ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / ၂၁ မေ ၂၀၀၉
line

 

နအဖစစ်အစိုးရက ၂၀၀၃ ခုနှစ် မေ (၃၀) ဒီပဲယင်းအရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီးနောက် ဥပဒေပါသတ်မှတ်ချက်ထက် (၁) နှစ်ကျော်လွန် ဆက်လက် ထိန်းသိန်းခဲ့ခြင်း၊ ယင်းကဲ့သို့ ထိန်းသိမ်းထားစဉ် နေအိမ်အတွင်း နိုင်ငံခြားသားတဦး ၀င်ရောက်လာသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ (၂၂) ဖြင့် ထပ်မံတရား စွဲဆိုခြင်းတို့သည် ဥပဒေများဖြင့် လျော်ညီမှုရှိမရှိ မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးနှင့် ဆက်သွယ်မေးမြန်းချက်။

မေး။  ။ နအဖစစ်အစိုးရရဲ့နေအိမ်အကျယ်ချုပ်ချထားခံရစဉ်အတွင်းမှာ မစ္စတာယက်တော ၀င်ရောက်လာလို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ အမှုဖွင့်စွဲဆိုထားတာဟာ ဥပဒေနဲ့ လျော်ညီမှု ရှိပါသလား။

ဖြေ။  ။ ဒီလိုရှိတယ်ဗျ။ ဒီအမှုရဲ့အစဖြစ်တဲ့ ၁၉၇၅ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများအန္တရာယ်မှ ကာကွယ် သည့် ဥပဒေဆိုတာ detention law လို့ခေါ်တယ်။ တနည်းအားဖြင့် ချုပ်တဲ့ ဥပဒေဖြစ်တယ်။ သူက အပြစ်ပေးတဲ့ ဥပဒေမဟုတ်ဘူး။ ဒီဥပဒေဟာ မြန်မာပြည်တင်မဟုတ်ဘူး။ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ စသည်ဖြင့် တချို့နိုင်ငံတွေ မှာလည်း ရှိတယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှု၊ လုံခြုံမှုတွေ ထိပါးမှာစိုးတဲ့အတွက် တရားရုံးရဲ့ ခွင့်ပြုချက်မလိုဘဲ အစိုးရ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ချုပ်ခွင့်ရှိတဲ့ ဥပဒေဖြစ်တယ်။ ကျနော်တို့ ပြည်တွင်းဥပဒေ (၁၀/က) အရ (၆) လ ချုပ်မယ်။ (၁၀/ခ) အရ တနှစ်။ အဲလိုမျိုး ရှိတယ်ဗျာ။ ချုပ်ပိုင်ခွင့်ရှိတဲ့ သက်တမ်းအတွင်း အချုပ်ခံရသူ နေတာထိုင်တာ ကျေနပ်ရင်လွှတ်တယ်။ မကျေနပ်ရင် သက်တမ်းတိုးပြီး ဆက်ချုပ်တယ်။ သို့သော် ချုပ်တဲ့ဥပဒေမှာလည်း အကန့်အသတ်ဘောင်ရှိတယ်။ တသက်လုံးချုပ်ထားလို့တော့ မရဘူးလေ။ ၁၉၇၅ ခုနှစ်ဥပဒေကို ၁၉၉၁ ခုနှစ် ပြင်ဆင်ထားချက်အရ (၅) နှစ်ဖြစ်တယ်။ (၅) နှစ်ပြည့်ရင် လွှတ်ကိုလွှတ်ရမှာ။ အဲတော့ အစိုးရအာဏာပိုင်တွေရဲ့ အခွင့်အာဏာနဲ့ ချုပ်နှောင်ထားရတဲ့၊ ချုပ်လည်း ချုပ်ထားတဲ့ကြားထဲကမှ မကျေနပ်ဘဲနဲ့ ဒီဥပဒေကို ပြင်ပြီးကျင့်သုံးနေ တဲ့ ကိစ္စကိုက လုံးဝဥပဒေရဲ့ အခြေခံနဲ့ဆန့်ကျင်နေတယ်။

မေး။  ။ ကြားသိထားရတာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားစဉ်မှာ အကျယ်ချုပ် ဧရိယာရဲ့အပြင်ကို လုံးဝမထွက်ဖို့၊ သံရုံးတွေနဲ့မဆက်သွယ်ဖို့၊ နိုင်ငံရေးနယ်ပယ်က လူတွေနဲ့ မဆက်သွယ်ဖို့၊ နောက်ပြင်ပကို စာ၊ ဖုန်း စတာတွေနဲ့ မဆက်သွယ်ဖို့ကိုဘဲ တားမြစ်ထားတယ်ဆိုတော့ အခုလို မစ္စတာယက်တော သူ့ဟာသူ နေအိမ်အတွင်း ၀င်ရောက်လာတာဟာ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က အမှုကျူးလွန်တာ ဟုတ်မဟုတ် ရှင်းပြပေးပါ။

ဖြေ။  ။ ဘယ်လိုလုပ် ပြစ်မှုမြောက်မလဲ။ သူတို့မှာပဲ ပြစ်မှုမြောက်တာ။ ချုပ်ထားတာကိုက အာဏာပိုင်တွေက ချုပ်ထားတာ။ အဲလိုချုပ်ထားတဲ့ အတောအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေတာထိုင်တာ၊ သွားတာလာတာ၊ ဆက်သွယ်တာ အကုန်လုံးကို တာဝန်ယူရမှာ သူတို့။ အဲတော့ တာဝန်ရှိမှုအရ ချုပ်နှောင်ထားတဲ့ အာဏာပိုင်တွေမှာပဲ တာဝန်ရှိတာ။

မေး။  ။ ဒါပေမယ့် နအဖစစ်အစိုးရဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေအိမ်အကျယ်ချုပ် ချိုးဖောက် တယ်ဆိုပြီး တရားစွဲတင်မှုတွေလုပ်နေပါပြီ။ ဒီလိုလုပ်တဲ့အခါမှာလည်း အများပြည်သူကိုကြားနာခွင့် မပြုတာဟာ တရားစီရင်ရေးမူနဲ့ ကိုက်ညီမှုရှိပါသလားခင်ဗျ။

ဖြေ။  ။ ဒါကတော့ fair trial court ဆိုတဲ့ တရားမျှတရေး တရားခွင်ကိစ္စနဲ့ဆိုင်တယ်။ ကျနော်တို့ပြည်တွင်း ဥပဒေမှာ court & camera ဆိုတာရှိတယ်။ အမှုတိုင်းတော့ public trial မရနိုင်ဘူး။ အများပြည်သူ တက်ရောက် ကြားနာခွင့် မပြုသင့်တဲ့ မုဒိမ်းမှုလို၊ တိုင်းပြည်ရဲ့စစ်ရေး၊ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာတော့ ပေါက်ကြားမှုတွေ ရှိသွားမှာစိုးလို့ ဆိုတဲ့ ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ court & camera ဆိုတဲ့အမှုနဲ့ဆက်စပ်သူတွေကိုသာ ခေါ်ယူစစ်ဆေးရတာလည်း ရှိတယ်။ ဒါပေမယ့်  အခုဟာက လုံခြုံရေးကျိုးပေါက်လို့မှ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို နိုင်ငံခြားသား တယောက် ၀င်သွားပြီးကာမှ လုံခြုံရေးအကြောင်းပြချက်နဲ့ အများပြည်သူကြားနာခွင့် မပြုဘူးဆိုတာ ဘာမှကို မဆိုင်ဘူးဗျာ။ နိုင်ငံခြားသားဝင်ရောက်လို့ စစ်ဆေးရတဲ့ ကိစ္စဟာ တိုင်းပြည်လုံခြုံရေးနဲ့လည်း မဆိုင်ဘူး။ ဒီလိုအမှုကို အများပြည်သူကို  ကြားနာခွင့်မပေးဘူး ဆိုတာဟာလည်း ပြည်တွင်းဥပဒေတွေအရရော၊ နိုင်ငံတကာမှာရှိတဲ့ fair trial court နဲ့ရော  ဆန့်ကျင်တယ်။

မေး။  ။ တရားစွဲဆိုနေစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်ထောင်အတွင်း ထားလိုက်တာကရော ဥပဒေနဲ့လျော်ညီမှုရှိပါသလား။

ဖြေ။  ။ ဥပဒေအကြောင်း ပြန်ပြောရရင် စောစောကဟာကိုပဲ ပြန်ကောက်ရမယ်။ စောစောကပြောသလို ၁၉၇၅ ခုနှစ် ဥပဒေအရ ချုပ်ခွင့်ရှိတာကိုက (၅) နှစ်ပဲ။ (၅) နှစ်ထက် (၁) နာရီကျော်ပြီးတော့ကို ချုပ်ခွင့် မရှိဘူး။ (၅) နှစ်ကျော်ပြီး ဆက်ချုပ်ထားတာကိုက မှားနေပြီ။ ဘယ်နေရာမှာ ထားတယ်။ မထားတယ်ဆိုတာကိုတော့ ကျနော် မပြောလိုဘူး။ သူတို့ဟာသူတို့ အဆင်ပြေတဲ့ နေရာမှာထား။ သို့သော် (၅) နှစ်ထက်ကျော်ပြီး ချုပ်ထားတာကိုက ဘယ်နေရာမှာ ထားထား ဥပဒေကို ချိုးဖောက်နေတာပဲ ဖြစ်တယ်။

မေး။  ။ နအဖစစ်အစိုးရဟာ ပြည်တွင်းဥပဒေတွေ၊ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး ပြည်ပရောက် ဥပဒေပညာရှင်တွေကလည်း ထောက်ပြကြတယ်။ နောက် working group တို့လို ယူအန်အဖွဲ့အစည်းတွေကလည်း ပြောနေတဲ့အကြားက ဒီကိစ္စတွေထပ်ဖြစ်လာတယ်ဆိုတော့ နိုင်ငံတကာ ဥပဒေအသိုင်းအ၀ိုင်းက ဘယ်လိုဆက်လက် ဆောင်ရွက်သွားနိုင်ပါသလဲ။

ဖြေ။  ။ ဒီလိုဗျ။ ပြီးခဲ့တဲ့လပိုင်းကပဲ ကျနော်တို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ လန်ဒန်မှာရှိတဲ့ ၀တ်လုံတော်ရကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ Burma justice committee က တင်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထား တာဟာ ပြည်တွင်းဥပဒေကိုရော၊ နိုင်ငံတကာဥပဒေကိုရော ချိုးဖောက်တာဖြစ်တယ်လို့ UN working group အဖွဲ့က ဆုံးဖြတ်ချက်ချလိုက်တာရှိတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ အင်မတန်ကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကုလသမဂ္ဂက တောင် ဒီလိုဖမ်းဆီးထားတာဟာ ဥပဒေနဲ့မညီဘူးလို့ သုံးသပ်ထားပြီးပြီ။ အဲတော့…အဲလို ဥပဒေနဲ့မညီ ချုပ်နှောင်တဲ့ လူတွေအားလုံးက ရာဇ၀တ်ကောင်တွေပဲ။ အထဲမှာရှိတဲ့ တရားစီရင်ရေးစနစ်ကလည်းပဲ ချုပ်နှောင်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရော အခြားနိုင်ငံရေးသမားတွေကိုရော စောင့်ရှောက်နိုင်တဲ့ အနေအထားမရှိတော့ဘူး။ တနည်းအားဖြင့် အထဲမှာရှိတဲ့ တရားစီရင်ရေးစနစ်က စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် တရားစီရင်ရေးစနစ် ဖြစ်သွားပြီ။ အဲတော့ ပြည်တွင်း တရားစီရင်ရေးအောက်က အကာအကွယ်ရ နိုင်မှု အခွင့်အလမ်းက တော်တော့်ကို နည်းသွားပြီ။ နိုင်ငံတကာ ဥပဒေရဲ့ အကာအကွယ် ရနိုင်ဖို့ ကြိုးစားဖို့ရှိလာပြီ။ နိုင်ငံတကာပြစ်မှုဆိုင်ရာ ဥပဒပုဒ်မ (၇၁/င) မှာ ဘာပါလဲဆိုတော့ ထောင်သွင်းအကျဉ်းချခြင်း၊ နိုင်ငံတကာဥပဒေ အခြေခံများကို ဆန့်ကျင်ပြီးတော့ လူတယောက်ရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ပြင်းထန်စွာချိုးဖောက်ခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်တခုရှိတယ်ဗျ။ အဲဒီပြဋ္ဌာန်းချက်အရ အကျုံးဝင်နိုင် မ၀င်နိုင်ကို သုံးသပ်ဖို့ရှိလာတယ်။ အဲတော့ ပြဿနာက ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ criminal court security မြောက်သလားဆိုတဲ့ မေးခွန်းရှိလာပြီ။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ဖမ်းဆီးထားရုံနဲ့ လူသားပြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့ပြစ်မှု မမြောက်နိုင်ဘူးလို့ ပြောရမှာဖြစ်တယ်။ သူတယောက်တည်း ဆိုရင်ပေါ့လေ။ သို့သော် ဒီကိစ္စက ဒီလိုကြည့်လို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်တာဟာ ၂၀၀၃ ခုနှစ် မေလမှာဖြစ်တဲ့ ဒီပဲယင်းကိစ္စကြီးရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ယနေ့အထိ ဆက်ဖမ်းထားတာ။ ဒီပဲယင်းကိစ္စကြီးဟာ criminal court security မြောက်နိုင်တယ်ဆိုတာကို ကျနော်တို့ ရီပို့တွေ တင်ထားပြီးပြီ။ သက်သေခံ အထောက်အထားတွေလည်း အများကြီးရှိတယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင် ငါးထောင်လောက်ကို ကိုင်ပြီးတော့ လုပ်သွားတဲ့ crime ကြီးဖြစ်တယ်။ ဒါဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကို ကျူးလွန်ထားတဲ့ ပြစ်မှုဖြစ်တယ်။ အဲဒီ crime ကြီးရဲ့ အစိတ်အပိုင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားတာဖြစ်တယ်။ အဲတော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် တယောက် တည်းကို ချုပ်ထားတယ်လို့ မကြည့်ဘဲနဲ့ ဒီပဲယင်းကိစ္စကြီးကိုပါ ပြန်ကြည့်ကြရမှာဖြစ်တယ်။ နောက်ပြီး နိုင်ငံရေး သမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချတာတွေ ရှိတယ်။ ဒါတွေဟာ စနစ်တကျနဲ့ကို လက်ရှိ ရှိတဲ့ တရားစီရင်ရေး စနစ်ကြီးကို ကိုင်ပြီးတော့ အတိုက်အခံတွေကို ဖိနှိပ်တာ။ ဒီနေ့အချိန်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေပြီ။ ဒါကြောင့် ဒီလိုအချက်တွေပါ စုလိုက်မယ်ဆိုရင်တော့ ဗမာပြည်အတွင်းက ဒီမှုခင်းကြီးကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးမှာ တရားစွဲဆို အရေးယူနိုင်ဖို့ရာအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြဖို့ အချိန်ရောက်ပြီ။ ဥပဒေကြောင်းအရ လုံးဝအကျုံးဝင်နေတယ်လို့ ကျနော်ပြောချင်တယ်။

မေး။  ။ ဆောင်ရွက်နိုင်ဖို့ အခြေအနေ၊ အလားအလာကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အလားအလာကတော့ တထစ်ချင်း တထစ်ချင်း ပိုကောင်းလာပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ဒီကိစ္စအတွက် ဘန်ကောက်မှာ အစည်းအဝေး ကျင်းပနိုင်ခဲ့တယ်။ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဓိကကျတဲ့ အဖွဲ့အစည်း အားလုံး နီးပါးနဲ့ နိုင်ငံတကာက အဓိကကျတဲ့ အဖွဲ့အစည်းအားလုံးနီးပါး တက်ရောက်ဆွေးနွေးခဲ့ကြတယ်။ နိုင်ငံတကာ တရား ရုံးကိုတင် တရားစွဲဆိုနိုင်တဲ့ အနေအထားအဆင့်ကို ဦးတည်သွားကြဖို့ အားလုံးသဘောတူတယ်။ လုပ်ထုံးလုပ်နည်း ညှိယူနေကြရတာလေးတွေပဲ ရှိတယ်။ ဆိုတော့ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးကို စွဲတင်နိုင်တော့မယ့် အလားအလာတွေ များလာပြီဆိုတာ ကျနော်ပြောချင်တယ်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook