တံတားပိတ်ထားသဖြင့် နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်

ရဲရင့်   /   ၂၇ ဇူလိုင် ၂၀၁၀


ချစ်ကြည်ရေးတံတားနှင့် ဘေးဂိတ်များ ပိတ်ထားသဖြင့် မြန်မာကုန်သည်များနှင့် ဈေးသည်ဈေးဝယ်များ မလာနိုင်ဘဲ မဲဆောက်ဈေးကြီး အရောင်းအ၀ယ် ခြောက်ကပ်လျက်ရှိသည်။

ယခုလ (၁၈) ရက်မှစတင်ကာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုင်း-မြန်မာချစ်ကြည်ရေး မဲဆောက်-မြ၀တီ တံတားကို မြန်မာဘက်မှ ပိတ်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေး လုံးဝပြတ်တောက်သွားကြောင်း ကုန်သည်များက ပြောကြားသည်။

မဲဆောက်ဈေး ပါတိတ်လက်လီလက္ကား အရောင်းဆိုင်ပိုင်ရှင်က “မြန်မာဘက်က တံတားပိတ်တာ (၁၀) ရက်ရှိပြီ။ မြန်မာကုန်သည်တွေ လုံးဝကို မလာတော့ အရောင်းအ၀ယ်က မရှိတော့ဘူး။ ဆိုင်ကိုတော့ နေ့တိုင်းဖွင့်ထားပြီး တံတားပြန်ဖွင့်နိုးနဲ့ စောင့်နေကြရတယ်။ တံတားမပိတ်ခင်က ပစ္စည်းတွေကို မြ၀တီဘက် တနေ့ ကားနဲ့အနည်းဆုံး သုံးလေးငါးခေါက်ပို့ရတယ်။ အခုမြင်တဲ့အတိုင်းပဲ။ မဲဆောက်ဈေးမှာ သရဲခြောက်မှာတောင် ကြောက်ရတယ်” ဟု ပြောသည်။

မဲဆောက်ဈေးကြီးအတွင်း ယခင်က နေ့ခင်းဘက်တွင် ကုန်ပစ္စည်းတင်ကားများ၊ မြန်မာကုန်သည်ပွဲစားများ ဈေးဝယ်ဈေးသည်များနှင့် ပြည့်နှက်နေရာမှ ယခုအခါ လုံးဝဆန့်ကျင်ဘက် ဖြစ်သွားသည်ဟု ထိုင်းကုန်ကားမောင်းသူ နိုင်နွန်က ပြောသည်။

မြန်မာဘက်သို့ ပိတ်စမျိုးစုံတင်ပို့သည့် ထိုင်းလုပ်ငန်းရှင်တဦးက “အခုထိတော့ ဘာပစ္စည်းမှ သွားလို့ မရသေးဘူး။ ထိုင်းအစိုးရဘက်ကလည်း တံတားအမြန်ဆုံးပြန်ဖွင့်ဖို့ ကြိုးစားနေကြပါတယ်။ ဒီလကုန်လောက် ပြန်ဖွင့်နိုင်မယ်လို့ကြားတယ်။ ဒီထက် ပိုကြာမယ်ဆိုရင်တော့ ထိုင်းဘက်က ကုန်သည်တွေ နစ်နာမှု ပိုများလာမယ်” ဟု ပြောသည်။

မြန်မာကုန်သည် ကိုမာမက်က “ထိုင်းကုန်ပစ္စည်းတွေက မြ၀တီမြို့မှာ တောင်ပုံရာပုံပဲ။ ပြဿနာက အောက်ကိုဆင်းခွင့် မပေးတာဘဲ။ သူတို့သတ်မှတ်ထားတဲ့အတိုင်း အခွန်ဆောင်နိုင်ရင်တော့ ဘာပြဿနာမှမရှိဘူး။ အခုမြ၀တီမြို့မှာရှိတဲ့ အခပေးရုပ်မြင်သံကြား ကေဘယ်လိုင်းကနေ တရားမ၀င် ထိုင်းကုန်ပစ္စည်းတွေကို လက်ဝယ်မထားဖို့နဲ့ တွေ့ရှိခဲ့ရင် ပစ္စည်းအသိမ်းခံရပြီး လူကို ဖမ်းဆီးအရေးယူမယ်ဆိုပြီး သတင်းကြေညာတယ်။ ကုန်သည်ကြီးတွေကို အရေးယူတာက အကြောင်းမဟုတ်ဘူး။ မြ၀တီမှာရှိတဲ့လူတွေ မဲဆောက်ဘက်ကူးပြီး အလုပ်သွားလုပ်လို့ မရတော့ဘူး။ လက်ဆွဲကုန်သည် မပြောနဲ့ ခေါင်းရွက်ဗျပ်ထိုးတွေပါ အလုပ်မရှိလို့ ဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြ၀တီကုန်သွယ်ရေးလမ်းကြောမှ တင်သွင်းသည့် ထိုင်းကုန်စည်မှရရှိသည့် အခွန်အကောက် ငွေပမာဏမှာ သတ်မှတ်ချက်ထက် လွန်စွာနည်းပါးသောကြောင့် ပြီးခဲ့သည့် လေးလပတ်အစည်းအဝေး ဆုံးဖြတ်ချက်အရ မြ၀တီတွင် ယခင်လမှစတင်ကာ ထိုင်းကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူခြင်းဖြစ်သည်ဟု မြ၀တီမြို့မှ အစိုးရ၀န်ထမ်းတဦးက ပြောသည်။

မဲဆောက်ဈေးတွင် မြန်မာစားသောက်ကုန်မျိုးစုံ လက်လီလက်ကားရောင်းချသည့် ကိုမြင့်အောင်က “ကျနော်တို့မှာ မြန်မာကုန်တွေစုထားတာ တလစာလောက်တော့ရှိမယ်။ တံတားပိတ်လည်း ရောင်းနေရတာပ။ဲ အခုပစ္စည်း တမယ်စနှစ်မယ်စ တကီလို နှစ်ဘတ် သုံးဘတ်လောက်ပဲ တက်သေးတယ်။ တကယ်လို့ မြန်မာဘက်က လနဲ့ချီပြီး တံတားပိတ်ရင်တော့ ကုန်ဈေးနှုန်းတက်ပြီး ကမောက်ကမတွေ ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု အများဆုံး လမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောမှတဆင့် မြန်မာဘက်သို့ လစဉ် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း ဘတ်သန်း (၄) ထောင်ခန့် တရားဝင်တင်ပို့လျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။

မဲဆောက်တွင် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသော်လည်း မြန်မာငွေဈေးမှာ အတက်အကျ မကြမ်းဘဲ ပုံမှန်နီးပါးတည်ရှိကာ ယနေ့ငွေဈေးမှာ ကျပ်ငွေ (၁၀၀) လျှင် ထိုင်းငွေ (၃.၂၃) ဘတ်ဖြစ်သည်။
X
Your Name
Your Email
Your Friend Email
Your Messages
Email to friends | Print | Bookmark Share

Related News

Comments (0)

Write your comment

စာဖတ်သူများ၏ မှတ်ချက် သဘောထားများကို လွတ်လပ်စွာတင်ပြရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကဏ္ဍအသီးသီးနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနှင့် ရုန့်ရင်းကြမ်းတမ်းသည့် မှတ်ချက်များကို ခေတ်ပြိုင်မှ ဖော်ပြပေးမည်မဟုတ်ပါ။
		
		Name	
		Email	
		Title	
		Comment	
			
		

မင်းဆိုးမင်းညစ်သန်းရွှေ
Unmasking Burma’s Tyrant by Benedict Rogers & Jeremy Woodrum

မယ်မယ်ရရ ဘာမှ စွမ်းဆောင်နိုင်တာမဟုတ်ဘဲ အကြီးအကဲဖြစ်လာတဲ့ ဗိုလ်သန်းရွှေကို ဘယ်သူကမှ အထင်မကြီးကြဘူး။ ဗိုလ်သန်းရွှေလက်ထက်မှာ သေကျေပျက်စီးသူနဲ့ အကြီးအကျယ် ဒုက္ခရောက်ရသူတွေ သန်းချီရှိနေပေမယ့် သူ့အကြောင်းကို ကမ္ဘာက မသိကြဘူး။ ဒါကြောင့်မို့ စာတိုက်စာရေးဘ၀က အလွန်ဆိုးဝါးတဲ့ အာဏာရှင်ဖြစ်လာတဲ့ ဗိုလ်သန်းရွှေအကြောင်းကို

::: Copyright © 1992-2010 The New Era Journal :::