ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

လမ်းပြကြယ်ပြောသော လူ့အခွင့်အရေးအခြေအနေ
NEJ / ၂ ဒီဇင်ဘာ၂၀၀၉
line

 

ယနေ့ မြန်မာနိုင်ငံအတွင်းမှ လူအခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများ၊ ကူညီဆောင်ရွက်ပေးနေရမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအတွင်း လူအခွင့်အရေး ချိုးဖောက်ခံရမှုများကို ကူညီဖြေရှင်းပေးနေသည့် လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်နှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။ (ဦးအေးမြင့်သည် အိုင်အယ်လ်အိုရုံးသို့ ဆက်သွယ်ခဲ့သည့်အတွက် နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းဆီးခံရကာ သေဒဏ်အပြစ်ပေးခြင်း ခံခဲ့ရဖူးသူဖြစ်သည်) 

မေး။  ။ အန်ကယ်အနေနဲ့ လမ်းပြကြယ်အဖွဲ့ကို ဘာကြောင့် တည်ထောင်ဖွဲ့စည်းခဲ့တာပါလဲ။

ဖြေ။  ။ ၂၀၀၃ ခုနှစ်မှာ ထောက်လှမ်းရေးဟောင်းတွေရဲ့ အငြိုးတွေကြောင့် နိုင်ငံတော်ပုန်ကန်မှု ၁၂/၂၁ နဲ့ အစွဲခံရပြီး သေဒဏ်ကျခဲ့ရတယ်။ နောက် အိုင်အယ်လ်အိုကပဲ လိုက်ကယ်တဲ့အတွက် ၂၀၀၅ ခုနှစ် မှာ ပြန်လွတ်လာတယ်။ ပြန်လွတ်လာတဲ့အချိန်မှာ ဒေါက်တာစိုးမြင့်သန်းတို့၊ ဦးခင်ဇော်တို့လို မိတ်ဆွေတွေနဲ့ စကားပြော ဖြစ်ကြရင်း အေးလွင်တို့ အဖွဲ့အကြောင်းကို ရောက်သွားကြတယ်။ အေးလွင်တို့အဖွဲ့က အစိုးရ တရားဝင် ခွင့်ပြုချက်မရှိဘဲ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရနေတာကို တွေ့ရတယ်။ သူတို့တောင်မှ အစိုးရ ခွင့်ပြုသေးရင် ငါတို့ရှေ့နေတွေ ဘာလို့ မလုပ်ရဲရမှာလဲဆိုပြီး လမ်းပြကြယ်အဖွဲ့ကို ဖွဲ့မယ်ကွာဆိုပြီး ရုတ်တရက် ထဖွဲ့လိုက်တာ။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့မှာ စဖွဲ့ခဲ့ကြတာပါ။ စထောင်တဲ့ အချိန်ကတည်းက ဆုံးဖြတ်ထားကြတာက အစိုးရကောင်းတရပ်ပေါ်ထွက်ရေး တွန်းအားပေးကြမယ်။ ဥပဒေနဲ့ ရာထူးနဲ့ အောက်ခြေလူတန်းစားကို နှိပ်စက်မယ်ဆိုရင် ကိုယ့်စရိတ်နဲ့ကိုယ် အနှိပ်စက်ခံများဘက်က ရပ်တည်ပြီး လိုက်လံကူညီဆောင်ရွက်ပေးကြမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာပါ။

မေး။  ။ အဲလို စတင်ဖွဲ့စည်းချိန်ကစပြီး အခုချိန်ထိပေါ့လေ၊ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံအမျိုးမျိုးရှိတဲ့အနက် လမ်းပြကြယ်အဖွဲ့ အတွေ့များတာက ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေပါလဲ။

ဖြေ။  ။ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမျိုးအစားက စုံပါတယ်။ အန်ကယ်လ်တို့ လမ်းပြကြယ်အဖွဲ့ အများဆုံးတွေ့ကြုံတာက ပညာမဲ့ပြီး အောက်ခြေလူတန်းစားဖြစ်တဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေ ရယကဥက္ကဋ္ဌတွေရဲ့ အဓမ္မလုပ်အားပေးခိုင်းခံရတာတွေ၊ ဘာကြေးညာကြေးဆိုပြီး ငွေကောက်ခံတာတွေ၊ လယ်မြေအသိမ်းခံရတာ စတဲ့အဖြစ်တွေပါပဲ။

မေး။  ။ အခုလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို လမ်းပြကြယ်အဖွဲ့အနေနဲ့ ဘယ်လိုအကာအကွယ် ပေးပါသလဲ။ တခြားဘယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါသလဲ။

ဖြေ။  ။ လမ်းပြကြယ်အဖွဲ့ အားထားနေတာက ပြည်ပသတင်းမီဒီယာတွေရယ်၊ ပြည်တွင်းမှာဆို အိုင်အယ်လ်အိုပါ။ အဲဒီနှစ်ခုနဲ့ လိုအပ်သလို တွဲဖက်ဆောင်ရွက်နေရတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စတွေ၊ မတရားပြုကျင့်ခံရတဲ့ ကိစ္စတွေကို အစိုးရတာဝန်ရှိသူတွေဆီ တိုင်တဲ့အခါမှာ မြန်မာနိုင်ငံဟာ ကြိုးနီစနစ် ရှိနေဆဲဖြစ်တဲ့အတွက် အခက်အခဲရှိပါတယ်။ ဒီလိုအခါမျိုးမှာ အိုင်အယ်လ်အိုကို တင်ပြလိုက်ရင် အိုင်အယ်လ်အိုဟာ အစိုးရအဖွဲ့ဝင် ၀န်ကြီးအဆင့်ထိ တိုက်ရိုက်ဆွေးနွေးနိုင်တာကြောင့် အစိုးရအဖွဲ့ကို အသိမြန်စေတယ်။ နောက်တချက်က သတင်းမီဒီယာတွေက တဆင့်သွားရင်လည်း အစိုးရအဖွဲ့ကို သတင်းအရမြန်စေတယ်။ အစိုးရက မကျေနပ်မှုတွေရှိပါက တိုင်ကြားနိုင်ပါသည်ဆိုပြီး ၀န်ကြီးဌာနတွေရဲ့ ဖုန်းနံပါတ်တွေနဲ့တကွ ကြေညာထားတဲ့အတွက် ပထမဆုံးအားဖြင့် သက်ဆိုင်ရာ ၀န်ကြီးတွေကို တိုင်တယ်။ အဲဒီလိုတိုင်တာကိုမှ အောက်လူတွေက ဖုံးကွယ်ထားလို့ပဲဖြစ်စေ ဘာမှလုပ်မပေးဘူးဆိုရင် သတင်းဌာနကို ပြောတယ်။ အိုင်အယ်လ်အိုကိုတော့ သူအဓိကလုပ်ပေးနိုင်တဲ့ ကလေးစစ်သား စုဆောင်းမှုနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကိုပဲ တိုင်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတိုင်းကို အိုင်အယ်လ်အိုက မလုပ်ပေးနိုင်ပါဘူး။ အလုပ်သမားတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေတာကိုတောင်မှ မလုပ်ပေးနိုင်သေးတာ တွေရှိတယ်။ အိုင်အယ်လ်အိုက နအဖအစိုးရကို အောက်ကျနောက်ကျခံ ဆက်ဆံနေရသလိုဖြစ်တယ်။ ဒီအပြည့်အ၀ လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးရှိတဲ့ ကလေးစစ်သား စုဆောင်းမှုနဲ့ လုပ်အားပေးခိုင်းစေမှုမှာတောင် အစိုးရရဲ့ အာခံမှုကို ရင်ဆိုင်နေရတာပဲ။

မေး။  ။ အိုင်အယ်လ်အိုရဲ့ ဆောင်ရွက်ပေးမှုကြောင့် အောင်လံမြို့နယ်ထဲက လယ်သမားတွေ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရခဲ့ပေမယ့် အိုင်အယ်လ်အိုကို တိုင်ကြားသူ ရှေ့နေကိုဖိုးဖြူနဲ့ လယ်သမားတချို့ အဖမ်းခံနေရတဲ့ အပေါ်မှာရော ဆရာ့အမြင်က ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ အိုင်အယ်လ်အိုက အဓိကဖြေရှင်းပေးနေတာက စောစောက ပြောခဲ့သလိုပဲ ကလေးစစ်သားစုဆောင်းမှုနဲ့ လုပ်အားပေးခိုင်းစေခံရမှုတွေပါ။ ဒီကိစ္စတွေအတွက် တိုင်တယ်ဆိုရင်တော့ တိုင်ကြားသူကို လုံးဝ အရေးယူမခံရအောင် အိုင်အယ်လ်အိုက ဆောင်ရွက်ပေးနိုင်ပါတယ်။ သို့သော် အိုင်အယ်လ်အိုကလည်း သူဝင်လို့ရသလောက် ၀င်ပါတယ်။ သူနဲ့ဆက်သွယ်တဲ့သူကို မဖမ်းဖို့ ၀င်တောင်းပန်ပေးတာပဲ ရှိတယ်။ တဘက်က ခင်များနဲ့မဆိုင်ဘူး ဘာလုပ်ချင်လဲမေးရင် အိုင်အယ်လ်အိုအနေနဲ့ကလည်း ဘာမှမလုပ်နိုင်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။

မေး။  ။ အိုင်အယ်လ်အိုရဲ့ လုပ်ပိုင်ခွင့်အတွင်းမှာရှိနေတဲ့ ကလေးစစ်သားစုဆောင်းမှုတွေဟာ မြန်မာနိုင်ငံမှာ ရှိနေဆဲဆိုတော့ နအဖစစ်အစိုးရအနေနဲ့ အမှန်တကယ်ပဲ ကလေးစစ်သားစုဆောင်းမှု ပပျောက်လိုတယ်ဆိုရင် ဘာတွေဆောင်ရွက် ပေးသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။  ။ ၁၉၅၆ ခုနှစ် တပ်မတော်အက်ဥပဒေ (၆၅) အတိုင်း အသက် (၁၈) နှစ် ပြည့်ပြီးသူသည် မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ဖြင့် ၀င်ရောက်ရမည်ဆိုတဲ့ ဥပဒေအတိုင်း သွားရင်ပြီးတယ်။ ကလေးစစ်သားစုဆောင်း ရောင်းဝယ်မှုတွေ လုပ်နေတဲ့ စစ်တပ်က အရာရှိတွေ၊ တပ်သားတွေကို လူသိရှင်ကြား အပြစ်ပေးဖို့လိုတယ်။

မေး။  ။ လူတဦးကနေ အခြားလူတဦးအပေါ် လူ့အခွင့်အရေးချိုးဖောက်တာ၊ အဖွဲ့အစည်းတခုကနေ လူတဦး ဒါမှမဟုတ် အခြားအဖွဲ့အစည်းတခုအပေါ် လူ့အခွင့်အရေးချိုးဖောက်တာ၊ နောက် အာဏာပိုင်တွေကိုယ်တိုင်က လူထုအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာဆိုပြီး အမျိုးမျိုးရှိတဲ့အနက် လမ်းပြကြယ်အများဆုံးတွေ့ကြုံရတာ ဘယ်လိုပုံစံမျိုးပါလဲ။

ဖြေ။  ။ အထူးသဖြင့် အောက်ခြေ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းပေးရတယ်။ နောက်တခုက အချင်းချင်းလူ့အခွင့်အရေး ချိုးဖောက်တာလို့ ပြောရမှာပေါ့၊ အဲဒါတွေကို အကူအညီပေးနေရတယ်။

မေး။  ။  အချင်းချင်း လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

ဖြေ။  ။ အချင်းချင်းလူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ ၀န်ထမ်းလောကကို ပြောတာပါ။ တဌာနတည်း တနေရာတည်းမှာ တာဝန်ကျနေကြတာချင်းအတူတူ တချို့ဝန်ထမ်းက ရေသာခိုလုပ်နေပြီး တချို့က တကယ်လုပ်နေရတာတွေရှိတယ်။ အဲဒါမျိုးတွေကိုလည်း ၀န်ထမ်းတွေရဲ့ အရည်အချင်းအမှန်နဲ့ နေရာရမှုတွေ မလွဲစေရအောင် လမ်းပြကြယ်က သိရင် အထက်လူကြီးဆီကို တိုင်ပေးပါတယ်။

မေး။  ။ ၂၀၀၆ ခုနှစ်က စဖွဲ့ခဲ့တဲ့ လမ်းပြကြယ်အဖွဲ့မှာ အခု အဖွဲ့ဝင်အင်အား ဘယ်လောက်ရှိနေပါပြီလဲ။

ဖြေ။  ။ လမ်းပြကြယ်အဖွဲ့ဝင်အင်အား ပြောပါဆိုရင် အန်ကယ်တို့က ပဲခူးကိုလာပြီး အကူအညီတောင်းဖူးသူကတဆင့် ဆင့်ကဲဆင့်ကဲသွားတယ်။ အန်ကယ်တို့ ဆောင်ရွက်ပေးတာကို သဘောကျသွားပြီး သူ့ဟာသူ လမ်းပြကြယ်လုပ်ပါရစေဆိုပြီး ၀င်လာရင်၊ လူထုကို မတရားလုပ်နေတာတွေ့ရင် ငါတို့ဆီကို အကြောင်းကြားပေးပါလို့ပဲ မှာတယ်။ ဘာလက်မှတ်တွေမှ ထိုးစရာမလိုဘူး။ ဒုက္ခရောက်နေတာကို ကူညီဖြေရှင်းပေးလိုက်လို့ တဘက်လူက စေတနာနဲ့ပေးတာ ကျွေးတာရှိရင် စားပါ။ ဒုက္ခရောက်နေသူဆီကတော့ ငွေမတောင်းပါနဲ့ ဒါပဲပြောတယ်။ အဲဒီနည်းနဲ့ပဲ ဆောင်ရွက်လိုက်တာ အခုနောက်ပိုင်း ရဲစခန်းကအစ သူတို့ ရှင်းလို့မရတဲ့ကိစ္စတွေဆို ဦးအေးမြင့်ဆီသွားပါဆိုပြီး ညွှန်လာကြတယ်။ ဆိုတော့ တနိုင်ငံလုံးမှာ လမ်းပြကြယ်အဖွဲ့ဝင်တွေ ရှိနေပါတယ်လို့ပဲ ပြောရမယ်။

မေး။  ။ မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့လူ့အခွင့်အရေးအခြေအနေဟာ လမ်းပြကြယ်ဖွဲ့စည်းစဉ်ကထက် အခုချိန်မှာ တိုးတက်မှုတွေ ရလာပြီလား၊ ဒါမှမဟုတ် အရင်အခြေအနေတိုင်းပဲ ရှိနေသလား။ အရင်ထက်ပဲ ပိုဆိုးဝါးနေသလား။ ဆရာဘယ်လို မြင်မိပါသလဲ။

ဖြေ။  ။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက ပိုများလာတာ။ လက်ရှိအစိုးရကလည်း သူတတ်သလိုတော့ အုပ်ချုပ်တာပဲ။ ပထမဆုံးပြောထားချင်တာက အန်ကယ်တို့က ကြားလူ။ အမတ်ဝင် အရွေးခံမယ့်သူတွေ မဟုတ်ဘူး။ ကြားက ထောက်ပြပေးမယ့်အဖွဲ့ပဲ။ ကောင်းတာလုပ်ရင် ကြံ့ဖွံ့လည်း ပခုံးနဲ့ ထမ်းတင်မယ်။ မကောင်းတာလုပ်ရင် ဖနောင့်နဲ့ပေါက်မယ်။ အစကတည်းက ဒီလိုရည်ရွယ်ထားတာလေ။ ဆိုတော့ စောစောက စကားကို ပြန်ကောက်ရရင် အစိုးရက သူ့ဝန်ထမ်းတွေကို အားပေးအားမြှောက်ပြုပြီး မြှောက်စားထားတဲ့အတွက် သရဲက ဘီလူးဖြစ်လာတယ်။ အစိုးရက သူတို့လိုချင်တဲ့ အချက်အောင်မြင်ရင် ၀န်ထမ်းက ဘယ်လိုနည်းနဲ့ပဲ ရအောင်လုပ်ပေးလုပ်ပေး ဒီဝန်ထမ်းကို အခွင့်အရေးပေးတယ်။ ဒါ့အပြင် အခုလို စပ်ကူးမတ်ကူးကာလမှာ နအဖအစိုးရ ၀န်ထမ်းတချို့ဟာ ဂျပန်စစ်ပြေးခါနီး ပစ္စည်းတွေ ရသလောက် သိမ်းနေတဲ့ပုံစံမျိုးတွေ လုပ်နေကြတဲ့အတွက် တိုင်းပြည်မှာ အရမ်းပျက်စီးနေပါတယ်။ ဒီလို အချိန်မျိုးမှာ လူ့အခွင့်အရေးမပြောနဲ့ တောတွေမှာဆို တိရစ္ဆာန်အခွင့်အရေးတောင် ချိုးဖောက်ခံနေရတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူစားဖို့တောင်အနိုင်နိုင် ရုန်းကန်နေကြရတော့ ခွေးစာကြောင်စာဆိုတာတောင် ခပ်ခက်ခက်ဖြစ်နေပြီကိုး။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook