ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည် အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းကြေညာ (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက် နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 

 

 

ထထကြွကြွနှင့် ပြိုင်တူဝိုင်းကြပါစို့
NEJ / ၇ စက်တင်ဘာ ၂၀၀၉

 

၁၉၈၉ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ ထိုစဉ်က န၀တစစ်အုပ်စုနှင့် ပထမဆုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ (မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု - MNDAA) နှင့် နအဖတပ်ဖွဲ့တို့အကြား သြဂုတ်လ (၂၇) ရက်မှ (၂၉) ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသတွင်းမှ စစ်ပြေးဒုက္ခသည် သုံးသောင်းငါးထောင် ကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ကိုးကန့်တပ်ဖွဲ့ဝင် (၁,၀၀၀) ခန့် တရုတ်ပြည်ဘက်သို့ ၀င်ရောက်ကာ တရုတ်အာဏာပိုင်များထံ လက်နက်ချအညံ့ခံခဲ့ကြသည်။

တနည်းအားဖြင့် အနှစ် (၂၀) ကျော် ကြာမြင့်ပြီးနောက် နအဖစစ်အုပ်စု၏ လက်ကိုင်တုတ်တပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား ပထမဆုံးအကြိမ် ကျည်စပေါက်ခဲ့ခြင်းဖြစ်သည်။ ကိုးကန့်ခေါင်းဆောင်များ၏ မူးယစ်ဆေးဝါးမှုနှင့် လက်နက်မှောင်ခိုမှုများကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း နအဖစစ်အုပ်စုဘက်မှ အကြောင်းပြသည်။

သို့သော် စစ်အုပ်စု၏ အကြောင်းပြချက်ကို နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် အတိုက်အခံအင်အားစုများက လက်ခံယုံကြည်ခြင်းမရှိပေ။ နအဖစစ်အုပ်စု ဖြစ်စေချင်သည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရေးကိစ္စကို ကိုးကန့်ခေါင်းဆောင်များက ငြင်းဆန်သဖြင့် တရုတ်နယ်စပ်တလျှောက်ရှိ အပစ်အခတ်ရပ်စဲရေး အဖွဲ့များအနက် အင်အားအနည်းဆုံးဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ကို အပြစ်ရှာပြီး ဗွေဆော်ဦး တိုက်ခိုက်ခြင်းဟုသာ လက်ခံယုံကြည်ကြသည်။

အနှစ် (၂၀) အတွင်း နအဖ လှမ်းခဲ့သည့် ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့်လည်း စစ်အုပ်စု၏ အကြောင်းပြချက် ခိုင်လုံခြင်းမရှိကြောင်း သိသာထင်ရှားနေသည်။ နအဖစစ်ခေါင်းဆောင်များသည် သူတို့စစ်အုပ်စုနှင့် အကျိုးစီးပွားတူလျှင် ကမ္ဘာက အလိုရှိနေသည့် ဘိန်းဘုရင် ခွန်ဆာကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင်လျှင် မိတ်ဆွေဖွဲ့ကာ ကွယ်လွန်ချိန်အထိ ရန်ကုန်မြို့တွင် အေးအေးလူလူ ခေါင်းချခွင့်ပြုခဲ့သူများဖြစ်သည်။

ထို့အပြင် အနှစ် (၂၀) ကျော်ကြာ အပစ်အခတ်ရပ်စဲထားခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ခြင်းမျိုးမဟုတ်ဘဲ စစ်အုပ်စု၏ ယာယီအကျိုးစီးပွား (အဓိကအားဖြင့် စစ်မျက်နှာမများစေရေး) အတွက် စီးပွားရေးအရ အထူးအခွင့်အရေးပေး (၀ါ) လုပ်ချင်ရာလုပ်ခွင့်ပြုကာ မသိချင်ဟန်ဆောင်သည့်နည်းဖြင့် အပစ်အခတ်ရပ်စဲခဲ့ခြင်းဖြစ်သည်။

တနည်းအားဖြင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြောင့် ကြီးထွားလာသည့် ပြည်တွင်း/ပြည်ပဒီမိုကရေစီ အင်အားစုများအား နည်းမျိုးစုံဖြင့် ဖြိုခွဲရန်အတွက် အချိန်ယူချင်၍သာ အပစ်အခတ်ရပ်အဖွဲ့များနှင့် ယာယီငြိမ်းချမ်းရေး ရယူထားခဲ့ခြင်းမျိုးဖြစ်သည်။ ထို့အတွက် စစ်အုပ်စုသည် အပစ်ရပ်အဖွဲ့ခေါင်းဆောင်များကို စီးပွားရေးမက်လုံးများအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသများဖြင့်ပါ ဆွဲဆောင်စည်းရုံးခဲ့ရလေသည်။

သို့သော် နအဖစစ်ခေါင်းဆောင်များသည် လိုတမျိုး မလိုတမျိုး စိတ်သဘောထားမမှန် ဖောက်လွဲဖောက်ပြန် ပြုမူတတ်သည့် တပ်မတော်သားအယောင်ဆောင် လူလိမ်လူညစ် အာဏာရူးများသာဖြစ်ကြောင်း အနှစ် (၂၀) သာဓကများက တစတစ ထင်ရှားလာစေခဲ့သည်။ အကျိုးစီးပွားတူလျှင် ဘိန်းဘုရင်ပင်ဖြစ်သော်ငြား လည်ပင်းဖက်ပေါင်းသင်းခဲ့သော်လည်း အကျိုးစီးပွားမတူညီလျှင် (သို့မဟုတ်) မတူညီတော့သည့်အချိန်ရောက်လျှင် ပြိုင်ဘက်မှန်သမျှကို ကလိန်ကကျစ် ဉာဏ်နီဉာဏ်နက် နည်းမျိုးစုံသုံး၍ ဖယ်ရှားဖြိုခွင်းလေ့ရှိသည့် လူ့အောက်တန်းစားများဖြစ်ကြောင်း ကြာလေလေ ထင်ရှားလေလေဖြစ်၏။

အာဏာရှင်စစ်အုပ်စုသည် အနှစ် (၂၀) ကာလအတွင်း သူတို့၏ ရာဇပလ္လင်ကို ထိပါးအောင်ပြုမည်ဟု ယူဆသည့် နိုင်ငံရေးသမား၊ ကျောင်းသား၊ ပြည်သူဆိုလျှင် ဘိန်း၊ ချဲဘောက်ချာများ ပစ်ကာ အမှုဆင်ဖမ်းဆီးခြင်းမျိုး ကလိန်ကကျစ် ပြုလုပ်တတ်၏။ သံဃာတော်များဆိုလျှင် အမျိုးသမီး ထမီပစ်ကာ အမှုဆင်ဖမ်းဆီးခြင်းမျိုး အောက်တန်းကျကျ ပြုမူတတ်၏။ မကြာသေးမီက ဆိုလျှင် နေအိမ်အကျုယ်ချုပ်ကျခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူတယောက်လုံး ပင်ပစ်၍ အမှုဆင်ကာ မျက်နှာပြောင်တိုက် ဖမ်းဆီးခဲ့၏။

ထိုကဲ့သို့သော အမှုဆင်ဖမ်းဆီးမှုများအပြီးတွင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်အဖွဲ့ အသွင်ပြောင်းလဲရန် ငြင်းဆန်နေသည့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များထဲမှ ကိုးကန့်တပ်ဖွဲ့ကို မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှု ခေါင်းစဉ်တပ်ကာ အပြစ်ရှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပေ၏။ နဂိုကတည်းက ကိုးကန့်ခေါင်းဆောင်များ ဘိန်းလုပ်နေသည်ကို မသိချင်ဟန်ဆောင်ခဲ့သည့် နအဖစစ်ခေါင်းဆောင်များက သူတို့၏ အမိန့်ကိုမနာခံသည့် ယခုအချိန်ကျမှ မူးယစ်ဆေးဝါးမှုကို အကြောင်းပြလာသည်မှာ ရယ်သွမ်းသွေးဖွယ်ရာပင် ဖြစ်တော့၏။ (နအဖစစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် ၏ ပြောပြချက်အရဆိုလျှင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များ အလျှံအပယ်မထွက်ခင် ၁၉၉၃ ခုနှစ်အထိ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်နယ်စပ် အပစ်ရပ်ခေါင်းဆောင်များထံမှ ခွဲဝေရရှိသည့် မူးယစ်ဆေးဝါးရောင်းရငွေများအပေါ် မှီခိုခဲ့ရသည်ဟူ၏။)

ကိုးကန့်ခေါင်းဆောင်များ ကျူးလွန်သည်ဆိုသည့် မူးယစ်ဆေးဝါးပြဿနာများ အပါအ၀င် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအလုံးစုံသည် မြန်မာနိုင်ငံကို (၄၇) နှစ်ကျော်ကြာ စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့ခြင်းကြောင့် အမြစ်တွယ်ပေါက်ဖွားလာခဲ့ခြင်းဖြစ်ရာ ပြဿနာအ၀၀ကို ချုပ်ငြိမ်းအောင် ဆောင်ရွက်လိုလျှင် ရှေးဦးစွာ စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဖယ်လှန်နိုင်ဖို့လိုအပ်ပေသည်။ ထို့နောက်မှသာ ကျန်ပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် နည်းမှန်လမ်းမှန် စနစ်တကျ အချိန်ယူဖြေရှင်းရမည်ဖြစ်ပေသည်။

အဆိုပါပြဿနာအ၀၀ကို ဖန်းတီးခဲ့၊ ဖန်တီးနေဆဲဖြစ်သော နအဖစစ်အုပ်စုသည် အနှစ် (၂၀) အတွင်း အတိုက်အခံအင်အားစု အသီးသီး (တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ) အပေါ် ကလိန်အကျစ် ဉာဏ်နီဉာဏ်နက်မျိုးစုံဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးထိန်းသိမ်း တိုက်ခိုက်ခြင်းမျိုးအပြင် ပြည်သူကို ပြည်သူနှင့်၊ ကျောင်းသားကို ကျောင်းသားနှင့်၊ ကရင်ကို ကရင်နှင့်၊ ကိုးကန့်ကို ကိုးကန့်နှင့် အချင်းချင်း သပ်လျှိုသွေးခွဲကာ ဖြိုခွင်းသည့်နည်းကိုလည်း ကျင့်သုံးခဲ့ပေသည်။ မည်သို့ပင် ထောက်ချောက်ဆင် ဖမ်းဆီးဖမ်းဆီး၊ သွေးခွဲဖြိုခွင်းဖြိုခွင်းစေကာမူ တိုင်းပြည်တွင် ဖြစ်ပျက်နေသည့် ပြဿနာများ သည် ပြေလည်လျော့ပါလာခြင်းမရှိဘဲ အလုံးစုံးပျက်သုဉ်းရမည့်ကိန်းသို့သာ တနေ့တခြား ဆိုက်ရောက်လာသည်ကို တွေ့နေရပေသည်။

ထိုသို့ တိုင်းပြည်ကို ချောက်ထဲသို့ တွန်းပို့နေသော ကောက်ကျစ်ယုတ်မာ ပက်စက်လှသည့် နအဖစစ်ခေါင်းဆောင်နှင့်တကွ စစ်အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်ပါမကျန် ဖယ်လှန်နိုင်ရန်အလို့ငှာ စစ်အုပ်စုဆင်သည့် ထောင်ချောက်အတွင်းသို့ (ကိုးကန့်အရေးကို နမူနာယူကာ) တဦးချင်း၊ တဖွဲ့ချင်း သက်ဆင်းမခံဘဲ ပြည်သူလူထုတရပ်လုံးနှင့်အတူ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး၊ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများအားလုံး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ချိန်ကကဲ့သို့ လက်ဦးမှုယူပြီး တချိန်တည်း တပြိုင်တည်း အုံကြွပေါက်ကွဲ တိုက်ခိုက်ကြဖို့ လိုအပ်ပါကြောင်း ခေတ်ပြိုင်က တပ်လှန့်နှိုးဆော်လိုက်ရပါ၏။
 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo