တရားဝင်လိုင်စင် ထုတ်ပေးမည့်အတွက် လိုင်စင်မဲ့ကား စုဆောင်းသူများ
ရဲရင့် / ၁၅ ဇူလိုင် ၂၀၁၀
လာမည့်လမှစတင်ကာ မြန်မာနိုင်ငံတွင် လိုင်စင်မဲ့ကားများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှ တရားဝင်လိုင်စင်များ ထုတ်ပေးမည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံ မဲဆောက်၌ လုပ်ငန်းရှင်များက မြန်မာနိုင်ငံသို့ တင်သွင်းရန် လိုင်စင်မဲ့ကားများ စုဆောင်းနေကြောင်း သိရသည်။မြန်မာနိုင်ငံ မြ၀တီဘက်မှ ကားကုန်သည်တဦးက “ရှေ့လမှာ လိုင်စင်မဲ့ကားတွေကို တရားဝင်လိုင်စင် ထုတ်ပေးဖို့ရှိတယ်။ အဲဒီသတင်းအရ ဗိုလ်ချုပ်သားသမီးတွေနဲ့ သူတို့လူတွေက ထိုင်းဘက်ကမ်းမှာ ဂျပန် တပတ်ရစ်ကားတွေကို စုထားတာ အစီး (၃၀၀) ကျော်နီးနီးရှိတယ်။ မြန်မာဘက်က လိုင်စင်ချပေးတာနဲ့ ချက်ချင်းပဲ ဒီကားတွေ မြ၀တီကိုကူးမှာဖြစ်တယ်” ဟု ပြောသည်။
ယခင်လလယ်မှစ၍ မြ၀တီတွင် လိုင်စင်မဲ့ကားများကို အာဏာပိုင်တို့က ဖမ်းဆီးမှုများပြုလုပ်ပြီး ထိုင်းဘက်မှတဆင့် တင်သွင်းသည့် လိုင်စင်မဲ့ဂျပန်ကားများကို ပိတ်ပင်ထားသဖြင့် အဆိုပါကားကုန်သည်များသည် မြ၀တီခရိုင် အာဏာပိုင်များနှင့် ညှိကာ ရာနှင့်ချီသည့် ကားများကို ညဘက်တွင် မြန်မာဘက်သို့ ခိုးသွင်းနေကြောင်း သိရသည်။
ထို့အပြင် ထိုင်းဘက်ခြမ်းရှိ ကားကူးသည့် လှေဆိပ်များတွင်လည်း မြန်မာဘက်ပို့မည့် တန်ဖိုးကြီးဇိမ်ခံကား အစီးရေ (၃၀၀) ခန့်ကို အဆိုပါကုန်သည်များက သယ်ယူစုထားသည်ဟု ကားကူးလှေမောင်းသူတဦးက ပြောသည်။
ကရင်ပြည်နယ် (ကညန) ရုံးမှ ၀န်ထမ်းတဦးက “လိုင်စင်မဲ့ကားတွေကို တရားဝင်လိုင်စင်ချပေးမယ်ဆိုတာ ဟုတ်ပါတယ်။ အမှန်က ဒီလဆန်းထဲက လုပ်ပေးဖို့ဖြစ်တယ်။ အခြေအနေအရပ်ရပ်ကြောင့် နောက်လကို ရွှေ့လိုက်တာလို့ သိရတယ်။ လိုင်စင်ကြေးကို ဘယ်လောက်သတ်မှတ်မလဲတော့ မသိရသေးဘူး” ဟု ပြောသည်။
မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် တင်သွင်းလာသည့် လိုင်စင်မဲ့ကား အများစုမှာ နအဖအာဏာပိုင်များ၏ မိသားစုဝင်များ၊ ၎င်းတို့နှင့်နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် မြ၀တီနယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတို့က နားလည်မှုယူ၍ တင်သွင်းကြခြင်းဖြစ်သည်ဟု ကားပွဲစားတဦးက ပြောသည်။
၎င်းက “ကရင်ပြည်နယ်ထဲမှာတော့ ကားလိုင်စင်ချပေးတာကို အတော်များများက ကြိုက်ကြတယ်။ မနှစ်က တနိုင်ငံလုံးမှာရှိတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို လိုင်စင်ချပေးသလိုပဲ ဖြစ်မယ်လို့ ယူဆကြတယ်။ ဆိုင်ကယ်လိုင်စင်ကို ဆိုင်ကယ်ရဲ့ လက်ရှိတန်ဖိုး ဆယ်ပုံတပုံလောက်ပဲ ပေးရတော့ လိုင်စင်လုပ်တဲ့လူတွေများတယ်။ ကားကိုလည်း ဒီလိုပဲ ဖြစ်မယ်ဆိုပြီး စောင့်နေကြတာ” ဟု ပြောသည်။
ကားလိုင်စင်ချပေးမည့်ကိစ္စတွင် ငွေကြေးအလုံးအရင်းဖြင့် လုပ်ကိုင်နိုင်သည့် စစ်ဗိုလ်ချုပ်များနှင့်နီးစပ်သူများသာ အထူးလုပ်ပိုင်ခွင့် ရသည့်အတွက် ယခုကဲ့သို့ နယ်စပ်တွင် ကားများ စုဆောင်းခြင်းဖြစ်သည်ဟု အဆိုပါပွဲစားက ပြောသည်။
မြ၀တီမြို့မှ ကားကုန်သည်တဦးက “မြ၀တီခရိုင်မှာဆိုရင် အားလုံးက ကားလိုင်စင်ချပေးမယ့်ရက်ကို စောင့်နေကြတယ်။ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ကုန်သည်တွေ တောထဲမှာဝှက်ထားတဲ့ လိုင်စင်မဲ့ကားတွေ အနည်းဆုံး အစီးရေ (၁) ထောင်လောက်ရှိမယ်” ဟု ပြောသည်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့တွင် လိုင်စင်မဲ့ဇိမ်ခံကား အသုံးများရခြင်းမှာ ပြင်ပပေါက်ဈေးထက် အဆပေါင်းများစွာ ကွာခြားသည့်အတွက်ဖြစ်ကြောင်း လိုင်စင်မဲ့ကား သုံးသူများက ပြောသည်။
မြန်မာအစိုးရ လက်နက်ကိုင်အဖွဲ့တခု၏ တပ်ဖွဲ့ဝင်တဦးက “ဆိုပါစို့ (၉၇-၉၈) မော်ဒယ် တိုရိုတာစလွန်းကားဆိုရင် မြ၀တီမှာ ကျပ်ငွေ (၃၅) သိန်း အများဆုံးပဲ။ အဲဒီကား ရန်ကုန်မှာ သိန်း (၈၀၀) ကျော်လောက်ရှိတယ်။ ပါဂျယ်လို ၂၀၀၇-၂၀၀၈-မော်ဒယ်ဆိုရင်လည်း နယ်စပ်မှာ ကျပ်သိန်း (၂၀၀) ကျော်ပဲရှိတယ်။ ရန်ကုန်မှာ သိန်း (၂) ထောင်ကျော်တယ်။ ဒီလိုကားတွေ အစိုးရနဲ့ ပတ်သက်တဲ့လူတွေ လက်ထဲမှာအများကြီးပဲ။ ကရင်ပြည်နယ်မှာတောင် အစီးရေထောင်ကျော်ရှိတာ တနိုင်ငံလုံးဆိုရင် တွက်သာကြည့်” ဟု ပြောသည်။
ဒီကေဘီအေမှ အရာရှိတဦးက နိုင်ငံတော်ဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၏ ကားများကို အထူးခြွင်းချက်ဖြင့် လိုင်စင်များ ထုတ်ပေးမည်ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်း အဓိက အစိုးရဌာန (၁၅) ခုရှိရာ ဌာနတခုလျှင် လိုင်စင်မဲ့ကား အစီးရေ (၅၀) ခန့် အသုံးပြုနေသည်ဟု စည်ပင်ကားမောင်းသူတဦးက ပြောသည်။
Related News
Comments (2)
Nai Aeikoh MNDA
လာပြန်ပြီး ဟိုလွန်ခဲ့တဲ၆နှစ်တုန်းက ဒီပုံစံနဲ့ပဲ လိုင်စင်လုပ်ပေးမယ် ကြေငြာပြီးမွန်ပြည်နယ်မှ ကားပေါင်း၅၀၀ကျော် သိမ်းပိုက်လိုက်တယ်လေ ဒါယကာများလှူဒါန်းထားတဲ့ဘုန်းတော်ကြီးကားပါမကျန်အကုန်သိမ်းခံရပါပြီ။ကျွန်တော်တို့ကားတစ်စီး ချောက်ကမ်းပါးထဲ တွန်းချလိုက်တယ် အစိုးရကိုအပ်မယ့်အတူတူ မီးရှို့လိုက်တာကောင်းတယ် ။နအဖ ပေးဘူးတဲ့သင်ခန်းစာ မမေ့သေးပါဘူး။သိမ်းလိုက်တဲ့ကားတွေကိုစက်မှုဇုံသွင်းပြည်သူတို့နဲ့ပြန်ရောင်း။တောထဲမောင်းနေတဲ့ကားများလိုင်စင်မရှိကြပါဘူး။ အစိုးရသိမ်းလိုလျင်မော်တော်ကားကြီးပဲမသိမ်းဆည်းပါနဲ့ အတိုက်ခံပါတီတွေ သုံးနေတဲ့သေနတ် လက်နက်ပါ သိမ်းလိုက် စိန်ခေါ်လိုက်မယ် ။နအဖ ရဲ့လုပ်ရပ်တွေ မဲစွယ်နေတာမဟုတ်ဘူး။
Tai Fu Lack
အစိုးရက ဘာသဘောထားနဲ့ ပေးနေပါလိမ့်! ရလိုက်တဲ့ လိုင်စင်ခွန်တွေတော့ နည်းမှာ မဟုတ်ဘူးထင်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ဖို့ခိုက်ဖို့ လူထုဆီက ငွေတွေကို ညို့ယူ ပြီးလက်နက်ဝယ်ဖို့လား? မဲစွယ်နေတာလား? "မြန်မာပြည် မြေပုံမှာ ထောက်လိုက်တိုင်း စစ်တပ်ကြီး စစ်တပ်ငယ်တွေမှာ စစ်သားတွေငတ်ပြတ်ပြီး ပေါလောပေါ်နေတာဘဲ အခက်က ကျည်တစ်ထောင့်ကို နိုင်နိုင်နှင်းနှင်းမို့ ပိုက်ဆံရှာနေသလား"