်လည်း မြန်မာပြည်၌ ပြိုင်ဆိုင်မှုမလုပ်ဘဲ ပူးတွဲဆောင်ရွက်ကြရန်သာ မူအားဖြင့် သဘောတူထားကြသည်။ သို့သော်လည်း လက်တွေ့မှာမူ မြန်မာ့သဘာဝဓာတ်ငွေ့ ရရှိရန်နှင့် မြန်မာပြည်ကို အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနှင့်တရုတ်သည် အပြိုင်အဆိုင် ကြိုးပမ်းနေကြ၏။ ဒီအချက်ကို နအဖအစိုးရသည် အခွင့်ကောင်းယူနေပုံရ၏။

ရွှေသဘာဝဓာတ်ငွေ့ ၀ယ်ယူခွင့်ရထားသော တရုတ်သည် ကျောက်ဖြူ၌ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်း ဆောက်လုပ်ရေးကိုပါ တာဝန်ယူထားသည်။ အိန္ဒိယသည် ရခိုင်ပြည်နယ်၌ ၀င်ခွင့်ရသည်မှာ မကြာသေးပါ။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာဦးဆောင်သော ဆန္ဒပြပွဲ ရန်ကုန်မှာဖြစ်ပွားနေစဉ် အိန္ဒိယရေနံဝန်ကြီး ကြပ်ပြေးနေပြည်တော်သို့သွား၍ ဒေါ်လာသန်း (၁၀၀) ကျော် ကုန်ကျမည့် ‘ကုလားတန်’ မြစ်ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရန် သဘောတူချက် ရယူနိုင်ခဲ့သည်။

စစ်တွေ၌ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်း တည်ဆောက်၍ ကုလားတန်မြစ်ကြောင်းမှ အိန္ဒိယအရှေ့မြောက်ဒေသကို ဆက်သွယ်ရေးနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးကို အိန္ဒိယက တာဝန်ယူ အကောင်အထည်ဖော်ရန် သဘောတူခဲ့ကြ၏။ မီဇိုရမ်-အာသံ-မဏိပူ-နာဂ နဲ့ အရူးနားချဲပရာဒရှ စသည့်ပြည်နယ်များကို ဆက်သွယ်ရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ခွင့်မရ၍ ရခိုင်ပြည်နယ်မှတဆင့် ဆက်သွယ်ရန် အိန္ဒိယအစိုးရက ‘ကုလားတန်’ စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ ဤဒေသနေ အိန္ဒိယတိုင်းရင်းသားများသည် မျိုးနွယ်အရ တရုတ်-မြန်မာနှင့် ပို၍နီးစပ်ပေသည်။

၎င်းတို့အထဲတွင် အိန္ဒိယလက်အောက်မှခွဲထွက်ရန် လက်နက်ကိုင်ပုန်ကန်နေသူများလည်းရှိ၏။ အိန္ဒိယ-မြန်မာနယ်စပ်နေ သူပုန်အုပ်စုအချို့သည် မြန်မာဘက်၌ အခြေစိုက်စခန်းဖွင့်၍ အိန္ဒိယဘက်သို့ ၀င်ရောက်တိုက်ခိုက်လေ့ရှိသောကြောင့် အိန္ဒိယနှင့်နအဖစစ်တပ် မကြာခဏပူးတွဲစစ်ဆင်ရေးလုပ်၍ နယ်စပ်သူပုန်ကို တိုက်နေရသည်။ ဒီအချက်ကို အကြောင်းပြကာ အိန္ဒိယအစိုးရသည် နအဖအစိုးရကို စစ်လက်နက်ပစ္စည်းရောင်းချနေခြင်းဖြစ်၏။

အိန္ဒိယလိုချင်သော လောင်စာစွမ်းအင် မြန်မာပြည်၌ရှိမှု၊ အိန္ဒိယသူပုန်ကို မြန်မာစစ်တပ်က တိုက်ပေးမှု၊ မြန်မာပြည်ကိုဖြတ်၍ တရုတ်၊ အရှေ့တောင်အာရှနှင့် ကုန်သွယ်လိုမှု စသည့်အကြောင်း (၃) ခုကြောင့် အိန္ဒိယအစိုးရသည် မြန်မာ့ဒီမိုကရေစီအရေးကို အားမပေးရန် ဆုံးဖြတ်ဟန်တူသည်။ မြန်မာ့ဒီမိုကရေစီအရေးသည် မြန်မာပြည်သားများ၏ ကိစ္စဖြစ်၍ သူတို့ဘာသာ ကြိုးပမ်းရလိမ့်မယ်ဟူ၍ အိန္ဒိယ၀န်ကြီးများ မကြာခဏ ပြော၏။ အိန္ဒိယထက်တပန်းသာသည့်ကိစ္စမှာ တရုတ်သည် နအဖကို ကုလသမဂ္ဂ၌ အကာအကွယ်ပေးနိုင်ခြင်းဖြစ်၏။ လုံခြုံရေးကောင်စီ၌ နအဖအစိုးရကို အရေးယူရန်စီစဉ်တိုင်း တရုတ်က ဗီတိုအာဏာဖြင့် ပယ်ချသည်။ အိန္ဒိယသည် လုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့ဝင်ဖြစ်အောင် ကြိုးစားနေ၏။

အိန္ဒိယနှင့် ပူးတွဲဆောင်ရွက်မှုများလာလေလေ တရုတ်ကို မှီခိုမှု နည်းပါးလာလေလေဟု ပြောကြသော်လည်း တရုတ်-မြန်မာစီးပွားရေးသည် အိန္ဒိယ-မြန်မာစီးပွားရေးထက် အဆပေါင်းများစွာ ကြီးမားသည့်အတွက် တရုတ်ကို တန်ပြန်နိုင်မည် မဟုတ်ပေ။ မြန်မာပြည်၌ တရုတ်ဦးရေ တိုးပွားသကဲ့သို့ အိန္ဒိယဦးရေလည်း တိုးပွားလာနိုင်သည်။ အိန္ဒိယလူဦးရေသည် သန်း (၁,၁၀၀) ကျော်နေပြီး နောက်အနှစ် (၃၀) တွင် တရုတ်ထက် များလိမ့်မည်ဟု ခန့်မှန်းကြသည်။ နအဖသည် သဘာဝဓာတ်ငွေ့ အားကိုးသော အစိုးရဖြစ်လာသည်။ သဘာဝဓာတ်ငွေ့မှ ၀င်ငွေမရနိုင်တော့သည့် အခြေအနေကို ရင်ဆိုင်လာရမှသာ မြန်မာစစ် အစိုးရသည် ပြည်ပဖိအားပေးမှုကို ဂရုစိုက်လာလိမ့်မည်ဟု ယူဆသူများရှိသည်။

မိမိအကျိုးစီးပွားတခုတည်းကိုသာကြည့်၍ မြန်မာစစ်တပ်ကိုပေးသော လက်နက်ခဲယမ်းများ အိန္ဒိယသူပုန်လက်ထဲမရောက်ဟု မပြောနိုင်ပါ။ အိန္ဒိယ-မြန်မာနယ်စပ်သည် လက်နက်မှောင်ခိုရောင်းဝယ်ရာ နေရာဖြစ်သည်။ အိန္ဒိယအစိုးရက နအဖကို လက်နက်တင်ပို့နေစဉ် မြန်မာပြည်မှလက်နက်များ အိန္ဒိယသူပုန်လက်ထဲကို ရောက်သွားသည်မှာ ကိုယ့်ရူးကိုယ်ပတ်သော ဇာတ်လမ်းပင်ဖြစ်သည်။ အိန္ဒိယပြည်၏ အရှေ့မြောက်ပိုင်းဒေသတွင် ပြည်နယ် (၈) နယ်ရှိပြီး စုစုပေါင်း လူဦးရေ သန်း (၄၀) နီးပါးရှိသည်။

ဤဒေသနှင့် ထိတွေ့သော နိုင်ငံများသည် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ တရုတ်နှင့် မြန်မာဖြစ်၏။ ဤဒေသနှင့် အိန္ဒိယပြည်မ ဆက်သွယ်သည့် ကုန်းလမ်းသည် (၁၄) မိုင်သာ ကျယ်ဝန်းသည်။ ဤအထဲတွင် ပြည်နယ် (၄) ပြည်နယ်သည် မြန်မာပြည်နှင့် ဆက်နေသည်။ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူနှင့် မီဇိုရမ်ပြည်နယ်များသည် မြန်မာနှင့် နယ်စပ်ချင်း ဆက်နေ၏။ မဏိပူ၌ လူဦးရေ (၂) သန်းနီးပါးရှိပြီး နာဂ၊ မီဇိုရမ်နဲ့ အရူးနားချဲပရာဒရှ်၌ တသန်းစီရှိ၍ ပြည်နယ် (၄) ခုပေါင်း လူဦးရေ (၅) သန်းခန့်ရှိပြီး အာသံပြည်နယ်၌ (၂၂) သန်းရှိသည်။

နာဂပြည်နယ်၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှိသည်။ သို့သော် လက်နက်ကိုင်လှုပ်ရှားမှုကြောင့် ရေနံစီမံကိန်း ရွှေ့ဆိုင်းထားရသည်။ ရေနံစီမံကိန်းပြန်စနိုင်ရန် အိန္ဒိယအစိုးရက စစ်ဆင်နေပုံရသည်။ နာဂပြည်သူများ၏ သဘောတူချက်မပါဘဲ ရေနံထုတ်ယူခွင့် မရှိဟု နဂသူပုန်က ကြေညာထားသည်။ အာသံပြည်နယ်၌လည်း ရေနံနဲ့ဓာတ်ငွေပိုက်လိုင်းကို သူပုန်က မကြာခဏ ဖျက်ဆီးသည်။ ထို့ကြောင့် ဗမာစစ်အစိုးရကို အားကိုးနေပုံရသည်။ သို့သော်လည်း အာသံလွတ်မြောက်ရေးတပ်ဦး (ULFA) ၏ တပ်ရင်းတရင်း မြန်မာပြည်တွင် နှစ်ပေါင်းများစွာ ခိုလှုံနေကြောင်း အာသံသူပုန် (၂) ဦးက ထွက်ဆိုသည်ဟု အိန္ဒိယသတင်းစာ တစောင်က ဒီဇင်ဘာလအစောပိုင်း၌ ဖော်ပြသည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် မြန်မာစစ်အုပ်စုနှင့် လက်တွဲစစ်ဆင်ရုံဖြင့် သူပုန်နိဂုံးချုပ်မည်ဟု အိန္ဒိယအစိုးရက ယုံကြည်နေခြင်းသည် ယုတ္တိမရှိသော အယူအဆပင်ဖြစ်ပေသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo