ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / ၁၈ ဇွန် ၂၀၀၉
line

 

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူပြည်သားအားလုံး မဆလ တပါတီအာဏာရှင်စနစ်ကို အမြစ်ပါမကျန် တွန်းလှန်ဖြိုဖျက်ရန် ကြိုးပမ်းနေချိန် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း မြန်မာ့နိုင်ငံရေးလောကသို့ အချိန်ကိုက် ၀င်ရောက်လာသည့် နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားနေချိန် ၁၉၈၈ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုသဆောင်ရှေ့ရှိ စာပေအနုပညာရှင်များ၏ တရားဟောစင်မြင့်ပေါ်၌ ဗွေဆော်ဦးမိန့်ခွန်း မြွက်ကြားခြင်း ဖြင့် မြန်မာ့နိုင်ငံရေးလောကသို့ စတင်ခြေချခဲ့သူဖြစ်သည်။ ထိုနေ့က သူမ၏ မိန့်ခွန်းတွင် “စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထိုမှ နောက်တနေ့ ၁၉၈၈ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တွင် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ရင်ပြင်၌ ကျင်းပသည့် (လူထုပရိသတ် သိန်းချီတက်ရောက်သည့်) လူထုအစည်းအဝေးပွဲကြီးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုလူထုအစည်းအဝေးကြီးတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ ကျမတို့ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်တဲ့ ပြည်သူ့တပ်မတော်အဖြစ် ကျမ မြင်ချင်ပါတယ်။ တပ်မတော်ဆိုတာ ပြည်သူလူထုကို စိတ်နဲ့တောင် မပြစ်မှားရပါဘူး” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသော သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်သည် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်မှ ယနေ့အထိတိုင် စစ်အာဏာရှင်အဆက်ဆက်၏ ကြိုးဆွဲရာ ကရသည့် ရုပ်သေးတပ်မတော်ဖြစ်ခဲ့ရပြီး ပြည်သူ့တပ်မတော်ဟူသည့် ဂုဏ်ပုဒ်နှင့် တဖြည်းဖြည်း ဝေးကွားခဲ့ရသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ရပေသည်။

စစ်အာဏာရှင် ဗိုလ်နေ၀င်းလက်ထက် (၂၆) နှစ်အတွင်း ဖြစ်ပွားခဲ့သည့် အရေးအခင်းအဆက်ဆက်တွင် တပ်မတော်ကို လိုရာကြိုးကိုင်၍ ကျောင်းသားပြည်သူများကို ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့သလို ၁၉၈၈ ခုနှစ် န၀တ စစ်အုပ်စု အာဏာသိမ်းချိန်မှ ယနေ့အထိလည်း လက်တဆုပ်စာ စစ်အုပ်စုက တပ်မတော်ကို ခါးပိုက်ဆောင်တပ် အသွင် ခုတုံးလုပ်အသုံးချပြီး အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်းအား ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့၊ နှိမ်နင်းဆဲဖြစ်သည်ကို တွေ့ရမည် ဖြစ်ပေသည်။

ထို့အပြင် တပ်မတော်ကို ကုပ်ခွစီးထားသည့် န၀တ/နအဖ စစ်အုပ်စုသည် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် လူထုဘက်က မားမားမတ်မတ် ရပ်တည်၍ ဦးဆောင်တိုက်ပွဲဝင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ချကာ ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်ခဲ့ပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ဇူလိုင်လ (၂၀) ရက်မှ ၁၉၉၅ ခုနှစ် ဇူလိုင်လ (၁၀) ရက်အထိ တကြိမ်၊ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ (၂၃) ရက်မှ ၂၀၀၂ ခုနှစ် မေလ (၆) ရက်အထိ တကြိမ်နှင့် ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်မှ ယနေ့အထိတိုင်လည်း စစ်အုပ်စု၏ မတရားဖမ်းဆီး ထိန်းသိမ်းချုပ်နှောင်မှုကို ခံနေရဆဲဖြစ်သည်။

စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်အနှောင်မှ မလွှတ်ရဲဘဲ ဆက်လက် ဖမ်းဆီးထိန်းသိမ်း ထားခြင်းသည် နိုင်ငံတကာနှင့် လူထုထောက်ခံမှု တနေ့ထက်တနေ့ ပိုမိုရရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို လူထုနှင့် အဆက်ဖြတ်ရန် ကြံစည်လုပ်ဆောင်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်၊ နိုင်ငံရေးယုံကြည်ချက်၊ စိတ်ဓာတ်၊ ခံနိုင်ရည်စွမ်းအားတို့ မှေးမှိန်ကျဆင်း ပျောက်ကွယ်သွားစေရန် ကြိုးစားအားထုတ်ခြင်းဟုဆိုလျှင် မှားမည်မဟုတ်ပေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်မှာပင် သူမထူထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် (၈၂) ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့၏။ အဆိုပါ ၁၉၉၀ ပြည့် အောင်ပွဲရလဒ်သည် ဒေါ်အောင်ဆန်းစုကြည်လှိုင်းလုံး တတိုင်းတပြည်လုံးသို့ ရိုက်ခတ်ခဲ့သည်ကို ပြဆိုခြင်းဖြစ်ပြီး တနည်းအားဖြင့် သူမ၏ အရှိန်အ၀ါ ကြီးမားမှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရခြင်း ဖြစ်ပေသည်။  

၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပဲရစ်ဒေကွေးလျားက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုသည်ကို စစ်အုပ်စုက “သူမအနေဖြင့် ခင်ပွန်းသည်၊ ကလေးများနှင့် အတူတူနေထိုင်ရန် ဆန္ဒရှိလျှင် လူသားချင်း စာနာထောက်ထားသောအားဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာခွင့်ပြုမည်” ဟု တုံ့ပြန်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စု၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ သူမ၏ ခင်ပွန်းသည် ကွယ်လွန်ချိန်၌ပင် အင်္ဂလန်သို့ မသွားဘဲ ဒီမိုကရေစီတိုက်ပွဲအပေါ် သစ္စာစောင့်သိမှုကို အထင်အရှား ပြသခဲ့သည်။

၁၉၉၁ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် နော်ဝေနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့မှ ပထမအကြိမ် အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့လေသည်။ ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ဆုပေးအပ်ချီးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တဦးဖြစ်သည့် ချက်သမ္မတဟောင်း ဗားကလပ်ဟာဗဲလ်က “လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာအတွက် စစ်အာဏာရှင် စနစ်အား ဆန့်ကျင်သည့် သူမ၏ တိုက်ပွဲကို ယခုအခါ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်” ဟု သူ၏ အမြင်သဘောထားကို ဒေါ်အောင်ဆန်းစုကြည်၏ ‘Freedom from Fear’ စာအုပ်အမှာစာတွင် ရေးသားခဲ့လေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ ပြန်လွှတ်ချိန် အခိုက်အတန့်များတွင်လည်း ပြည်သူလူထုကြီးက ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးသွားလေရာ၌ တခဲနက်လိုက်ပါ ထောက်ခံအားပေးသည်ကို တွေ့ရသည့်အတွက် စစ်အုပ်စုက အကြီးအကျယ် စိုးရိမ်ထိတ်လန့်ပြီး ဒီပဲယင်းအရေးအခင်းကို ဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ကြိုးစားခဲ့လေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် နောက်တွင်ရှိသည့် လူထုအင်အားကို စစ်အုပ်စု အကြီးအကျယ် ကြောက်ရွံ့နေမှန်း သိသာထင်ရှားလေသည်။ ထို့ကြောင့်လည်း ယနေ့အချိန်တွင် ယက်တောအမှုကို လုပ်ကြံဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးချုပ်နှောင်ဖို့ စစ်အုပ်စု ကလိန်ဉာဏ်ဆင်နေခြင်းဖြစ်၏။

သို့သော် စစ်အုပ်စုက သူမအပေါ် မည်သို့ ကောက်ကျစ်ကောက်ကျစ်၊ မည်သို့ အပုပ်ချ ပြောဆိုရေးသား ၀ါဒဖြန့်စေ ကာမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိုငြင်စိတ်လုံးဝမထားဘဲ မြန်မာပြည်  အမျိုးသားပြည်လည်သင့်မြတ်ရေး အတွက် စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်။ ပြည်သူလူထုကို သွေးထွက်သံယို မဖြစ်စေဘဲ ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရန် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲတလျှောက် ဘ၀ကို ပေးဆပ်မြှုပ်နှံမှု၊ လူထုနှင့် တသားတည်းရှိမှု၊ ဦးဆောင်စည်းရုံးနိုင်မှု၊ တိုက်ပွဲအပေါ် သစ္စာစောင့်သိမှု၊ ယုံကြည်ချက် ရပ်တည်ချက် ခိုင်မာမှု၊ အမြော်အမြင်ကြီးမှုတို့ကြောင့် ယခင်က ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ၀န်လေးသူများပင် ယနေ့အချိန်အခါ၌ မြန်မာတနိုင်ငံလုံး၏ အရေးကိစ္စ ပြဿနာအ၀၀ကို ဦးဆောင်ဖြေရှင်းပေးနိုင် မည့် လူထုခေါင်းဆောင်အဖြစ် တညီတညွတ်တည်း လက်ခံယုံကြည်လာကြသည်ကို တွေ့ရပေသည်။ ဤသည်မှာ ရေရှည်တိုက်ပွဲအတွင်း အစမ်းသပ်ခံရင်း ထွက်ပေါ်လာသည့် အဖိုးမဖြတ်နိုင်သည့် ဆုလာဘ်ကြီးတခုကို မြန်မာပြည်သူလူထု ပိုင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။

ထိုသို့ ပေါ်တောင့်ပေါ်ခဲ၊ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ယုံကြည်ကိုးစားသည့် လူထုခေါင်းဆောင်တဦး သက်ရှိထင်ရှားရှိနေဆဲ အချိန်အခိုက်အတန့်အတွင်း သူမအနေဖြင့် မြန်မာပြည် ငြိမ်းချမ်းသာယာဝပြောသည်အထိ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် ဦးဆောင်ပါဝင်နိုင်ဖို့ မျှော်လင့်တောင့်တမိပေသည်။ တနည်း အားဖြင့်ဆိုရလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူ တရပ်လုံး၏ မျှော်လင့်အားထားရာ ဖြစ်သည့် အားလျော်စွာ အသက်ရှည်ကျန်းမာစွာဖြင့် တိုင်းပြည်အကျိုး သယ်ပိုးနိုင်စေရေးအတွက် သူမ၏ (၆၄) နှစ်မြောက် မွေးနေ့အခါသမယတွင် “တိုင်းပြည်အကျိုးမျှော် ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော် ရှည်စေသော်ဝ်” ဟု ခေတ်ပြိုင်က ဆုတောင်းပတ္ထနာ ပြုလိုက်ရပါကြောင်း …။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook