ဧည့်နိုင်ငံသားနှင့် နိုင်ငံသား (ပြု) ကတ်များ တရုတ်လူမျိုးများကို ထုတ်ပေး
ခိုင်လင်း / ၁၄ ဇူလိုင် ၂၀၁၀
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ တရုတ်လူမျိုးများအား ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲထည့်နိုင်ခွင့်ရရှိရန် ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရကတ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲဆွယ်သည့်အနေဖြင့် ပြုလုပ်ပေးနေသည်။
ကြံ့ဖွံ့ဗဟိုခေါင်းဆောင်တဦးလည်းဖြစ်သူ ပြည်ထဲရေး ဒု-ဝန်ကြီး ဦးဘုန်းဆွေ၏ ဆွေးမျိုးတော်စပ်သူ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ နေအိမ်တခုတွင် တရုတ်လူမျိုးများအား ယမန်နေ့မှစ၍ ပြုလုပ်ပေးနေကြောင်း မိုးကောင်းမြို့ခံတဦးက ပြောသည်။
၎င်းက “FRC (Foreigner Registration Certificate) ကိုင်ထားတဲ့ မြန်မာပြည်ပေါက် တရုတ်တွေကို လုပ်ပေးတာ။ အခုက ဒုတိယအကြိမ်လုပ်တာပေါ့။ လာမယ့်သောကြာနေ့အထိ လုပ်မယ်လို့ ပြောတယ်။ ပထမ တကြိမ်တုန်းက ဖောင်ဖြည့်ပြီးတဲ့ သူတွေက ဧည့်နိုင်ငံသားကတ်တို့၊ နိုင်ငံသား (ပြု) ကတ်တွေရပြီ။ တရုတ်တွေက အများကြီးရှိတာ။ အသက် (၁၈) နှစ်ပြည့်ပြီး မဲထည့်နိုင်တဲ့ တရုတ်တွေ ရာချီ၊ ထောင်ချီရှိတယ်။ အဲဒီ မဲတွေ ကြံ့ဖွံ့ ရနိုင်တာပေါ့” ဟု ပြောသည်။
ယခုနှစ် ဧပြီလအတွင်းကလည်း မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ အဆိုပါနေအိမ်တွင် တရုတ်လူမျိုးများအား ဧည့်နိုင်ငံသားကတ်နှင့် နိုင်ငံသားပြုခွင့်ရကတ်များ ထုတ်ပေးရန်အတွက် ကိုယ်ရေးအချက်အလက်အပါအဝင် မိသားစု၊ ဆွေမျိုးသားချင်းတို့၏ အချက်အလက်ဖောင်များ ကောက်ယူခဲ့ပြီးဖြစ်သည်။ ထိုအချိန်က ဖောင်များ ကုန်သွားသဖြင့် မလုပ်လိုက်ရဘဲ ကျန်နေသည့်သူများအား ယခု ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း မိုးကောင်းမြို့ခံတဦးက ပြောသည်။
မြန်မာပြည်ပေါက် တရုတ်များသည် FRC လက်မှတ်များ ကိုင်ဆောင်ခွင့်ရပြီး နိုင်ငံတော်သို့ နှစ်စဉ် အခွန်ဆောင်နေရသည်။ ၎င်းတို့သည် မဆလခေတ် မဲဆန္ဒပေးပွဲများနှင့် ၁၉၉ဝ ရွေးကောက်ပွဲတို့တွင် မဲပေးပိုင်ခွင့်မရှိခဲ့ဘဲ ယခု ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် အခွင့်အရေး ရရှိလာခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ တရုတ်အမျိုးသားတဦးက ပြောသည်။
နအဖ၏ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်များရှိလျှင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
Related News
Comments (1)
kyawminnkhaing
နိုင်ငံ တနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်ဆိုတာ သက်ဆိုင်ရာအစိုးရကဥပဒေပြဌာန်း၍ဖြစ်စေ၊လ၀ကဌာနကဖြစ်စေ တည်ရှိပြီးဥပဒေ အရသာလျှင် ပြုလုပ်ပိုင်ခွင့်ရှိပါတယ်.ရွေးကောက်ပွဲတောင်မ၀င်ဘူးသေးတဲံ့ ပါတီအမည်ခံလူတစုက နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာကို ပုန်ကန်ပြီး အဲလို လုပ်တာ..မလွန်လွန်းဘူးလားဗျာ..