ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / မတ်လ(၃၁) ရက်၊ ၂၀၀၉
(အယ်ဒီတာ့အာဘော်)
line

 

ဧပြီလဆန်းသည်နှင့် လန်ဒန်မှာ ဂျီ -၂၀ ထိပ်သီးစည်းဝေးပွဲစတော့မည်။ နိုင်ငံ (၂၀) မှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ စုံညီတက်မည့်အစည်းအဝေးဖြစ်၏။ ထိုဆွေးနွေးပွဲမှာ ကမ္ဘာ့ငွေကြေးကပ်ဆိုက်မှုကနေ မည်သို့ ရုန်းထွက်ရမည်ကို ဆွေးနွေးကြမည်။

အမေရိကန်စီးပွားရေး အကျပ်ရိုက်ပြီး ကန်ဒေါ်လာကို မယုံကြသည့်အတွက် ဒေါ်လာကိုအရန်ငွေထားမည့်အစား မည်သည့်နိုင်ငံနှင့်မျှ ဆက်စပ်ခြင်းမရှိသည့် ကမ္ဘာသုံး အရန်ငွေကြေးသစ်တရပ်ရှာဖွေကြရန် တရုတ်ဗဟိုဘဏ် ဥက္ကဋ္ဌက စတင် နှိုးဆော်လိုက်သဖြင့် တကမ္ဘာလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

လောလောဆယ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်) က သုံးနေသည့် Special Drawing Rights (SDR) ခေါ် စက္ကူရွှေကို ဒေါ်လာအစား နိုင်ငံတကာငွေကြေးသစ်အဖြစ်သုံးဖို့ တရုတ်က အဆိုပြု၏။ ရုရှားကလည်း ဂျီ-၂၀ ထိပ်သီးစည်းဝေးပွဲမှာ ထိုအဆိုကို ထောက်ခံဆွေးနွေးမည်ဟု လေသံပစ်၏။ သို့သော် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂိုက်တ်နာက လက်မခံ။ အိုဘားမားကလည်း ဒေါ်လာကို ခိုင်မာနေသေးသည်ဟု အကြောက်အကန် ပြော၏။

အချို့ နိုင်ငံတကာစီးပွားရေးပညာရှင်များကမူ ဒေါ်လာအစား SDR ကို အရန်ငွေကြေးသစ် လုပ်ခြင်းအားဖြင့် ဒေါ်လာကြွေးမြီ အကျပ်ဆိုက်နေသည့် တရုတ်လို တက်သစ်စ စီးပွားရေးနိုင်ငံများနှင့် ဖွံ့ဖြိုးပြီး စီးပွားရေးနိုင်ငံများ၏ ပြဿနာပြေလည်စေမည်ဟု ယူဆ၏။

တနည်းပြောရလျှင် တရုတ်က သူ့ကို ကမ္ဘာ့စီးပွား အင်အားကြီးနိုင်ငံအဖြစ် အသိအမှတ်ပြုစေရန် ကြိုးပမ်းချက် လည်းဖြစ်၏။ အမေရိကန်နှင့် ဥရောပတို့ ငွေကြေး ကြွေးမြီကပ်ဆိုက်နေချိန်တွင် တရုတ်က အတန်ငယ် ထူထူထောင်ထောင် ရှိသည်ဆိုနိုင်၏။ အထူးသဖြင့် လက်ထဲမှာ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ဘီလီယံ (၂,၀၀၀) ပိုင်ထားသည့်အတွက် သူ့ဓနအင်အားကို အသိအမှတ်ပြုအောင် ဂျီ-၂၀ စည်းဝေးပွဲမှာ အသံကျယ်ကျယ် ပေးလိုဟန် ရှိ၏။ ထို့ကြောင့် လန်ဒန် ဂျီ-၂၀ ဆွေးနွေးပွဲသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဦးဆောင်မှုကို စိန်ခေါ်မည့် ပွဲဟုလည်းဆိုနိုင်၏။ အမေရိကန်ကို တရုတ်က နားရွက် တံတွေးဆွတ်သည့်ပွဲဆိုလည်း မမှားပေ။

တဘက်ကလည်း တရုတ် မျက်ကလဲဆန်ပျာဖြစ်နေရသည့်အဖြစ်မှာ အမေရိကန်စီးပွားရေး ယိုင်နေသည့်အချိန်တွင် လက်ထဲမှာ ပိုက်မိနေသည့် ဒေါ်လာ ဘီလီယံ (၁,၄၀၀) ဖိုးရှိ အမေရိကန်ငွေကြေးစာချုပ်များ ပြဿနာဖြစ်၏။ အမေရိကန် ဗဟိုဘဏ်က ဒေါ်လာတွေ ရိုက်ထုတ်နေ၍ ဒေါ်လာတန်ဖိုးထိုးကျသည်နှင့် လက်ထဲကအထုတ်မှာ မမင်းတုတ် အရင်းပြုတ်မည့်ကိန်း။ ထို့ကြောင့်လည်း SDR စက္ကူရွှေ၏ ငွေကြေးအုပ်စုထဲမှာ ယွမ်ငွေကို အပါထည့်နိုင်အောင် တက်သုတ်ရိုက် စိုင်းပြင်းနေခြင်းဖြစ်၏။

လောလောဆယ် SDR တွင်ပါသည့် ငွေကြေးများမှာ ကန်ဒေါ်လာ၊ ယူရို၊ ယန်းနှင့် ပေါင်စတာလင် (၄) မျိုးသာရှိ၏။ တရုတ်အဆိုပြုချက်ကို ဂျီ -၂၀ စည်းဝေးပွဲကလက်ခံလျှင် ယွမ်က SDR အုပ်စုမှာ ပါလာပြီး နိုင်ငံတကာလဲလှယ်ခွင့် ရှိသည့် ခိုင်မာသည့် အရန်ငွေကြေးတခု ဖြစ်လာမည်။ တရုတ်အဆိုသာအောင်မြင်လျှင် အိုင်အမ်အက် ရန်ပုံငွေထဲကို တရုတ်က ငွေပုံအောမည်။ ထိုအခြေအနေတွင် အမေရိကန်နှင့် ဥရောပက ဘဏ္ဍာရေး အကျပ်ဆိုက်နေသဖြင့် တရုတ်နှင့် ဂျပန်ကသာ အိုင်အမ်အက်ပေါ်က အမြတ်ထုတ်နိုင်မည်ဟု လေ့လာသူအချို့က ယူဆ၏။

ကမ္ဘာ့အခြေအနေ အပြောင်းအလဲသည် မယုံနိုင်အောင်မြန်ဆန်၏။ ဂျီ -၂၀ ထိပ်သီးစည်းဝေးပွဲမစမီ လန်ဒန်နှင့် ဥရောပတခွင်မှာလည်း ထိပ်သီးဆွေးနွေးပွဲကို လူပေါင်းသောင်းချီ ဆန္ဒပြနေ၏။ ဘာလင်ဆန္ဒပြသူများက “ခင်ဗျားတို့ပြဿနာ ခင်ဗျားတို့ပေး ကျုပ်တို့မပေးနိုင်” ဆိုပြီး ကြွေးကြော်၏။ အချို့ဆန္ဒပြသူများကလည်း အရင်းရှင်စနစ် ကွယ်လွန်ပြီဆိုသည့်သဘောဖြင့် နှင်းဆီပန်းတွေတင်ထားသည့် အနက်ရောင်ခေါင်းကို သယ်လာ၏။

သို့သော် အသက်ငင်နေသည်မှာ အရင်းရှင်စနစ်မဟုတ် လွတ်လပ်သည့် ဈေးကွက်မော်ဒယ်သာဖြစ်သည်ဟု ယူဆသူက ယူဆ၏။ လန်ဒန် Financial Times သတင်းစာကြီးက တိုးတက်သည့် အရင်းရှင်နိုင်ငံများကို စစ်တမ်းကောက်ကြည့်ရာ ငွေကြေးကပ်ဆိုက်ရခြင်းမှာ အရင်းရှင်စနစ်ကျဆုံးခြင်းထက် အရင်းရှင်စနစ်ကို တလွဲအသုံးချခြင်းကြောင့်ဟု အဖြေထွက်၏။

သေချာသည့်အချက်မှာ တရုတ်၊ ရုရှားတို့၏တောင်းဆိုချက်သည် အမေရိကန်ဦးဆောင်သည့် ကမ္ဘာ့စီးပွားရေးစနစ် ကိုပြုပြင်ဖို့ စိန်ခေါ်ခြင်းဖြစ်၏။ နိုင်ငံတကာ ဗဟိုဘဏ်အတော်များများ ဒေါ်လာကိုသာ အရန်ငွေထား၏။ ဒေါ်လာကို စိတ်မချရသည့် ယနေ့အခြေအနေတွင် တရုတ်က အထုပ်ကြီးကြီး ပိုက်မိလျက်ဖြစ်နေသည့်အတွက် ဒေါ်လာကို အာခံဖို့ ကြိုးပမ်းခြင်းဖြစ်၏။

လန်ဒန်ထိပ်သီးဆွေးနွေးပွဲသည် ကမ္ဘာ့စီးပွားရေးစနစ် အမေရိကန်ဦးဆောင်မှုအောက်မှာ ဆက်ရှိမလား တရုတ်ကြိုးဆွဲရာ ပါသွားမလားဆိုသည်ကို အဆုံးအဖြတ်ပေးမည့်ပွဲဖြစ်၍ တကမ္ဘာလုံးက ရင်တမမ စောင့်ကြည့်နေကြသည်။

၂၀၀၉ ခု ဧပြီလထုတ် ခေတ်ပြိုင်ပုံနှိပ်ဂျာနယ်မှ

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook