လေဆင်နှာမောင်းဒဏ်ခံရသူများ အိုးအိမ်မဲ့ဖြစ်

တက်လူ   /   ၁၃ ဇူလိုင် ၂၀၁၀


ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် လေဆင်နှာမောင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအား ကယ်ဆယ်ရေးစခန်း သီးသန့်ဖွင့်မပေးသည့်အတွက် လတ်တလော၌ နေစရာအခက်အခဲဖြစ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ဇူလိုင် (၈) ၇က် ညနေ (၆) နာရီခွဲကျော်က တိုက်ခတ်သွားသော လေဆင်နှာမောင်းကြောင့် ဒေသခံ လူ (၂၀၀) ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရာတွင် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ဖွင့်မပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက “ကယ်ဆယ်ရေးစခန်းဆိုတာကတော့ လိုတယ်။ လူပေါင်းရာနှင့်ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်တာကို ကယ်ဆယ်ရေးစခန်း မဖွင့်ဘဲထားတာက လှူချင်သူတွေအနေနဲ့လည်း ဘယ်မှာသွားလှူရမယ်ဆိုတာ မသိကြသလို ဒီအတိုင်းထားတော့ ဘာမှ ဖြစ်မသွားသလို ပုံစံမျိုး ဖြစ်နေတယ်” ဟု ပြောသည်။

လေဆင်နှာမောင်းသည် အဆိုပါမြို့နယ်မှ သမင်ခြံ၊ တာတိုက်နှင့် ထန်းတပင်ကျေးရွာတို့ကို (၅) မိနစ်ခန့် ၀င်ရောက်သွားခြင်းဖြစ်သည်။

“တိုက်တဲ့အချိန်က (၅) မိနစ်လောက်ပဲကြာတယ် အားလုံးကုန်ရော။ ၀ါးနဲ့ ဆောက်ထားတဲ့အိမ်တွေဆိုရင် အားလုံးကုန်။ ဘာမှမကျန်လိုက်ဘူး” ဟု ကော့မှူးမြို့နယ် ဒေသခံတဦးက ပြောသည်။

လေဆင်နှာမောင်းဒဏ်ကြောင့် အိမ်အမိုးလန်သွားခဲ့သည့် အိမ်များနှင့် လုံးဝပျက်စီးသွားသည့် အိမ်များမှ မိသားစုများသည် အခြားဆွေမျိုး၊ မိတ်ဆွေတို့အိမ်တွင် ခိုကပ်နေထိုင်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ တာဝန်ရှိသူတဦးက ၎င်းတို့အနေဖြင့် လေဆင်နှာမောင်းတိုက်သွားသော ဒေသသို့ သွားရောက်ကာ တာပေါ်လင်များ၊ တကိုယ်ရေသုံးပစ္စည်းများ၊ ဓာတ်ဆားထုတ်များ၊ ရေသန့်ဆေးပြားများ၊ စောင်များ စသည်တို့ကို ဝေငှပေးခဲ့ကြောင်း ပြောကြားသည်။

ကယ်ဆယ်ရေးစခန်း မဖွင့်သည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ဒေသခံတို့အနေဖြင့် ရေရှည်တွင် ဆက်လက်နေထိုင်ရန် အခက်အခဲရှိကြောင်း သိရသည်။

“ကျမတို့အိမ်က မကောင်းပါဘူး။ အားလုံးလည်း သိကြပါတယ်၊ ဓနိမိုးအိမ်တွေပါ။ ဒါပေမယ့် အိုးခွက်ပန်းကန်ကအစ နေရာအတည်တကျဖြစ်နေတာ အခုလို အိုးမဲ့အိမ်မဲ့ဖြစ်သွားတော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့” ဟု လေဆင်နှာမောင်းကြောင့် အိမ်ပြိုကာ မြေပြင်သာကျန်ခဲ့သည့် လယ်စာရင်းငှားလုပ်နေသူ အမျိုးသမီးတဦးက ပြောသည်။

ယင်းဒေသတွင် လေဆင်နှာမောင်းတိုက်သည့်နေ့က ရန်ကုန်တွင်လည်း မိုးကြိုးများပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ အချိန် (၂) နာရီခန့် ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့မှာ၂၀၀၆ ခုနှစ် နောက်ပိုင်း ပြောင်းလဲလာသော ရာသီဥတုဖြစ်သည့် မုတ်သုန်မမှန်ခြင်း၊ မုတ်သုန်မကြာခဏ အားပျော့ခြင်းကြောင့်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဌာနဆိုင်ရာ လုပ်ငန်းအစည်းအဝေးတခုတွင် ပြောကြားခဲ့ဖူးသည်။
X
Your Name
Your Email
Your Friend Email
Your Messages
Email to friends | Print | Bookmark Share

Related News

Comments (0)

Write your comment

စာဖတ်သူများ၏ မှတ်ချက် သဘောထားများကို လွတ်လပ်စွာတင်ပြရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကဏ္ဍအသီးသီးနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနှင့် ရုန့်ရင်းကြမ်းတမ်းသည့် မှတ်ချက်များကို ခေတ်ပြိုင်မှ ဖော်ပြပေးမည်မဟုတ်ပါ။
		
		Name	
		Email	
		Title	
		Comment	
			
		

မင်းဆိုးမင်းညစ်သန်းရွှေ
Unmasking Burma’s Tyrant by Benedict Rogers & Jeremy Woodrum

မယ်မယ်ရရ ဘာမှ စွမ်းဆောင်နိုင်တာမဟုတ်ဘဲ အကြီးအကဲဖြစ်လာတဲ့ ဗိုလ်သန်းရွှေကို ဘယ်သူကမှ အထင်မကြီးကြဘူး။ ဗိုလ်သန်းရွှေလက်ထက်မှာ သေကျေပျက်စီးသူနဲ့ အကြီးအကျယ် ဒုက္ခရောက်ရသူတွေ သန်းချီရှိနေပေမယ့် သူ့အကြောင်းကို ကမ္ဘာက မသိကြဘူး။ ဒါကြောင့်မို့ စာတိုက်စာရေးဘ၀က အလွန်ဆိုးဝါးတဲ့ အာဏာရှင်ဖြစ်လာတဲ့ ဗိုလ်သန်းရွှေအကြောင်းကို

::: Copyright © 1992-2010 The New Era Journal :::