ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

တိဗက်-မြန်မာ လူဦးရေပြဿနာ
NEJ / ၁၈ ဇန်န၀ါရီ ၂၀၁၀

 

တိဗက်တွင် ၂၀၀၈ ခုနှစ်၌ ဖြစ်ပွားသော သံဃာ့ဆန္ဒပြပွဲကို တရုတ်ကွန်မြူနစ်အစိုးရက အကြမ်းဖက်နှိပ်ကွပ်သောဖြစ်ရပ်ကို တရုတ်ကွန်မြူနစ်ကျင့်ထုံးနှင့် တိဗက်ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့ ပဋိပက္ခဖြစ်မှုဟု ဆိုနိုင်ပါသည်။ တရုတ်ကြီးစိုးခြင်းသည် တိဗက်ယဉ်ကျေးမှုဓလေ့ကို လုံးဝပျောက်ကွယ်သွားအောင် လုပ်ခြင်းသာဖြစ်သည်ဟု အိန္ဒိယအခြေစိုက် တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမားက ဆို၏။ တိဗက်ဗုဒ္ဓဘာသာနှင့် တရုတ်ကွန်မြူနစ်အတွေးအခေါ် မတူကြပါ။ နွားမွေး၍ နွားနို့နှင့် ဒိန်ခဲဒိန်ချဉ် စားသုံးခြင်းသည် တိဗက်ဓလေ့ဖြစ်သော်လည်း တရုတ်ကမူ နွားကိုသတ်၍ အမဲသားကိုစားလိုသည်။

လူနေအလွန်ထူထပ်သောနေရာနှင့် လူနေကျဲသောအရပ် ဆက်သွယ်ထားပါက လူနေနည်းသောဒေသ၏ ယဉ်ကျေးမှု ကွယ်ပျောက်သွားနိုင်သည်ကို တိဗက်က သက်သေပြနေ၏။ တရုတ်ဦးရေ တိုးပွားသည့်နေရာ၌ တိဗက်နှင့် မြန်မာ အသွင်တူသည်။ လက်ရှိ မြန်မာစစ်အစိုးရ အာဏာရသည်မှစ၍ မြန်မာပြည်ထဲ ၀င်ရောက်နေထိုင်သော တရုတ်ဦးရေ သိန်းသန်းချီတိုးပွားနေသည်။ တရားဝင်မှတ်ပုံတင်၍ နေထိုင်သော တရုတ်ရှိသကဲ့သို့ မှတ်ပုံမတင်ဘဲ နေထိုင်သူများလည်းရှိ၏။ တရုတ်ပြည်၌ လူဦးရေ သန်း (၁,၃၀၀) ကျော်ရှိနေပြီး ဆက်လက်တိုးပွားနေတုန်းဖြစ်၏။ လူဦးရေ တိုးပွားလာလေလေ နေရထိုင်ရ ကျယ်တည်းလေလေဖြစ်သဖြင့် လူနေကျဲသော တိဗက်နှင့် မြန်မာသည် တရုတ်တို့ မျက်စိကျစရာ နေရာဒေသများ ဖြစ်လာပါတော့သည်။

တိဗက်ပြည်သည် (၇) ရာစုတွင် ဘုန်းမီးနေလတောက်ပသော နိုင်ငံဖြစ်ခဲ့၏။ သို့သော် (၁၈) ရာစုနှောင်းပိုင်းတွင် တရုတ်လက်အောက်ခံဖြစ်သွားသည်။ ၁၉၀၄ တွင် ဗြိတိသျှမစ်ရှင်အဖွဲ့ လာစာမြို့တော်သို့ ရောက်ရှိလာပြီး တိဗက်တွင် ကုန်သွယ်ရေးစခန်း တည်ထောင်သည်။ ၁၉၁၁ ၌ တရုတ်တပ်များကို တိဗက်မှ မောင်းထုတ်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်အစိုးရက တိဗက်ကို တရုတ်နယ်မြေဖြစ်သည်ဟု ကြေညာ၏။ ၁၉၄၉ ၌ ကွန်မြူနစ်များ တရုတ်ပြည်တွင် အာဏာရပြီး ၁၉၅၀ ၌ တိဗက်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ၁၉၅၁ တွင် တရုတ်ပြည်နယ်အဖြစ် ကြေညာသည်ကို မြန်မာအစိုးရက အသိအမှတ် ပြု၏။

တိဗက်ပြည်နယ်တွင် တရုတ်ဦးရေ ပိုများနေသောကြောင့် တိဗက်များသည် မိမိဇာတိမြေပေါ်၌ လူနည်းစုဖြစ်နေပါသည်။ တိဗက်၌ တရုတ်ဦးရေ သန်း (၅၀) အထိ ရှိလာအောင်လုပ်ရန် မော်စီတုန်းလက်ထက်ကတည်းက ရည်ရွယ်ခဲ့ပါသည်။ ထို့ကြောင့် တိဗက်၌ အခြေစိုက်လိုသော တရုတ်များကို ကွန်မြူနစ်အစိုးရက အထူးအခွင့်အရေးပေး၏။ တိဗက်သည် ဆင်းရဲ၍ တရုတ်သည် ချမ်းသာ၏။ ကမ္ဘာပေါ်တွင် ဆင်းရဲချမ်းသာ အကွဲပြားဆုံးဒေသသည် တိဗက်ဖြစ်သည်ဟု ဆိုကြပါသည်။ ထို့ကြောင့် ဆူပူမှုဖြစ်ပွားတိုင်း တရုတ်နှင့် တရုတ်ဆိုင်ကို တိဗက်များက အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်ပုံရ၏။

အိမ်နီးချင်းနိုင်ငံများသို့ နည်းမျိုးစုံဖြင့်ထွက်၍ စီးပွားရှာသော တရုတ်ပြည်သား များပြားလာရသည့် အခြားအကြောင်းအရင်း တခုမှာ သယ်ယူပို့ဆောင်ရေး လွယ်ကူလာခြင်းပင်ဖြစ်၏။ ဆက်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်လာသည်။ သဘာဝ သယံဇာတကြွယ်ဝသော တိဗက်နှင့် မြန်မာသည် တရုတ်ပြည်သို့ ကုန်ကြမ်းတင်ပို့ရာဒေသ ဖြစ်လာပါသည်။ တရုတ်-မြန်မာ ကုန်သွယ်ရေးသည် နအဖခေတ်၌ အရှိန်အဟုန်ဖြင့် ရှင်သန်နေသည်။ ဧရာဝတီနှင့်မဲခေါင်သည် ယူနန်ပြည်နယ်၏ ထွက်ပေါက်များဖြစ်လာ၏။ တရုတ်ပြည်နှင့်ဆက်သွယ်မှုများလေလေ ၀င်လာသော တရုတ်ဦးရေ များလေလေဖြစ်၏။

တိဗက်ကိုသိမ်းပိုက်၍ တရုတ်ဇာတ်သွင်းသကဲ့သို့ မြန်မာပြည်ကို သိမ်းပိုက်မည်မဟုတ်သော်လည်း တရုတ်စီးပွားရေး အားကောင်းသောနိုင်ငံ၌ တရုတ်သြဇာအာဏာရှိလာမည်မှာ သေချာပါသည်။ တရုတ်နိုင်ငံခြားရေးလမ်းစဉ်သည် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဖြစ်ပြီး အိမ်နီးချင်းများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည်ဟု ဆိုသော်လည်း နိုင်ငံခြား ရောက်တရုတ်များ၏ အသက်အိုးအိမ်-အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်ကို အားသွန်ခွန်စိုက် ကာကွယ်ရမည်ဟုလည်း အတိအလင်းဖော်ပြထား၏။ ထို့ကြောင့် လုယက်ဖျက်ဆီးခံရသော ကိုးကန့်တရုတ်များ လျော်ကြေးရရှိရန်ကိစ္စသည် တရုတ်အစိုးရ၏ အရေးကြီးသော တာဝန်တရပ်ဖြစ်လာသည်။

မော်စီတုန်းခေတ်တွင် မိမိအခြေချရာတိုင်းပြည်ကိုသာ သစ္စာရှိကြဖို့ နိုင်ငံခြားရောက်တရုတ်များကို ကွန်မြူနစ်အစိုးရက တိုက်တွန်းလေ့ရှိ၏။ ဤမူဝါဒကို ယနေ့မကျင့်သုံးတော့ပါ။ မြန်မာပြည်မှ တရုတ်အသင်းအဖွဲ့များဖြစ်သော ယူနန်အသင်း၊ ဖူကျမ်းအသင်း၊ ဂွမ်ဒုံအသင်း စသဖြင့် မိမိတို့ဇာတိမြေကို ကိုယ်စားပြုသော တရုတ်ကုန်သည်အသင်းများ၏ နိုင်ငံရေး ရပ်တည်ချက်သည် တရုတ်ကွန်မြူနစ်အစိုးရနှင့် တသားတည်းဖြစ်နေသည်ကို တွေ့ရ၏။

တရုတ်ပြည်၌ ဈေးကွက်စနစ် စတင်ကျင့်သုံးချိန်မှစ၍ မြန်မာပြည်ထဲ ၀င်ရောက်လာသည့် တရုတ်များသည် မန်ဒရင်တရုတ်စကားပြောပြီး တရုတ်ပြည်မကို သစ္စာရှိကြသူများဖြစ်၍ ရှေးတရုတ်မျိုးဆက်များနှင့် အသွင်မတူတော့ပါ။ တရုတ်ပြည်၌ ဈေးကွက်စနစ်ကျင့်သုံး၍ ဆယ်နှစ်အကြာတွင် တရုတ်အားကိုးသော နအဖစစ်အစိုးရ တက်လာသည်ဖြစ်၍ စွန့်စားလုပ်ကိုင်သော တရုတ်များသည် နည်းမျိုးစုံဖြင့် မြန်မာပြည်ထဲဝင်လာကြသည်။ နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်ခြင်းသည် ပြည်တွင်းလူဦးရေထူထပ်သောပြဿနာကို ဖြေရှင်းရာရောက်သည်ဟု တရုတ်အစိုးရက မြင်၏။ တရုတ်အစိုးရ၏ ကူညီအားပေးမှုကြောင့် ဈေးကွက်ကျင့်သုံးသောခေတ်၌ ပြည်မက ထွက်ခွာသော တရုတ်ဦးရေ အများအပြား တိုးပွားလာခြင်းဖြစ်သည်။ ထို့ကြောင့် လူနေကျဲသော မြန်မာ၊ လာအို စသည့်နေရာများသည် တရုတ်လွှမ်းမိုးရာ ဒေသ ဖြစ်လာနိုင်ပါသည်။

တရုတ်အစိုးရသည် လူဦးရေထိန်းချုပ်သော လမ်းစဉ်ချမှတ်၍ နအဖစစ်အစိုးရသည် လူဦးရေတိုးပွားသည်ကို လိုလား၏။ မြန်မာပြည်၌ နေစရာနေရာ အများကြီးရှိနေသဖြင့် လူဦးရေ ထိန်းချုပ်စရာမလိုဟု မြန်မာစစ်အစိုးရက ယူဆပုံရ၏။ သို့သော်လည်း နအဖစစ်အစိုးရခေတ် မြန်မာပြည်တွင် တရုတ်ဦးရေ တိုးပွားလာပြီး မြန်မာပြည်သားအများအပြား နိုင်ငံခြားသို့ ထွက်ခွာကြသည်။ မြန်မာပြည်၌ ဖိနှိပ်ညှဉ်းပန်းခံရသည့်အတွက် အိမ်နီးချင်းနိုင်ငံများတွင် ၀င်ရောက်ခိုလှုံ၍ ကုလသမဂ္ဂရုံးက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူ မြန်မာပြည်သား (၂) သိန်းကျော်ရှိသည်။ မိမိတို့နေထိုင်ရာ ဇာတိမြေ၌ ဒုက္ခရောက်လွန်းသဖြင့် နိုင်ငံခြားသို့ထွက်ခွာသွားသော ချင်းတိုင်းရင်းသား (၅) သောင်းကျော်ရှိသွားပြီဟု သိရသည်။ ပြည်ပရောက်နေသော်လည်း ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမခံရသော မြန်မာနိုင်ငံသားပေါင်း (၁) သန်းကျော်ခန့် ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

လူနေကျဲသော်လည်း မြန်မာပြည်၌ ခေတ်မီလူဦးရေစာရင်းမရှိပါ။ ကိုလိုနီခေတ် ၁၉၃၁ က (၁) ကြိမ်၊ မဆလခေတ် ၁၉၇၃ နှင့် ၁၉၈၃ က (၂) ကြိမ် စုစုပေါင်း (၃) ကြိမ်သာ လူဦးရေစာရင်း ကောက်ယူဖူးသည်။ လက်ရှိလူဦးရေသည် ခန့်မှန်းခြေသာဖြစ်၏။ ၁၉၈၃ ခုနှစ်စာရင်းအရ မြန်မာပြည်၌ လူဦးရေ (၃၅) သန်းရှိသည်ဟု သိရ၏။ ယခုအခါတွင် မြန်မာ့လူဦးရေကို သန်း (၅၀) ဟု ခန့်မှန်းကြသည်က များသည်။ အမေရိကန်လူဦးရေစာရင်းဌာနနှင့် စီအိုင်အေက (၄၇) သန်းဟု ခန့်မှန်း၍ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ကမူ (၄၅) သန်းနီးပါးရှိလိမ့်မည်ဟု ခန့်မှန်းသည်။

မြန်မာစစ်အစိုးရသည် လူဦးရေတိုးပွားသည်ကို မြင်လိုသော်လည်း စီးပွားရေး၊ ကျန်းမာရေး၊ လူထုပညာရေး အခြေအနေ ညံ့ဖျင်းသောကြောင့် မြန်မာ့လူဦးရေ တိုးတက်မှု နည်းပါးနေပါသည်။ ဆေးဝါးကုသမှုမရှိသောကြောင့် မြန်မာပြည်၌ နှစ်စဉ်ကလေးပေါင်း (၁) သိန်းနှင့် (၁) သိန်းခွဲအကြား သေဆုံးနေသည်ဟု ၂၀၀၇ က ထုတ်ပြန်သော ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထား၏။ (၅) နှစ်အောက်ကလေး (၂၀၀) ကျော်မှ (၄၀၀) အထိ နေ့စဉ်သေဆုံးနေခြင်း ဖြစ်သည်။ စစ်အသုံးစရိတ်သည် ကျန်းမာရေးအသုံးစရိတ်ထက် (၁၅) ဆ ပိုများနေသည့်အတွက် ကလေးအသေအပျောက် များရခြင်းဖြစ်သည်ဆို၏။

လွန်ခဲ့သော (၂၅) နှစ်ကာလ၌ မြန်မာ့လူဦးရေ (၁၀) သန်းကျော် တိုးပွားလာပြီး တရုတ်လူဦးရေသည် သန်း (၄၀၀) ကျော် တိုးပွားလာပါသည်။ အလုပ်လုပ်နိုင်သောအရွယ် သန်း (၉၀၀) ကျော် တရုတ်ပြည်၌ရှိပြီး မြန်မာပြည်တွင်မူ (၂၅) သန်းသာ ရှိသည်ဟု ခန့်မှန်းသည့်အတွက် တရုတ်-မြန်မာရေရှည်ဆက်ဆံရေး၌ မည်သူက မည်သူ့ကို လွှမ်းမိုးမည်ဆိုသည်မှာ စဉ်းစားစရာဖြစ်နေပါတော့သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook