ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

၂၀၀၉ ခုနှစ် မှုန်ဝါးဝါး
၅ ဇန်န၀ါရီ ၂၀၀၉

line

 

အန်အယ်လ်ဒီ၏ အနာဂတ်ကို မှုန်ဝါးနေသည်ဟု ၂ဝဝ၈ ခုနှစ်ကုန်ပိုင်းတွင် ဦးဝင်းတင်က သုံးသပ်၏။ မြန်မာနိုင်ငံ၏ အနာဂတ်ကိုကြည့်တော့လည်း စစ်အုပ်ချုပ်ရေးယန္တရားက ကြီးစိုးနေသည်ဟု ဦးဝင်းတင်က မြင်၏။ ဦးဝင်းတင်၏ အမြင်နှစ်ရပ်သည် ၂ဝဝ၉ ခုနှစ် မြန်မာ့နိုင်ငံရေး မြင်ကွင်းကို ပုံဖော်လိုက်သည်နှင့်တူ၏။

၂ဝဝ၈ ခုနှစ်ကုန် အန်အယ်လ်ဒီအခြေအနေကို ကြည့်တော့လည်း လွှတ်တော်ခေါ်ပေးရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်သုံးသပ်ရေးအချက်တွေ လိုက်လျောဖို့ စစ်အစိုးရကို (၆) လ အချိန်ပေးထားသည်။ စစ်အစိုးရဘက်ကလည်း ဖွဲ့စည်းပုံပြင်ဖို့နေနေသာသာ ညောင်နှစ်ပင်ညီလာခံကို ဒုတိယအကြိမ် မလုပ်နိုင်ဟု အပြတ်ပြောထားပြီးဖြစ်၏။

၂ဝဝ၆ ခုနှစ်ကလည်း အလားတူ လွှတ်တော်ခေါ်ပေးရေး အထူးကြေညာချက်မျိုး အန်အယ်လ်ဒီထုတ်ပြီး နှစ်ဆန်းတရက်မတိုင်ခင်အကြောင်းပြန်ရန် စစ်အစိုးရကို ရာဇသံပေး၏။ ဘာမျှမထူး။ သည်ကြားထဲ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးရေးအတွက် စစ်အစိုးရကို ဖွံ့ဖြိုးမှုငွေကြေးအကူအညီ ပေးသင့်တယ်ဆိုပြီး ဂမ်ဘာရီက ဘမ်ကီမွန်းကို အဆိုပြုပြန်၏။

တချိန်က အာဆီယံ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေး မအောင်မြင်သည့်အဆုံး မြန်မာစစ်အစိုးရကို ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးဖို့ ၁၉၉ဝ ခုနှစ်များနှောင်းပိုင်းမှာ နိုင်ငံတကာအသိုင်းအဝန်းက ယူဆ၏။ မအောင်မြင်။ နောက်ဆုံး ကုလသမဂ္ဂမှ ဒေါ်လာ (၁) သန်း ကူညီရေးကမ်းလှမ်းချက်ကိုပင် စစ်အစိုးရပယ်ချခဲ့သည့်အတွက် ဂမ်ဘာရီ၏ နအဖကို ငွေနှင့်ဖြားယောင်းရေး သံတမန်နည်းလမ်းမှာ အန်အယ်လ်ဒီ၏ လွှတ်တော်ခေါ်ပေးရေး တောင်းဆိုချက်လို ပစ်ပယ်ခံရဖို့များ၏။

မြန်မာဘက်ကကြည့်လျှင် နိုင်ငံတကာ အားပေးမှုမှာ အားကိုးစရာ လိုလိုထင်ရ၏။ နိုင်ငံတကာအသိုင်းအဝန်းဘက်က ကြည့်တော့ မြန်မာ့အရေးမှာ ဒါဖာအရေး၊ ဂါဇာအရေး ဇင်ဘာဘွေအရေးတွေနှင့် ယှဉ်ကြည့်လျှင် တခြားကမ္ဘာပြဿနာတွေထဲက အသေးအမွှား တခုသာ ဖြစ်နေပြန်၏။

အမေရိကန်ကိုကြည့်တော့လည်း ဆတ်ဒန်ကို ဖြုတ်ချနိုင်သော်လည်း ပေးဆပ်ရသည့်တန်ဖိုးက မနည်း။ ဆင်ဖိုးထက် ချွန်းဖိုးကြီးသည့် ကိန်းဆိုက်နေ၏။ သည်ကြားထဲ ကြွေးမြီစီးပွားကပ် ၂ဝဝ၈ ပါ ပေါင်းလိုက်တော့ အမေရိကန်စီးပွားရေး နာလန်မထူနိုင်ဖြစ်ရ၏။ ထို့ကြောင့် မြန်မာ့ အရေးသည် အမေရိကန်ဘက်ကကြည့်လျှင် စီးပွားကပ်ဆိုက်သည့် အမေရိကန်ဘဏ်တခုကို ကယ်တင်ဖို့က ပိုအရေးကြီးနေပြန်၏။

အမေရိကန်စီးပွားရေး ဟပ်ချိုးဆိုသည်နှင့် ကမ္ဘာ့စီးပွားရေး အအေးပတ်သည်ဆိုသည့် ဆိုရိုးစကားရှိ၏။ အမေရိကန်စီးပွားရေးအပေါ် ကမ္ဘာ့စီးပွားရေး မည်မျှမှီတည်နေရသည်ကို တင်စားချက်ဖြစ်၏။

ယခုတော့ အမေရိကန်စီးပွားရေးပြဿနာက ဟပ်ချိုးအဆင့်မဟုတ်။ စီးပွားရေး ကြက်ငှက်တုပ်ကွေးဟုပင် ဆိုနိုင်၏။ ထို့ကြောင့် ကမ္ဘာ့စီးပွားရေးတွေ ကုရာနတ္တိ ဆေးမရှိသည့်ကိန်း ဆိုက်ကုန်၏။ မြန်မာလိုနိုင်ငံမျိုးမှာပင် အရောင်းအဝယ်တွေထိုင်းပြီး ဒုက္ခရောက်ကုန်၏။

၂ဝဝ၉ နှစ်ဆန်း ပြည်ပ အတိုက်အခံတွေကြည့်တော့လည်း ရှိစုမဲ့စု စင်ပြိုင်အစိုးရကို နိုင်ငံရေးပြန်ပေးဆွဲဖို့ စိုင်းပြင်းနေသည့်နှယ် သူတလူ ငါတမင်းနှင့် အချင်းချင်း စောင်နေကြ၏။ ရှင်ဘုရင်လုပ်ချင်သူတွေ များနေပုံရ၏။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီး၍ နအဖရုပ်သေးအစိုးရ ပေါ်လာသည့်တိုင် စင်ပြိုင်အစိုးရ တိုးချဲ့မည့်ဇာတ်လမ်း ပြီးမည့်ပုံမရှိ။ သည်ကြားထဲ နအဖထံ အခေါက်ခေါက်သွားပြီး ဖားသည့် နိုင်ငံရေးကြားပွဲစားတွေကလည်း ခြေရှုပ်ကြပြန်၏။ ဒေါက်တာဘွဲ့ရဆိုသည့် ပညာရှင်အချို့ကလည်း ပြည်တွင်းက နိုင်ငံရေးသမားကြီးတွေကို ပြည်ပ အလုအယက်ထုတ်ပြီး ဇာတ်သွင်းဖို့ ကြိုးစား၏။

မြန်မာစစ်အစိုးရအပိုင်းကိုကြည့်တော့ နေသာသပ လေညာကဆိုသည့်ကိန်း။

ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက မီးလောင်တိုက်သွင်းနေချိန်မှာ စစ်အစိုးရက အတိုက်အခံမှန်သမျှ ဘုစုခရုမကျန် ခပ်သွက်သွက် ထောင်သွင်းအကျဉ်းချလို့ ကောင်းတုန်း။ အိမ်နီးချင်းနိုင်ငံတွေ ၂ဝဝ၉ အတွက် စီးပွားပျက်ကပ်ဒဏ် ခံနိုင်ရည်ရှိအောင် လုံးပန်းနေချိန်မှာ ရုဒ်မက်ကိုထောက်ခံဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မိန့်ခွန်းခြွေကောင်းတုန်း။ ပြည်သူတွေ စီးပွားရေးကျပ်တည်းသည့် ဒုက္ခကို ကုစားဖို့ထက် နေပြည်တော်မှ ဝန်ကြီးဦးစိုးသာ ရုံးခန်း မီးလောင်သည့်ကိစ္စ ဖြေရှင်းရေးကိုသာ ဦးစားပေးကောင်းတုန်း။

မြန်မာ့နိုင်ငံရေးအခြေအနေမှာ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး၏ စကားနှင့်ဆိုရလျှင် မြန်မာနိုင်ငံထွက် မုန့်ပြားသလက်ကိုပင် အတူမစားနိုင်သည့်အခြေအနေ ဖြစ်နေ၏။

မြန်မာပြည်သူပြည်သားအပေါင်း ၂ဝဝ၉ နှစ်ဆန်းမှာ လိုရာဆန္ဒ ပြည့်ဝကြစေရန် ခေတ်ပြိုင်မှ ဆန္ဒပြုပါ၏။

(၂၀၀၉ ခု ဇန်န၀ါရီလထုတ် ခေတ်ပြိုင်ပုံနှိပ်ဂျာနယ်မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook