ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 

 

 


NEJ / ၂၉ မေ ၂၀၀၉
line

 

မေလ (၂၇) ရက်နေ့သည် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့် (၁၉) နှစ် မြောက်နေ့ဖြစ်၏။ ထိုစဉ်က ရွေးကောက်ပွဲ ဦးစီးကျင်းပပေးခဲ့သည့် အာဏာသိမ်းစစ်အုပ်စုသာ စစ်သားများပီပီ ရိုးသားဖြောင့်မတ်တည်ကြည်ပြီး ပေးထားသည့် ကတိက၀တ်အတိုင်း ဆောင်ရွက်ပေးခဲ့ မည်ဆိုလျှင် ရွေးကောက်ပွဲ အနိုင်ရသည့် (၁၉) နှစ်မြောက် အချိန်အခါသည် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဒီမိုကရေစီစနစ်၏ အသီးအပွင့် ကောင်းများကို ဆွတ်ယူစားသုံးခွင့်ရရှိသည့် မင်္ဂလာအခါသမယ ဖြစ်နေလောက်ပြီဟု မှန်းဆကြည့်မိပေသည်။ 

သို့သော် အာဏာသိမ်း န၀တစစ်အုပ်စုဝင်များက သူတို့၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင် ကိုယ်တိုင် တိုင်းသိပြည်သိ၊ ကမ္ဘာသိပေးထားသည့် “ရွေးကောက်ပွဲပြီးလျှင် အနိုင်ရပါတီကို အာဏာလွှဲပြီး စစ်တန်းလျားပြန်မည်” ဟူသော ကတိက၀တ်ကို ဖောက်ဖျက်ကာ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ရာထူးမှ ဖယ်ရှားခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နည်းမျိုးစုံဖြင့် ဖြိုခွဲပြီး ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ မြို့တိုင်း၊ နယ်တိုင်းရှိ အန်အယ်လ်ဒီပါတီရုံးများကို စည်းရုံးလှုပ်ရှားခွင့် မပေးတော့ဘဲ အတင်းအဓမ္မ ပိတ်ပစ်ခဲ့ သည်။

ထို့နောက် အာဏာသိမ်းစစ်အုပ်စု၏ အမည်ကို ‘န၀တ’မှ ‘နအဖ’ သို့ ပြောင်းလဲပြီး လက်နက်အားကိုးဖြင့် တိုင်းပြည်ကို ဆက်လက်ဖိနှိပ်အုပ်ချုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှစတင်၍ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ် များမပါဝင်ဘဲ နအဖစစ်အုပ်စုမှ စိတ်ကြိုက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် အမျိုးသားညီလာခံကို အချိန်ဆွဲ ကျင်းပခဲ့သည်။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့တွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တိုက်ရိုက် အမိန့်ပေး စေခိုင်းမှုဖြင့် ဒီပဲယင်းအရေးအခင်းကို ဖန်တီးပြီး နယ်များသို့ လှည့်လည်စည်းရုံးရေးဆင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို လုပ်ကြံရန် ကြိုးစားခဲ့သည်။

ကံကောင်းထောက်မ၍ သေကံမရောက် အသက်မပျောက်ခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့အား နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ရန်မှ ကာကွယ်ရန်ဟူသော ဥပဒေပုဒ်မဖြင့် နေအိမ်အကျယ်ချုပ် ချထားခဲ့သည်မှာ ယခုထိတိုင်ဖြစ်၏။ လောင်စာဆီဈေးနှုန် မြင့်တက်မှု ပြဿနာမှစတင်ကာ ဖြစ်ပေါ်ခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာရွှေဝါရောင်သံဃာ့ တော်လှန်ရေးတွင်လည်း သံဃာများ၊ ကျောင်းသား ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့သည်။

ထို့အပြင် ၂၀၀၇ ခုနှစ် မေလ (၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မြန်ဝကျွန်း ပေါ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှ ပြည်သူများ ဒုက္ခအကြီးအကျယ် ကျရောက်နေချိန်တွင် မုန်တိုင်းဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကို လျစ်လျူရှု မျက်ကွယ်ပြုပြီး လူထုကို ကိုယ်စားမပြုသည့် ၂၀၀၈ ခုနှစ် ညောင်နှစ်ပင်ဖွဲ့စည်းပုံအခြေခံဥပဒေကို လိမ်လည်အတည်ပြုခဲ့သည်။

နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တည်ရှိရာ လူမျိုးစုဒေသများတွင်လည်း နအဖစစ်တပ်မှ ဒေသခံတိုင်းရင်းသားများအား အဓမ္မပြုကျင့်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်၏။

နအဖစစ်အုပ်စုအနေဖြင့် အာဏာသိမ်းအုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း (၂၀) အတွင်း ထိုသို့ လူမဆန်သည့် ရာဇ၀တ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်ခဲ့ရုံမက ၂၀၀၉ ခုနှစ် မေလ (၁၄) ရက်နေ့တွင် နေအိမ်အတွင်း အမေရိကန်လူမျိုးတဦးကို လက်ခံတွေ့ဆုံသည်ဟူသော မတရားစွပ်စွဲမှုဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်ကာ ရုံးတင်စစ်ဆေးနေ၏။ နေအိမ်အကျယ်ချုပ် လွတ်ရက်စေ့သည့်တိုင် လူထုခေါင်းဆောင်ကို ထပ်မံထောင်သွင်းအကျဉ်းချရန် အကောက်ကြံနေ၏။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး အမှုစီရင်သည့်အပေါ် မြန်မာပြည်သူများ အထူးစိတ်ဆိုးဒေါသ ထွက်ကြသကဲ့သို့ ကုလသမဂ္ဂ၊ အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြ၏။ သို့သော် နအဖစစ်ခေါင်းများက ပြည်တွင်းပြည်ပဖိအားပေါင်းစုံကို ဂရုမစိုက် အလေးမထားဘဲ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ရုံးတင် စစ်ဆေးနေ၏။

ဤအတောအတွင်း အရှေ့တီမောသမ္မတ ရာမို့စ်ဟော်တာက ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားစွဲချက်တင် စီရင်နေသည့် နအဖစစ်အုပ်စုကို နိုင်ငံတကာစစ်ခုံရုံးသို့ ပို့ဆောင်ရန် တောင်းဆိုသကဲ့သို့ ဗြိတိန်ပါလီမန်အမတ်များက လည်း စစ်ခေါင်းဆောင်များကို နိုင်ငံတကာတရားရုံးသို့ တင်သင့်ကြောင်း ထောက်ခံပြောဆိုလာ၏။ မြန်မာနိုင်ငံရှေ့နေ များကောင်စီမှလည်း စစ်အုပ်စုအား နိုင်ငံတကာရာဇ၀တ် ခုံရုံးတွင် တရားစွဲဆိုနိုင်ရန် စနစ်တကျ ပြင်ဆင်လေ့လာမှုများ ပြုလုပ်နေကြောင်း ကြားသိရ၏။ အနှစ်နှစ်ဆယ်အတွင်း နအဖစစ်အုပ်စု ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများ(War Crimes)၊ လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှုကျူးလွန်ထားသည်များ (Crimes against Humanity) ကို အတိုက်အခံ အင်အားစုများက စနစ်တကျ လေ့လာဖော်ထုတ်၍ နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တင်မည်ဆိုလျှင် ဖြစ်နိုင်ခြေရှိသည်ဟု ယူဆမိပေသည်။

နအဖစစ်ခေါင်းဆောင်များအနေဖြင့် ထိုသို့ နိုင်ငံတကာတရားရုံးတွင် ရုံးတင်စစ်ဆေး အပြစ်ပေးခံရသည့် အခြေအနေဆိုး နှင့် မကြုံတွေ့လိုလျှင်သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသည့် မြန်မာပြည်သူလူထုကြီး ၏ အုံကြွပေါက်ကွဲမှုနှင့် မရင်ဆိုင်လိုလျှင်သော်လည်းကောင်း၊ အမိမြန်မာပြည်ကို ငရဲတွင်းထဲမှ ဆွဲထုတ်လိုလျှင်သော် လည်းကောင်း၊ ရုံးတင်စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မတရားဖမ်းဆီး အကျဉ်းချထားသည့် နိုင်ငံရေးသမားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံအင်အားစုများနှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ ခေတ်ပြိုင်က တိုက်တွန်းရေးသားလိုက်ရပေ၏။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo