English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


 
 

သခွတ်ပင်က မီးတကျည်
line

 

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းတွင် လူသောင်းနဲ့ချီသေ၊ သောင်းနဲ့ချီ ပျောက်ဆုံး နေခြင်းသည် စင်စစ် အမျိုးသားရေး ပြဿနာကြီးဖြစ်၏။

ထိုမျှကြီးမားသည့် ကပ်ဆိုးကို လျစ်လျူရှုပြီး အခြေခံဥပဒေမူကြမ်း အတည်ပြုရေးကို ဇွတ်တရွတ် လုပ်မည့် စစ်အစိုးရလုပ်ရပ်မှာ သမိုင်းတွင်အောင် ရှက်ရမည့် ကိစ္စကြီးဖြစ်၏။ နိုင်ငံတကာ လက်ညှိုး ထိုးစရာ ဖြစ်လာ၏။ ပြည်သူတွေ ဘယ်လောက်သေသေ စစ်အစိုးရအဖို့ အာဏာစက် တည်မြဲရေး
သာ အဓိကဆိုသည်မှာ ပေါ်လွင်နေ၏။

နိုင်ငံတကာ အကူအညီလိုသည်ဟု စစ်အစိုးရ ထုတ်ပြောရသည်ကိုကြည့်လျှင် မြန်မာစစ်အစိုးရ ကိုယ်တိုင် နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းကိစ္စကို မဖြေရှင်းနိုင်သည့် သဘောဖြစ်၏။
သို့သော် တဘက်က နိုင်ငံတကာ အကူအညီပေးမည့် အဖွဲ့တွေကို ဗီဇာထုတ်မပေးဘဲ ဆိုင်း ထားသည်။

နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူတွေအတွက် သောက်ရေ၊ ဆေးဝါး၊ အစားအစာ လိုသည် မှန်၏။ သို့သော် မည်မျှ အတိုင်းအတာထိ ပျက်စီးသည်ဆိုသည့်အချက်မှာ အကူအညီပေးမည့် နိုင်ငံတကာအဖွဲ့တွေ သိရမည့် အချက်ဖြစ်၏။ ထိုအချက်ကို စစ်အစိုးရက မထုတ်ပြန်နိုင်။ မည်မျှ အတိုင်းအတာထိ ပျက်စီးသည်ဆိုသည့် အချက်ကို သိမှ မည်သို့ ကူညီရမည်၊ မည်မျှ ကုန်ကျမည်၊ မည်သည့် အတိုင်းအတာထိ ကူညီရမည် စသည့်အချက်တွေကို တွက်ချက်ရမှာဖြစ်၏။ မြန်မာနိုင်ငံ
က မုန်တိုင်းဒုက္ခသည်တွေအတွက် မည်သည့်အဖွဲ့အစည်းကမျှ အကန့်အသတ်မရှိ လေထဲက ကြဲချ ကူညီနိုင်ဖို့ မဖြစ်နိုင်။

မည်မျှအတိုင်းအတာထိ ပျက်စီးသည် ဆိုသည့်အချက်ကို စစ်အစိုးရက မထုတ်ပြန်နိုင်လျှင် နိုင်ငံ တကာအဖွဲ့တွေကိုယ်တိုင် လေ့လာ တိုင်းတာနိုင်၏။ သို့သော် စစ်အစိုးရက ဗီဇာထုတ်မပေးဘဲ တမင်အချိန်ဆွဲထားသည်။ နိုင်ငံတကာ သတင်းထောက်တွေကိုလည်း ပြည်ဝင်ခွင့် ငြင်းထားသည်။  နိုင်ငံတကာ အကူအညီပေးမည့် အဖွဲ့အတော်များများ ဘန်ကောက်တွင် သောင်တင်နေသည်။

အဖြေမှာ ရှင်းသည်။ မေ (၁၀) ရက်မတိုင်ခင် နိုင်ငံတကာအကူအညီပေးမည့် အဖွဲ့တွေ တတ်နိုင်
သမျှ မြန်မာနိုင်ငံထဲ မ၀င်နိုင်အောင် အချိန်ဆွဲထားဖို့ ဖြစ်သည်ဟု အတိုက်အခံဘက်က ယူဆ၏။ နိုင်ငံတကာ အကူအညီပေးမည့် အဖွဲ့တွေ နိုင်ငံခြားသားတွေ ဆန္ဒခံယူပွဲ မတိုင်ခင် ၀င်လာလျှင် ဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီး မိမိတို့ လိမ်သမျှ ပေါ်သွားနိုင်သည်ဟု စစ်ခေါင်းဆောင်တွေ ယူဆထား ပုံရ၏။ ထို့ကြောင့် ဧရာဝတီတိုင်းက ပြည်သူတွေ ဘယ်လောက် သောင်းနဲ့ချီသေသေ၊ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ဖြစ် ဆန္ဒခံယူပွဲကို အထိမခံနိုင်ခြင်းဖြစ်၏။ ရဟန်းသံဃာကိုပင် သတ်ရဲ ဖြတ်ရဲသည့် စစ်အစိုးရအဖို့ လူသောင်းနဲ့ သိန်းနဲ့ချီသေတာ ဂရုမစိုက်သည်မှာ အံ့သြစရာတော့ မဟုတ်ပါ။

မြန်မာစစ်ခေါင်းဆောင်တွေ သာမန်အချိန်တွင် အလုပ်မရှိ အလုပ်ရှာပြီး ဘုရားတကာ လှည့်ဖူး
သည်ကို စစ်အစိုးရ မီဒီယာတွေက သတင်းမဟုတ်တာ သတင်းလုပ်ထည့်လေ့ရှိသည်။ သို့သော်
ဧရာဝတီတိုင်းတွင် လူပေါင်း သောင်းနဲ့ချီသေ၊ သောင်းနဲ့ချီ ပျောက်ဆုံးသည်ထိ နာဂစ်မုန်တိုင်းဒဏ် သင့်ချိန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ရောက်လာပြီး လူထုကို အားပေးသွားသည်ဟု မကြားရ။ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ချက်ချင်းလာသွားသည်ဟု ပြည်သူတွေ မသိရ။ ဧရာဝတီ
တိုင်းတွင် ထိုမျှကြီးမားသည့် သဘာဝ ဘေးဆိုးကြီးကြောင့် လူပေါင်း သိန်းသန်းချီ ဒုက္ခရောက် သည်ကို မိမိတို့ အလုပ်မဟုတ်ဟု စစ်ခေါင်းဆောင်တွေ သဘောထားပုံမှာ စံတင်လောက်၏။ လူထုဘက်က စိတ်နာမည်ဆို နာကြည်းထိုက်၏။

မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းသည်  မြန်မာနိုင်ငံ၏ စပါးကျီဖြစ်၏။ ဧရာဝတီတိုင်း မုန်တိုင်းဒုက္ခ သည်တွေကို အခြေခံလိုအပ်သည့် အကူအညီပေးနိုင်သည်ဆိုသည့်တိုင် လာမည့် (၆) လအတွင်း စပါးအထွက် မည်မျှထိခိုက်မည်၊ ဆန်ဈေး မည်မျှ ထောင်တက်သွားနိုင်သည်၊ ပြည်တွင်းစားသုံးမှု မည်မျှ ထိခိုက်နိုင်မည်၊ သို့ဖြစ်၍ ရေဒဏ်သင့် စပါးကွင်းတွေ လယ်သမားတွေအတွက် မည်မျှ မြန်မြန်ဆန်ဆန် အကူအညီပေးသင့်သည် စသည်တို့ကို စစ်အစိုးရဘက်က နားလည်သင့်၏။ လယ်သမား၊ ဆန်ကုန်သည်တွေအပြင် တတ်ကျွမ်းနားလည်သူတွေနှင့် အမြန်တိုင်ပင် စဉ်းစား အဖြေရှာသင့်၏။

ထို့ကြောင့် မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းအရေးသည် ဧရာဝတီတိုင်းအရေး သက်သက်မဟုတ်၊ မြန်မာတပြည်လုံး အရေးဖြစ်၏။ မြန်မာပြည် စီးပွားရေး ထိခိုက်သွားနိုင်သည့် အရေးဖြစ်၏။ မြန်မာ ပြည်သူတရပ်လုံး၏ စားဝတ်နေရေး ထိခိုက်သွားနိုင်သည့် အရေးဖြစ်၏။ တပြည်လုံး လူမှုရေး အုံကြွမှုတွေ ဖြစ်လာနိုင်သည့် အရေးဖြစ်၏။ ဧရာဝတီတိုင်း နာလန်ထူမည့် အရေးသည် ရက်ပိုင်း လပိုင်းနှင့် အပ်ချလောင်းလုပ် မန်းမှုတ်၍ ရသည့် အရေးမျိုးမဟုတ်။

မုန်တိုင်းဒဏ်သင့် ပြည်သူတွေအရေးကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနှင့် ပူးပေါင်းပြီး ဦးစားပေးဆောင်ရွက်မလား၊ စစ်တပ်အကျိုးစီးပွားအတွက် ရေးဆွဲထားသည့် ဆန္ဒခံယူပွဲကို ဦးစား ပေးမလား မြန်မာစစ်ခေါင်းဆောင်တွေ ဆုံးဖြတ်ရမည့် အချိန်ဖြစ်၏။

ဆန္ဒခံယူပွဲကို ဘေးချိတ်ပြီး မုန်တိုင်းဒဏ်သင့် ပြည်သူတွေအရေးသက်သက်ကို ဦးစားပေးလျှင် စစ်အစိုးရ မျက်နှာကောင်းရနိုင်၏။ ဆန္ဒခံယူပွဲကို ဦးစားပေးလျှင် အနှေးနှင့်အမြန် လူမှုရေး အုံကြွမှု တွေနှင့် ရင်ဆိုင်ရနိုင်၏။ နှစ်မျိုးလုံးတပြိုင်တည်း အကောင်အထည်ဖော်လျှင်လည်း လူထုမကျေနပ်
မှု ပိုကြီးမားအောင် မီးထိုးပေးသည်နှင့်တူ၏။ စစ်အစိုးရ အာဃာတနှင့် ပြည်သူတို့၏ ဒေါသ ပေါင်း
ဆုံဖို့ မဝေးတော့ပြီဟု ခေတ်ပြိုင်က ယူဆ၏။

 

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics