နေအိမ်အကျယ်ချုပ် ကျခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းအရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် စစ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် အသက်အရွယ် ကြီးရင့်ပြီး နေထိုင်မကောင်းဖြစ်နေကြသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ (၉၂) နှစ်၊ အတွင်းရေးမှူး ဦးလွင် (၈၅) နှစ်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလွန်းတင် (၈၈) နှစ်တို့ သုံးဦးကို တွေ့ဆုံဂါရ၀ပြု ကန်တော့ခွင့်ရခဲ့သည်။
ထိုသို့တွေ့ဆုံဂါရ၀ပြုရာတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိဗဟိုကော်မတီအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခွင့်ပြုရန် တင်ပြသည်ကို အကန်တော့ခံ အဖွဲ့ချုပ်ဗဟိုကော်မတီလူကြီး (၃) ဦးစလုံးက သဘောတူခွင့်ပြုခဲ့ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခွင့်ပြုရန် ဗဟိုကော်မတီလူကြီး (၃) ဦးသို့ တင်ပြပြောဆိုခြင်းသည် အန်အယ်လ်ဒီ ဗဟိုကော်မတီကို သွေးသစ်လောင်းရန် အချိန်ကျရောက်ပြီဟု ယုံကြည်ယူဆသဖြင့်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်/တိုင်း၊ မြို့နယ်တို့မှ အောက်ခြေအဖွဲ့ဝင်များ မကြာခဏ တင်ပြတောင်းဆိုနေသည့် ညီလာခံခေါ်ယူရေးနှင့် ဗဟိုကော်မတီပြင်ဆင်ဖွဲ့စည်းရေးကို တစိတ်တပိုင်း ထောက်ခံသဘောတူသဖြင့်လည်းကောင်း တွေ့ဆုံဂါရ၀ပြုခွင့်ရစဉ် တချက်ခုတ် နှစ်ချက်ပြတ် ဆောင်ရွက် လိုက်ခြင်းဖြစ်သည်ဟု ယူဆမိပေသည်။
တနည်းအားဖြင့် အကျယ်ချုပ်ဖြင့် နေထိုင်ရပြီး ပြင်ပလောကနှင့် အဆက်ဖြတ်ခြင်းခံထားရသည့် လူထုခေါင်းဆောင်အနေဖြင့် နိုင်ငံရေးအရ အလွန်အရေးကြီးပြီး အဆုံးအဖြတ်ကာလကို ရောက်ရှိနေသည့် အချိန်အခါတွင် ကစားခွင့်ရသည့် နိုင်ငံရေး Space ကျဉ်းကျဉ်းလေးအတွင်းမှ သူမ၏ ဆန္ဒသဘောထားကို ပြင်ပရှိ အခြားဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဝင်အားလုံး သိရှိအောင် ထုတ်ဖော်ပြောကြားလိုက်ခြင်းလည်း ဖြစ်ပေသည်။
သို့ဖြစ်၍ ဗဟိုကော်မတီလူကြီး (၃) ဦး သဘောတူခွင့်ပြုခဲ့သည့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်လ်ဒီဗဟိုကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး လမ်းညွှန်ချက်ကို ပြင်ပရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအနေဖြင့် မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လုပ်ဆောင်ရတော့မည် ဖြစ်သည်။ ထို့အပြင် မြန်မြန်ဆန်ဆန် ပြင်ဆင်ဖွဲ့စည်းနိုင်ရန်လည်း ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ပေသည်။ သို့မှသာ မကြာမတင် ကျင်းပတော့မည့် နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက် သဘောထားနှင့် မည်သို့မည်ပုံ တိုက်ပွဲဝင်ရမည်ကို ပြည်သူလူထုသိရှိနိုင်အောင် ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာနိုင်မည် ဖြစ်ပေသည်။
ထိုသို့ ဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာတွင် မြို့နယ်၊ ပြည်နယ်/တိုင်း၊ ဗဟို စသည်ဖြင့် ပါတီညီလာခံ အဆင့်ဆင့်ခေါ်ယူပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ရန် လုပ်ကိုင်ဆောင်ရွက်လိုသူများက အများစုဖြစ်သကဲ့သို့ နအဖစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်ဟန့်တားမှုများအောက်တွင် ထိုသို့ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ရန် ဖြစ်နိုင်သည့် အနေအထားမရှိဟု တွေးပူပြီး ဗဟိုကော်မတီရွေးချယ်မှုကို ယာယီအနေဖြင့် လက်ရှိဗဟိုကော်မတီမှ ညှိနှိုင်းတိုးချဲ့လျှင် ပိုမိုကောင်းမွန်သည်ဟု ယူဆသူများလည်း ရှိသည်ဟု သိရပေသည်။
ဤနေရာတွင် “လက်ရှိဗဟိုကော်မတီမှ ညှိနှိုင်းတိုးချဲ့ဖွဲ့စည်းလျှင် ပိုမိုကောင်းမွန်သည်” ဟူသည့် အယူအဆကို အခြေခံပြီး ပြင်ဆင်ဖွဲ့စည်းပါက ပြည်နယ်/တိုင်း၊ မြို့နယ်အသီးသီးမှ အောက်ခြေအဖွဲ့ဝင်အများစု လက်ခံယုံကြည်သည့် ဗဟိုကော်မတီ အသစ်များ ပါဝင်လာခြင်းမရှိဘဲ လက်ရှိဗဟိုကော်မတီဝင်များနှင့် နီးစပ်ပတ်သက်သူများသာ ပါဝင်လာကာ ထူးမခြားနား ဗဟိုကော်မတီပြန်ဖြစ်လာပြီး ပါတီအောက်ခြေအဖွဲ့ဝင်အများစု၏ ထောက်ခံမှုကို မရရှိသည့် အနေအထားနှင့် ကြုံတွေ့ ရနိုင်သည့်အတွက် ထိုအယူအဆကို အခြေခံပြီး ပြင်ဆင်ဖွဲ့စည်းမည့်အရေးကို အလေးအနက် ပြန်လည်သုံးသပ်ဖို့ လိုမည်ဟု ယူဆမိပေသည်။
အနှစ် (၂၀) ကျော် အတွေ့အကြုံများအရလည်း အကျဉ်းကျခဲ့၊ ကျခံဆဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ ပြင်ပ၌ မရှိသည့်အချိန်တွင် ကျန်ဗဟိုကော်မတီဝင်များအနေဖြင့် နိုင်ငံရေးအရ သိသာမြင်သာသည့် တိုးတက်မှုဖြစ်ပေါ်အောင် တစုံတရာ တိုက်ပွဲဖော် ဦးဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ကြေညာချက်များ ထုတ်ပြန်တောင်းဆိုရင်း အချိန်ကုန်လွန်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပေသည်။ ထိုသို့သော ဗဟိုကော်မတီဝင်အများစုက ညှိနှိုင်းရွေးချယ်မည့် ဗဟိုကော်မတီဝင်အသစ်များကို အောက်ခြေပါတီဝင်အများစုက လက်မခံသည့် အနေအထားနှင့် ကြုံတွေ့ရပါက ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီ၏ လုပ်ငန်းဆောင်တာများကို လျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အဖုအထစ်များနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပေသည်။
သို့ဖြစ်၍ လက်ရှိ နအဖစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုအောက်၌ မြို့နယ်၊ ပြည်နယ်/တိုင်း၊ ဗဟို အဆင့်ဆင့် ညီလာခံခေါ်ယူပြီး ဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် မဖြစ်နိုင်သည့်တိုင် မကြာသေးမီက အဖွဲ့ချုပ် ဗဟိုအမျိုးသမီးအထောက်အကူပြု တာဝန်ခံတဦး ပြောကြားသည့် “ပါတီညီလာခံ ခေါ်ယူပြီးတော့ ဗဟိုကော်မတီပြန်ဖွဲ့တာက အကောင်းဆုံးဖြစ်မယ်ထင်တယ်။ ညီလာခံဆိုတာက အကြီးကြီး လုပ်စရာမလိုပါဘူး၊ မြို့နယ်ဥက္ကဋ္ဌတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ခေါ်တာ အကောင်းဆုံးဖြစ်မယ်” ဟူသည့် အဆိုအပြုချက်အပေါ် အလေးအနက်ထား စဉ်းစားသင့်သည် ဟု ယူဆမိပေသည်။
ထိုအယူအဆအပေါ် လက်ရှိ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်သည့် ဦးဝင်းတင်၏ အောက်ပါ အကြံပြုချက်ကို ထပ်ဆင့်လိုက်လျှင် လုပ်ရည်ကိုင်ရည်ရှိသူများ ဗဟိုကော်မတီအတွင်းသို့ ရောက်ရှိလာပြီး ပါတီစည်းရုံးရေး လုပ်ငန်းများကို သွက်လက်ထက်မြက်စွာ ဆောင်ရွက်နိုင်ကာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ရဲရင့်တက်ကြွစွာ ဦးဆောင်မှုပေးနိုင်မည့် နုပျိုသစ်လွင်သည့် ဗဟိုကော်မတီသစ်တရပ် ပေါ်ထွန်းလာမည်ဟု ခေတ်ပြိုင်က ယူဆမိပေသည်။
“ဘာပဲပြောပြော ကျနော်တို့က အားနဲ့မာန်နဲ့၊ ခွန်အားနဲ့ စိတ်ဓာတ်နဲ့ တွန်းတွန်းတိုက်တိုက်ကလေး လုပ်မယ်ပေါ့ဗျာ။ ထားရာနေ၊ စေရာသွားဆိုတဲ့ စိတ်မဟုတ်ဘဲနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျနော်ထင်တယ် အခု ခင်ဗျားပြောခဲ့တဲ့ ခေါင်းဆောင်သစ် ဖော်ထုတ်ရေးတို့၊ အင်အားသစ် ဖော်ထုတ်ရေးတို့၊ လုပ်ငန်းသစ်များ ဖော်ထုတ်ရေးတို့ ဆိုတာတွေဟာ တနည်းမဟုတ်တနည်း အနှေးနဲ့အမြန် ပေါ်လာမှာပဲလို့ ကျနော်ကတော့ အဲဒီလိုယုံကြည်ပါတယ်ဗျာ” ။ ။ |