ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 


NEJ / ၁၉ မေ ၂၀၀၉
line

 

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရေစီပါတီဥက္ကဋ္ဌဟောင်း ဦးသုဝေသည် မကြာသေးမီက ဘန်ကောက်မြို့သို့ ကျန်းမာရေးဆေးစစ်ရန် ရောက်ရှိခဲ့ပါသည်။ ဦးသုဝေ ဘန်ကောက်မြို့သို့ ရောက်ရှိစဉ် ခေတ်ပြိုင်က မေးမြန်းခဲ့မှုကို တင်ပြထားပါသည်။

မေး။  ။ အန်ကယ်က ၂၀၁၀ ရွေးကောက်ပွဲဝင်မယ်လို့ သိရတဲ့အခါကျတော့ အန်ကယ့်အနေနဲ့ ဘာကြောင့် ရွေးကောက်ပွဲဝင်မယ်ဆိုတာ သိပါရစေ။

ဖြေ။  ။ ဘာကြောင့်ဝင်တယ်ဆိုတာလေး အရင်ပြောချင်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာက တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့တာ နှစ် (၂၀) ရှိပြီလေ။ အဲတော့ ဒါလောက်ကြာကြာအုပ်ချုပ်တဲ့အစိုးရကို ပြည်သူတွေက ငြီးငွေ့နေပြီလေ၊ သူတို့က အပြောင်းအလဲ လိုချင်နေကြပြီ၊ ဒါကတချက်ပေါ့နော်။ နောက်ပြီးတော့ လည်း အဲဒီအနှစ် (၂၀) အတွင်းမှာ နိုင်ငံရေးပါတီတွေက တပ်မတော်အစိုးရကို ဆန့်ကျင်ခဲ့ကြလို့ ထောင်တွေကျတယ်၊ ဒဏ်ရာ ရတယ်၊ သေကြတယ်ပေါ့လေ။ အဲတော့ အဲဒီဂယက်ကြောင့် ပြည်သူတွေက ဒုက္ခဆင်းရဲရောက်နေကြရတယ်။ အဲဒါတချက်ပေါ့နော်။

နောက်ပြီးတော့လည်း ကျနော်တို့တိုင်းပြည်ဟာ ကျန်တဲ့တိုင်းပြည်တွေနဲ့ စာလိုက်ရင် ခေတ်နောက်မှာ အများကြီး ကျန်နေခဲ့တယ်။ ကျနော်တို့ မြန်မာဆိုတဲ့ လူမျိုးဟာလည်း ကမ္ဘာမှာဆိုရင် သိက္ခာကျသွားပြီပေါ့လေ၊ သိက္ခာတောင် သိပ်မရှိကြတော့ဘူး။ အဲဒါတချက်။

နောက်ပြီးတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ပြည်သူတွေက မဲပေးကြရတော့မယ်။ မဲပေးကြတော့ ဒီသူတို့က ဒီတပ်မတော်နဲ့နွယ်တဲ့သူတွေကို မဲပေးချင်မှာမဟုတ်ဘူးလေ။ ဒီမိုကရေစီကို လုပ်မယ့် ကိုယ်စားလှယ်တွေကိုပဲ ပေးချင်မှာပေါ့။ အဲတော့ အဲဒီပြည်သူတွေလိုချင်တဲ့ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ နောက်ပြီးတော့လည်း ကျနော်တို့ တတွေကတော့ တိုင်းပြည်အတွက်လုပ်ချင်တာ၊ ဟိုတုန်းကတော့ တိုင်းပြည်မှာ ချို့ယွင်းချက်တွေရှိနေပါရက်နဲ့ ကျနော်တို့ ဘာမှမပြောနိုင် မရေးနိုင် မလုပ်နိုင်ခဲ့ဘူးလေ။ အခုတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ကျနော်တို့က ထိုက်တန်သလောက် လုပ်နိုင်မယ်လို့တော့ ယူဆတယ်၊ အကျိုးပြုနိုင်သလောက် ပြုနိုင်မယ်လို့ယူဆတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ရွေးကောက်ပွဲနီးရာ ဒီကာလမှာ အကောင်းဆုံးနည်းပဲလို့ ယူဆပြီးတော့ ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်တာပါ။

မေး။  ။ တသီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်မှာလား။ ၉၀ တုန်းကလို ပါတီထောင်ပြီး ၀င်ပြိုင်မှာလား။ ဘာတွေ ပြင်ဆင်မှု လုပ်ပြီးပါပြီလဲ။

ဖြေ။  ။ အဲလို ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါကျတော့ ကျနော်တို့ကတော့ အရင်က ဒီမိုကရေစီပါတီ ဆိုတာ ရှိခဲ့တယ်။ အဲလို ဒီမိုကရေစီပါတီတခုတည်း စုလိုက်ရင်တော့ ချက်ချင်းရတာပေါ့လေ။ အဲတော့ ဒီပါတီတခု တည်းထက်ကို လာမယ့်ရွေးကောက်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေချင်တယ်။ အဲဒီတော့ အရင်တုန်းက ရှိခဲ့ဖူးတဲ့ ပါတီတွေရော၊ ပါတီဝင်မဖြစ်ဖူးတဲ့သူတွေရော အကုန်လုံးတစုတစည်းတည်း ဖြစ်စေချင်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က ပါတီအသစ်ကို ထောင်မှာပါ။ ပါချင်တဲ့သူပါနိုင်ပါတယ်။ ကျနော်တို့က ပါတီစွဲမရှိကြနဲ့ ပုဂ္ဂိုလ်စွဲမရှိကြနဲ့ ဒီမိုကရေစီကို တည်ထောင်ပေးချင်သူ ဟူသမျှကို ကျနော်တို့စုစည်းပါတယ်။

အစိုးရဘက်ကလူတွေကတော့ စည်းရုံးရေးတွေဆင်းနေကြ၊ ပြင်ဆင်နေကြ၊ အဲဒါတွေအကုန်လုပ်နေကြတယ်လေ။ နောက်ပြီးတော့ ရွေးကောက်ပွဲကလည်း ၂၀၁၀ ဆိုတော့ သိပ်မဝေးတော့ဘူး။ လုပ်ချိန်သိပ်မရဘူးလေ။ ဒါကြောင့် ကျနော်တို့ကလည်း သိုသိုသိပ်သိပ်နဲ့ စည်းရုံးရေးတွေလုပ်ပါတယ်။


မေး။  ။ ပါတီနာမည်ကိုရော ရွေးချယ်ထားပြီးပြီလား။

ဖြေ။  ။ အင်း နာမည်ကို ကျနော်တို့က လေးငါးမျိုးရွေးထားတယ်လေ။ အဆင်သင့်ဖြစ်နေတာပေါ့။ ဘာလို့လဲ ဆိုတော့ ရွေးကောက်ပွဲဥပဒေ ထွက်လာတဲ့အခါကျတော့မှ အဲဒီဥပဒေအရ ကျနော်တို့ နာမည်တခုခုကို ပေးမှာပါ။

မေး။  ။ ကနေဒါက ယူဒီပီပါတီနဲ့ အန်ကယ်တို့ အနေအထားကရော အခုနောက်ပိုင်း ဘယ်လိုဆက်ရှိနေပါသလဲ။

ဖြေ။  ။ ကျနော်တို့က ရွေးကောက်ပွဲဝင်မယ်ဆုံးဖြတ်ပြီးတော့ လူများများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်လို့ ပါစေချင်တာပေါ့။ အဲတော့စည်းရုံးတယ်။ အဲလိုကာလမှာ အဲဒီဦးကျော်မြင့်ဆိုတဲ့ပုဂ္ဂိုလ်နဲ့လည်း အဆက်အသွယ် ရတယ်။ သူလည်းပဲ ရွေးကောက်ပွဲဝင်မယ်ဆိုပြီးတော့ အဆက်အသွယ်ရတော့ ကျနော်တို့က ကဲဒါဖြင့် ရွေးကောက်ပွဲဥပဒေ ထွက်လာတဲ့အခါမှာ တူတူလုပ်ကြတာပေါ့ဆိုပြီး အဲဒီလို ဦးကျော်မြင့်က ပါလာတာပါ။ သူက ပုဂ္ဂိုလ်တယောက်ပါ။ ကျနော်တို့ လူတွေအများကြီးထဲက လူတယောက်ပဲလေ။ ဒါပေမယ့် အခု ရွေးကောက်ပွဲ ဥပဒေကလည်း ထွက်တော့မယ်။ နောက်ပြီးတော့ ကျနော်တို့လည်းပါတီဖွဲ့ရတော့မယ်။ ဒါပေမယ့် ဦးကျော်မြင့်က အခုနောက်ပိုင်းမှာ ကျနော်တို့သိတာက ပြည်ပကလူဖြစ်နေတယ်။ နောက်ပြီးတော့လည်း သူရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပြဿနာတွေနဲ့ ရှုပ်ထွေးနေတယ်လို့ ကြားတော့ သူဟာကျနော်တို့နဲ့အတူ ဆက်ပြီးလုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ကျနော်တို့ ယူဆရတာပေါ့။ သူက ဗမာပြည်ထဲ ပြန်မလာနိုင်သေးဘူးလေ။ နောက်ပြီးတော့ သူရဲ့ ပြဿနာတွေနဲ့ဆိုတော့ လာနိုင်မယ်လည်း မထင်ဘူး။

မေး။  ။ ဒါဆို အဲဒီဦးကျော်မြင့်ပါတီနဲ့ အန်ကယ်တို့ထောင်မယ့်ပါတီမှာ ဆက်စပ်မှု မရှိတော့ဘူးလို့ ဆိုလိုတာပါလား။

ဖြေ။  ။ ဟုတ်ပါတယ် အစကတည်းက မရှိပါဘူး။ ယူဒီပီဆိုတာက ဒီလိုပါ။ ကျနော်တို့ပါတီဖွဲ့မယ်၊ ပါတီနာမည်တွေ လည်း စုထားတယ်ဆိုတော့ ဦးကျော်မြင့်တို့ကလည်း ယူဒီပီဆိုတဲ့နာမည်တခု ရှိတယ်တဲ့၊ ရွေးထားတယ်တဲ့။ အဲဒီနာမည်လည်း ရွေးကောက်ပွဲမှာ ကျနော်တို့ သုံးသင့်သုံးမယ်ပေါ့။ သူ့မှာ ပါတီရှိတယ်ဆိုတာကို ကျနော်တို့က မသိဘူး။ အခုမှ သူ့မှာပါတီရှိတယ်ဆိုတာ သိတာပါ။


မေး။  ။ “၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံခဲ့ပေမယ့် အနှစ် (၂၀) ကြာနောက် အပြောင်းအလဲမဖြစ်၊ တိုင်းပြည်နာလာတဲ့အတွက် ... ရရှိတဲ့အခွင့်အရေးကို ရယူ လုပ်ဆောင်ခြင်း ဖြစ်တယ်” လို့ အသံလွှင့်ဌာနတခုမှာ အန်ကယ်ပြောသွားတာ ကြားလိုက်ရပါတယ်။ အန်ကယ့်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ ဘယ်လိုအခွင့်အရေးမျိုးတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ။  ။ အခုလက်ရှိကတော့ စစ်တပ်က လုံးဝအုပ်ချုပ်ထားတယ်လေ။ အဲတော့ ရွေးကောက်ပွဲလုပ်လိုက်တဲ့အခါမှာ သူတို့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရဆိုရင်တော့ တပ်မတော်က (၂၅) ရာခိုင်နှုန်းပါမယ်။ အချို့နေရာတွေမှာ တပ်မတော်က ၀င်ပါတာတွေရှိတယ်။ ဒါပေမယ့် ကျန်တဲ့ (၇၅) ရာခိုင်နှုန်းက လွတ်နေတယ်ပေါ့နော်။ အကယ်၍များ ကျနော်တို့တိုင်းသူပြည်သားတွေနဲ့ နိုင်ငံရေးပါတီတွေက တက်စုံလက်စုံနဲ့ ကြိုးစားမယ်ဆိုရင် အဲဒီ (၇၅) ရာခိုင်နှုန်း သော ဒီမိုကရေစီကို ကျနော်တို့ အသုံးချနိုင်မယ်ပေါ့။ အခွင့်အရေးတွေ ရလာမယ်ပေါ့။ အနည်းဆုံးအဲဒီ (၇၅) ရာခိုင်နှုန်းမရဘူးဆိုတော့မှ အနည်းဆုံး ကျနော်တို့လူတွေ လွှတ်တော်ထဲ တချို့ရောက်မယ်ပေါ့။ အဲလို လွှတ်တော်ထဲ ရောက်မယ်ဆိုရင် လွှတ်တော်ထဲမှာ ဥပဒေတွေပြုဖို့ ကျနော်တို့က ပါဝင်ကြိုးစားနိုင်မယ်ပေါ့။ နောက်ပြီးတော့လည်း ပါတီရှိနေမယ်ဆိုရင် အဲဒီပါတီဟာ လူထုနဲ့ နီးနီးစပ်စပ်ရှိနေမယ်၊ လူထုရဲ့လိုလားချက် တွေကိုလည်း အဲဒီမှာ ပါတီအနေနဲ့ပြောနိုင် ဆိုနိုင်ရှိနေမယ်ပေါ့။ အဲဒီအခွင့်အရေးတွေ ရှိလာမယ်။ အဲဒါကြောင့်မို့လို့ လောလောဆယ်မရှိတဲ့အခွင့်အရေးထက်စာရင် ကျနော်တို့အခွင့်အရေး ရှိလာမယ်။ အကယ်၍များ ကျနော်တို့ ကြိုးစားနိုင်ရင်တော့ အစိုးရတောင်ဖြစ်နိုင်ပါတယ်။


မေး။  ။ အတိုက်အခံတွေဘက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် တရားဝင်တည်တံ့ရေး အတွက် ရုပ်ပြသက်သက် ကျင်းပတဲ့ ရွေးကောက်ပွဲလို့ ဆိုကြတယ်။ အန်ကယ်ကော အဲဒီလိုမမြင်မိဘူးလား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ။  ။ ခုနကျနော်ပြောတဲ့အတိုင်းပေါ့။ ဒီအစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရဆိုရင် သူ့ကိုပြန်ပြီးတော့ ထိခိုက်နိုင်တဲ့ အခြေအနေတွေကို သူအကာအကွယ်ယူထားတာ။ ဥပမာ လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်းဆိုတာတို့၊ သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီးတို့၊ ပြည်ထဲရေးဝန်ကြီးတို့၊ နယ်စပ်ဒေသ၀န်ကြီးတို့၊ ကာကွယ်ရေးကော်မတီတို့ဆိုတာ သူတို့က နေရာယူထားတာတွေ။ အဲလိုနေရာယူထားပေမယ့်လို့ လူထုအနေနဲ့လည်း လှုပ်ရှားမှုတွေ အများကြီး ရနိုင်တယ်လေ။ အဲဒါကြောင့်မို့ ဒီစစ်ဏာရှင်ရဲ့ ဒီစနစ်အတိုင်းတော့ အဲဒီရွေးကောက်ပွဲပြီးရင် မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့ယူဆပါတယ်။ ဒီရွေးကောက်ပွဲက ကျနော်တို့လူထုကလိုချင်တဲ့ ဒီမိုကရေစီအပြည့်အ၀တော့ မရနိုင်ဘူး။ ရနိုင်သမျှ ရတော့ရမယ်။ ဒါပေမယ့် စစ်အာဏာရှင်အစိုးရက သူတို့တွက် ခိုင်ခိုင်မာမာ လုပ်တာတော့မဟုတ်ဘူး ထင်တယ်။

မေး။  ။ မြန်မာပြည် ဒီကနေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာအ၀၀ကို ဖြေရှင်းနိုင်ဖို့ဆိုတာ နအဖက ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မှ ဖြေရှင်းနိုင်မှာလား။ တခြားနည်းလမ်းတွေကော အန်ကယ် စဉ်းစားမိတာ ရှိပါသေး လား။

ဖြေ။  ။ ကျနော်တို့ နှစ် (၂၀) အတွင်းမှာလည်း ကြိုးစားခဲ့ကြတယ်လေ။ အခုလည်း တခြားနည်းရှိရင်တော့ ကျနော်တို့လည်း ဘာငြင်းနေစရာရှိလဲ၊ အဲဒီနည်းကို လုပ်လို့ရရင်လုပ်မှာပေါ့။ အဖက်ဖက်က အကြောင်းကြောင်း တွေ စဉ်းစားကြည့်တယ်။ တွေးကြည့်တဲ့အခါကျတော့ ကျနော်တို့ ဒီရွေးကောက်ပွဲလမ်းကအပ ပိုကောင်းတဲ့ လမ်းမတွေ့ဘူး၊ အဲဒါကြောင့် ကျနော်တို့ ဒီလမ်းကို ရွေးတာပါ။

မေး။  ။ နအဖက နာဂစ်ဖြစ်တုန်းကလည်း ဒုက္ခသည်တွေ လျစ်လျူရှုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို တက်သုတ်ရိုက်လုပ်ဆောင်ပြီး ဇွတ်အတင်း လိမ်လည် အတည်ပြုသွားတယ်လို့ အတိုက်အခံတွေက ပြောဆိုကြ တယ်။ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲက လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းအတွက်ပဲ ယှဉ်ပြိုင်ရမယ့် အပေါ်မှာကော နအဖအနေနဲ့ လွတ်လပ်ပြီး တရားမျှတစွာ ပြုလုပ်ပေးမယ်လို့ အန်ကယ်ထင်ပါသလား။

ဖြေ။  ။ ဟိုတလောက ညီလာခံမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ထုတ်ပြောတယ်လေ။ ဒီရွေးကောက်ပွဲကို မျှမျှတတဖြစ်အောင် လုပ်ကြလို့ တိုက်တွန်းတာရှိတယ်လေ။ နောက်ပြီးတော့လည်း ကျနော်တွက်တာက တပ်မတော်အစိုးရဟာ ၁၉၉၀ ပြည့်နှစ်ကလည်း နာမည်ပျက်ပြီးသွားပြီ။ အခုဒီတခါတော့ ကျနော်ထင်တယ် သူတို့ရဲ့ နာမည်ကို ထိန်းသိမ်းလုပ်လိမ့်မယ်လို့ ယူဆပါတယ်။

မေး။  ။ ဒါဆို အန်ကယ်က ဒီရွေးကောက်ပွဲကို တကယ်ကိုပဲ တရားမျှမျှတတနဲ့ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ခွင့် ပေးလိမ့်မယ်လို့ ယူဆထားပါသလား။

ဖြေ။  ။ ဒီလိုခင်ဗျ။ တရားမျှတဖို့တော့ သူတို့ ခွင့်ပြုလိမ့်မယ်ထင်တယ်။ ဒါပေမယ့် အဲဒီရွေးကောက်ပွဲဝင်မယ့် သူတွေက မတရားတဲ့ အဲဘာခေါ်မလဲ ညစ်တာတွေတော့ ရှိမှာပေါ့။ အဲဒါကို ကျနော်တို့က စည်းရုံးနိုင်မယ်ဆိုရင် သူတို့ညစ်တာတွေကို မညစ်နိုင်အောင် တားနိုင်မှာပေါ့။


မေး။  ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရဘဲ၊ နိုင်ငံရေးအကျဉ်းသားတွေကို အကုန်အစင်မလွှတ်ဘဲ၊ ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းတွေကို မဖိတ်ခေါ်ဘဲ၊ လုံလောက်တဲ့ အချိန်ကာလ တခုအထိ မဲဆွယ်စည်းရုံးခွင့်မပေးဘဲ၊ စာနယ်ဇင်းလွပ်လပ်ခွင့် မပေးဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို နအဖ ကျင်းပခဲ့ရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ဆိုနိုင်ပါ့မလား။

ဖြေ။  ။ အဲဒီချို့ယွင်းချက်တွေတော့ အများကြီးရှိပါတယ်လေ။ ဒါတွေရှိလို့ ကျနော်တို့က သူတို့ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကို မ၀င်ဘဲနေမယ်ဆိုရင် ကျနော်တို့က တိုင်းပြည်အတွက် ဘာများထိရောက်အောင် လုပ်ပေးနိုင်မလဲ ဆိုတာကို စဉ်းစားတာပေါ့။ စဉ်းစားတော့ တကယ်လို့သာ ရွေးကောက်ပွဲ မ၀င်လို့ရှိရင် ကျနော်တို့ကို ပြည်သူက လည်း မဲပေးနိုင်မှုမရှိဘူး။ နည်းနည်းမှ မရှိဘူး။ ၀င်လို့ရှိရင် နည်းနည်းတော့ရှိမှာပေါ့။ အဲဒါအပြင်ကို ကျနော်တို့က ရွေးကောက်ပွဲမ၀င်ရင် အခုလောက်တောင်မှ လုပ်နိုင်တဲ့အခွင့်အရေးတွေဟာ ဆုံးရှုံးသွားမယ်ထင်တယ်။ အဲတော့ ကျနော်တို့က ကိုယ်လိုချင်တဲ့ ဒီမိုကရေစီကို ပိုပြီးတော့တောင် ဝေးသွားမယ်ပေါ့။ ဒါကြောင့် ကျနော်တို့က ဒီရွေးကောက်ပွဲဝင်ဖို့ရွေးရတာပါ။ တခြားနည်းမရှိဘူး။ ကျနော်တို့ ပြည်တွင်းမှာ အကြိမ်ကြိမ် ဆွေးနွေးပြီးပြီ၊ တခြားနည်းကို ရှာမရဘူး။


မေး။  ။ တခြားနည်းမရှိတဲ့အတွက် ရွေးကောက်ပွဲကိုဝင်ဖို့ အသင့်တော်ဆုံးဖြစ်လိမ့်မယ်ဟု ယူဆပြီး ရွေးကောက်ပွဲဝင်တဲ့သဘောလား။

ဖြေ။  ။ မှန်ပါတယ်။ ကျနော်တို့တိုင်းပြည်ဟာ ကျနော်ပိုင်တာလည်းမဟုတ်ဘူး။ မည်သူတစုံတဦးမှ ပိုင်တာလည်း မဟုတ်ဘူး။ တိုင်းပြည်မှာရှိနေတဲ့ (၅၄) သန်းသော ပြည်သူတွေက ပိုင်တာ။ အဲတော့ ဒီတိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး အတွက်လည်း ကျနော်တို့ တယောက်တည်း ကျနော်တို့ တပါတီတည်းမှာ တာဝန်ရှိတာမဟုတ်ဘူး။ အားလုံးမှာ တာဝန်ရှိတယ်။ တကယ်တမ်းအားဖြင့် ပြောရရင် ကျနော်တို့ဟာ တိုင်းပြည်ထဲမှာနေနေကြတဲ့ ညီအစ်ကို မောင်နှမ တွေပဲ။ အားလုံးပေါင်းပြီးတော့ စုပြီးတော့ ဒီတိုင်းပြည်အတွက်ကို ၀ိုင်းဝန်းတည်ဆောက်ချင်တယ်။ အဲဒီတည် ဆောက်တဲ့ နည်းဟာလည်း ဒီမိုကရေစီ နည်းလမ်းပါပဲ။ ဒီမိုကရေစီများများရအောင် အတူတကွ လုပ်ကြရ အောင်ဆိုတာလေးတော့ တိုင်းပြည်လူထုကို ပြောချင်ပါတယ်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo