ဖားကန့်တံတား ကျိုးသဖြင့်
ကားသမား (၁) ဦး သေဆုံး
ခိုင်လင်း / ၂၇ ဇူလိုင် ၂၀၁၀
ယခုလ (၂၅) ရက်၌ ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဖားကန့်-ဆိပ်မူ ကားလမ်းပေါ်ရှိ ဥရုချောင်း ဖြတ်ကျော်သည့် သံဘောင်ဘီလီတံတားပေါ်၌ မြေစာများတင်လာသည့်ကား (၂) စီး ဖြတ်သန်းနေစဉ် တံတားကျိုးကျသဖြင့် လူ (၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ကျောက်ကျင်းမှစွန့်ပစ်မည့် ကျောက်မြေစာများ တင်လာသည့် မောနင်းစတားကျောက်ကုမ္ပဏီမှ ကား (၂) စီး ဖြတ်ကျော်နေစဉ် ကျိုးကျသဖြင့် အဆိုပါ ကားများနှင့်အတူ တံတားပေါ်တွင် မောင်းနှင်နေသည့် ဆိုင်ကယ်များပါ ဥရုချောင်းထဲ ကျသွားသည်ဟု ဖားကန့်ဒေသခံတဦးက ပြောသည်။
၎င်းက “တံတားက အလယ်လောက်မှာ ကျိုးသွားတာ။ ကားက မြေစာတင်ထားတယ်ဆိုတော့ အနည်းဆုံး (၁၅) တန်လောက်စီ ရှိနိုင်တယ်။ တစီးကျော်ပြီးမှ တစီးမဖြတ်ဘဲ ရှေ့နောက်သွားတော့ ဝန်မခံနိုင်ဘဲ ကျိုးပြီး (၂) စီးလုံး ကျသွားတယ်။ အဲဒီအချိန်မှာ တံတားပေါ်ရောက်နေတဲ့ ဆိုင်ကယ်တွေလည်း ကျသွားတယ်၊ (၃) စီးကျတယ်လို့ ပြောတယ်။ ဘယ်နှစီးကျမှန်း အတိအကျ မသိဘူး။ ရေကကြီးနေတာလေ။ ကားသမား (၁) ဦး သေတယ်ဆိုတာတော့ သိတယ်။ ကျန်တဲ့ဟာတွေက ရေကူး ပြန်တက်နိုင်တယ်လို့လည်း ပြောနေတယ်” ဟု ပြောသည်။
ဖားကန့်မြို့နှင့် မရှီးကထောင်းကျေးရွာအား ဆက်သွယ်ထားသည့် ဖားကန့်သံတံတားကြီးသည် အရှည်ပေ (၃ဝဝ) ဝန်းကျင်ရှိပြီး မကြာသေးသည့် နှစ်ပိုင်းကလည်း အလားတူ တံတားကျိုးကျခဲ့သေးကြောင်း၊ ယခုတံတားကျိုးမှုတွင် လူ (၁) ဦးထက်မနည်း သေဆုံးနိုင်ကြောင်း အဆိုပါ ဖားကန့်ဒေသခံက ပြောသည်။
၎င်းက “လွန်ခဲ့တဲ့ (၃၊ ၄) နှစ်ကလည်း အဲလို ကျိုးဖူးတယ်။ အဲဒီတုန်းကလည်း ကားဖြတ်နေတုန်း ကျိုးတာပဲ။ ရေလည်း ကြီးတော့ ကြီးနေတာပဲ။ ရေကြီးလို့ ကျိုးတာ မဟုတ်ဘူး။ တံတားက အလေးချိန် မခံနိုင်လို့ ကျိုးတာ။ အဲဒါ ကုမ္ပဏီက ပြန်လျော်ပေးရမယ်ဆိုပြီး ကုမ္ပဏီနဲ့ ဖားကန့်မြို့နယ် အာဏာပိုင်တွေနဲ့ တွေ့နေကြတယ်လို့ ပြောတယ်။ လူတွေကတော့ ကြိုးတံတားကနေ ကူးလို့ရနေတယ်၊ မရှီးကထောင်း ကြိုးတံတား ရှိနေတယ်။ ဒါပေမယ့် အခုသံတံတားကျိုးသွားတော့ ကုန်ကားတွေဖြတ်လို့ ဘယ်ရတော့မလဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ စ၍ ဖားကန့်ဒေသအတွင်း မိုးများ ဆက်တိုက် ရွာသွန်းနေသဖြင့် ချောင်းများ ရေကြီးရေလျှံမှု ဖြစ်ကာ နေအိမ် ရာနှင့်ချီ ပျက်စီးခဲ့ပြီး ဒေသအတွင်း လမ်းများပျက်စီး၊ ရေများဖုံးလွှမ်းကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်နေချိန်တွင် ယခုကဲ့သို့ တံတားတခု ထပ်မံကျိုးကျခဲ့ခြင်းဖြစ်သည်။
Related News
Comments (1)
David Thang Lung
ပြုပြင်တည်ဆောက်မှုများရှိတိုင်း ပြည်ပ ပညာရှင်တွေကို အားကိုးနေရတာကော ပြည်ပအားကိုး ဘာအရိုးလဲ.....ပြည်တွင်းက ခေတ် ပညာတတ်တွေက ဘယ်ရောက်နေကြသလဲ....သူတို့ကောမစွမ်းနိုင်အောင် ညံ့နေကြလို့လား.....