ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

သူတို့ရည်ရွယ်ချက်က ဘယ်သူ့ဆီမှ လက်နက်မထားချင်တော့ဘူး
NEJ / ၁၇ စက်တင်ဘာ၂၀၀၉
line

 

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ဖုန်ကြားရှင်ဦးစီးသည့်  မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အပစ်ရပ်တပ်ဖွဲ့ကို နအဖစစ်အစိုးရက ပြီးခဲ့သည့် သြဂုတ်(၂၇) ရက်တွင် တိုက်ခိုက်ခဲ့သဖြင့် နအဖတပ်များနှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား (၃) ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့မှု နယ်စပ်အခြေအနေများနှင့် ပတ်သက်၍ တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာအကဲခတ်သူ ဦးအောင်ကျော်ဇောနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။ 


မေး။  ။ နအဖစစ်အစိုးရက  ကိုးကန့်တပ်ဖွဲ့ကို  တိုက်ခိုက်ခဲ့တဲ့အပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။

ဖြေ။  ။ တစ်အချက်က ဦးဖုန်ကြားရှင်က နယ်ခြားစောင့်တပ်အသွင်ပြောင်း ဖွဲ့စည်းရေးကိစ္စကို မာမာတင်းတင်း ဆက်ဆံတာတခု။ နောက်တခုက သူက တရုတ်ဖြစ်တာတခု။ သူ့ကိုဘာလို့ရွေးတယ်ဆိုတာပေါ့။ သူတို့အဖွဲ့မှာလည်း အက်ကြောင်းက သူများထက်ပိုတယ်။ မြန်မာအစိုးရက စောစောကတည်းက ပိုင်စုံချိန်ကို ၀ယ်ထားနိုင်တယ်။ အဲလိုအခြေအနေတွေအောက်မှာ နအဖက သူတို့အဖွဲ့ကို ရွေးချယ်လိုက်တာဖြစ်တယ်။ အဓိကအချက်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတာ။ အဲဒီမှာ အချိန်ကာလနဲ့ အဖွဲ့အစည်းနဲ့ နေရာကိုရွေးတဲ့အခါမှာ သူတို့အတွက် အင်မတန်ကိုက်ညီတဲ့ဟာကို ရွေးလိုက်နိုင်တယ်။
တရုတ်-မြန်မာနယ်စပ်မှာရှိနေတဲ့ ဗကပက ခွဲထွက်သွားတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ အနည်းနဲ့အများဟာ မိသားစုစနစ်လို ဖြစ်နေကြတာ များတယ်။ နဂိုကလည်း ပဒေသရာဇ်အစဉ်အလာရှိတဲ့ လူမျိုးစုဒေသတွေဖြစ်တယ်။ အဲလိုရှိတဲ့ ဓမ္မတာအောက်မှာပဲ ဒီမိုကရက်တစ်ခေါင်းဆောင်မှုက နည်းတယ်။ အဲတော့ အနည်းနဲ့အများဆိုသလို အဲဒီမှာ အက်ကြောင်းတွေရှိတယ်။ အဲဒီထဲမှာ အက်ကြောင်းအများဆုံးဖြစ်တဲ့ ကိုးကန့်အဖွဲ့ကို ရွေးလိုက်တာပဲ။ အဲတော့ ကိုးကန့်တရုတ်တွေကို တိုက်တာရှင်းတယ်။

ပြီးခဲ့တဲ့လ (၂၇) နဲ့  (၂၈) ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရက်သားနဲ့  ထပ်ပြီးတော့လုပ်တယ်။ ဒါက ဘာကိုပြတာလည်းဆိုရင် သာမန်ကိုးကန့်ကိစ္စတခုတည်း မဟုတ်ဘူး။ သူတို့မှာ ရည်ရွယ်ချက် နှစ်ခု သုံးခုရှိတယ်။ တခုက ဘော်ဒါကိစ္စကို အကြပ်ကိုင် လုပ်ခိုင်းတဲ့သဘောဖြစ်တယ်။ မင်းတို့ နယ်ခြားစောင့်တပ် မလုပ်ဘူးလား။ မလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ ပြလိုက်တာပဲ။ နောက်ပြီး သူတို့က ကမ္ဘာကိုလည်းပြချင်တယ်။ တရုတ်ပြည်နဲ့ပတ်သက်လို့ ငါတို့လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ဟာကို ပြတာ။ နောက်တခုက အမေရိကန်ကိုလည်းပြတာ ငါတို့က တရုတ်တပြည့်မဟုတ်ဘူး။ မလွဲသာလို့ ပေါင်းနေတာဆိုတာကို ပြတယ်။ ကိုးကန့်ကိုတိုက်တာဟာ အဓိကနိုင်ငံရေးအရ တိုက်တာပဲ။

မေး။  ။ နအဖစစ်အစိုးရဘက်က ကိုးကန့်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ တရုတ်နိုင်ငံဘက်က သတင်းပေးပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ 

ဖြေ။  ။ နအဖဘက်က တရုတ်ပြည်က ပေးတဲ့သတင်းနဲ့ ကိုးကန့်ကိုလုပ်တာပါလို့ ပြောတယ်။
တရုတ်ပြည်ဘက်က လက်နက်ကိစ္စကို နှစ်နိုင်ငံလုံခြုံရေးကိစ္စကို ထည့်တွက်တာရှိတယ်။ ပြောခဲ့တယ်။ ကျနော်တို့ မေးစမ်းတဲ့အခါ တရုတ်ပြည်က မနှစ်ကပြောတာဖြစ်တယ်။ လုံခြုံရေးဝန်ကြီးကလည်းပြောတယ်၊ မန္တလေးကောင်စစ်ဝန် ကလည်းပြောတယ်။ ဒီနှစ်နိုင်ငံနယ်စပ်ကို ကျနော်တို့ သေချာကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရအောင်ဆိုတဲ့ အနေအထားပေါ့၊   သတိထားပြီးတော့ လက်နက်အရောင်းအ၀ယ်တွေ ဆက်ရှိနေသေးရင်မကောင်းဘူးဆိုတာပေါ့။ နောက်ဆုံးပြောတာက မန္တလေး ကောင်စစ်ဝန်ကနေပြီးတော့ ဒု-ရဲချုပ်ကို မန္တလေးမှာ ထမင်းစားပွဲမှာတွေ့တော့ပြောတာက နယ်စပ်ဒေသမှာ လက်နက်အရောင်းအ၀ယ်ကိစ္စတွေကိုတော့ နှစ်ဘက်ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ကောင်းတယ်ပေါ့။ ဒါကိုယူပြီး နအဖက ချလိုက်တာ။ တရုတ်ပြည်ကလည်း သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒအမှားပေါ့နော်၊ အဲဒါကို မြိုးမြိုးမြက်မြက် ခံစားလိုက်ရတယ်။

မေး။  ။ အခု ကိုးကန့်ဒေသအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ အခုအခြေအနေကတော့ ဘယ်လိုမှ ပြောလို့မရသေးဘူး။ ခုတော့ အေးချမ်းတယ်၊ ဒါပေမယ့် အနာရှိန်ကျန်ခဲ့တယ်။  ပြောက်ကျားတပ်ဖွဲ့တွေ ကျန်ရစ်ခဲ့တယ်။ အနီးအနားလက်နက်ကိုင် တပ်ဖွဲ့အဖွဲ့အစည်းတချို့မှာလည်း ကိုးကန့်ထဲက တပ်ဖွဲ့ဝင်တချို့ကျန်တယ်။

မေး။  ။ တရုတ်ဘက်မှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေရော နေရပ်ပြန်ကုန်ကြပြီလား။ 

ဖြေ။  ။ စစ်ပြေးဒုက္ခသည် စုစုပေါင်း (၃၇,၀၀၀) ကျော်ရှိတယ်။ ဒီထက်မက ရှိနိုင်ပါတယ်။ အခုဟာက စာရင်းလုပ်တဲ့နေရာကပါ။   ဧရိယာက နည်းတဲ့ဧရိယာမဟုတ်ဘူး။ ဒါကို မ၀င်နိုင်အောင် သူတို့ဘယ်လို ထိန်းသိမ်းပြီးတားဆီးလို့ရမလဲ။ အများစုက (၂) သောင်းနီးပါးလောက် အိမ်ကိုပြန်ကြတယ်။ တချို့လည်း မပြန်ကြသေးဘူး။ (၃) သောင်းကျော်ထဲမှာ လူ (၁) သောင်းနီးပါး လောက်ကတော့ ပြန်သွားမှာ မဟုတ်တော့ဘူးလို့ ထင်တယ်။ တရုတ်တွေဖြစ်နေလို့။

မေး။  ။ အခုဖုန်ကြားရှင် ဘယ်မှာရှိနေပါလဲ။ 

ဖြေ။  ။ တရုတ်-ဗမာနယ်စပ်မှာတော့ မဟုတ်တော့ဘူး။ ဗမာပြည်ထဲမှာပါ။ လုံခြုံတဲ့တနေရာမှာ  ရှိနေပါတယ်။

မေး။  ။ UWSA ၀တပ်ဖွဲ့တွေ ထိန်းချုပ်ရာဟိုပန်နဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားဒေသမှာလည်း နအဖဘက်က စစ်အင်အားတွေ တိုးချဲ့ချထားတယ်လို့ သိရပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။  ။ ကျနော်ထင်တယ်လေ။ နအဖဘက်ကတော့ ဆက်တိုက်မှာပဲ။ နှစ် (၂၀) အတွင်းမှာ သူတို့စစ်တပ်အင်အား တည်ဆောက်ခဲ့တာဟာ အင်အားနဲ့ဖိဖို့ကြိုးစားတာ။ လက်နက်ကြီးတွေ ဘာတွေ သုံးအုံးမှာပဲ။

မေး။  ။ UWSA ၀တပ်ဖွဲ့တွေနဲ့ ကေအိုင်အိုတို့ အနေအထား ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ အများစုက ကျနော်တွေ့တာတော့ ပြင်ထားတာပဲ။ တကယ်တမ်း တိုက်မလား။ သူတို့တိုက်ရမှာက သူတပြန် ကိုယ်တပြန်တိုက်တဲ့ မျိုးချစ်စိတ်နဲ့ အမျိုးသားစိတ်နဲ့ တိုက်ရမှာဖြစ်တယ်။ ဒီလိုတိုက်ဖို့ ဆုံးဖြတ်ချက်ချထားမှ၊ တိုက်မှသာလျှင် တကယ်တမ်း တိုက်နိုင်မယ်။ အဲလိုမှမဟုတ်ရင်တော့ နအဖက လက်နက်အင်အားတွေ သုံးမှာပဲ။ နအဖဘက်က မတိုက်ခင်မှာ ဒီဘက်ကအဖွဲ့တွေက လျှော့မလား၊ မုန်းလားလိုအနေအထားက သူတို့တစုံတရာ အလျှော့အတင်း လုပ်ချင်လုပ်မယ်။ ၀နယ်ကြတော့ ခက်နေတယ်။ သူ့တို့ရဲ့အမျိုးသားအလံကြီးကို လွှတ်ပစ်ပြီး ဒူးထောက်မလား။ ၀တို့ ကေအိုင်အေတို့ပေါ့လေ။ ကေအိုင်အေဆို ၁၉၆၀ ခုနှစ် ပတ်ဝန်းကျင်ကစပြီး နှစ်ပေါင်း (၅၀) ကျော်ကိုင်စွဲခဲ့တဲ့ ကေအိုင်အေအလံပေါ့။ ကချင်အမျိုးသားပေါင်း ရာနဲ့ထောင်နဲ့ချီတဲ့သွေးတွေနဲ့ ရင်းထားခဲ့တဲ့ သူတို့အလံကို ဗမာအစိုးရလက်အပ်မလား။ အပ်ရင်အပ်တဲ့ခေါင်းဆောင်ဟာ သမိုင်းတရားခံဖြစ်လိမ့်မယ်။

တကယ်လို့ နအဖက ဖိအားပေးပြီး တိုက်လို့ရှိရင်လည်း သူယာယီပဲ ရနိုင်မယ်။ အမျိုးသားပြဿနာဟာ ဘယ်တော့မှ မငြိမ်းသွားဘူး။ ဒီနေ့ ကေအိုင်အိုမရှိတော့ဘူးဆိုရင် နောက်နေ့မှာ ကေအိုင်အို အသစ်တမျိုးထွက်လာမှာပဲ။ UWSA  က ဘယ်လိုမှတိုက်မနိုင်လို့ အပ်လိုက်ရရင်လည်း နောက်ဝတပ်ဖွဲ့တဖွဲ့ပေါ်လာမှာပဲ။ ဒါမုချဖြစ်တယ်။ ငြင်းလို့မရဘူး။

မေး။  ။ နအဖက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူခဲ့ပြီး အခုလို အပစ်ရပ်အဖွဲ့တွေအပေါ် စစ်ရေးအရ တိုက်နေတာ ဘယ်လိုမြင်ပါသလဲ။ 

ဖြေ။  ။ နအဖရဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ မူလသဘောတူညီချက်က နောက်တက်လာတဲ့အစိုးရနဲ့ကျမှ ခင်ဗျားတို့ရဲ့ အုပ်ချုပ်မှုကိစ္စ ဆွေးနွေးပါ။ ခုလောလောဆယ် ခင်ဗျားတို့တပ်ကို အသိအမှတ်ပြုထားတယ်။ ခင်ဗျားတို့ရဲ့ဒေသကို အသိအမှတ်ပြုထားတယ်။ အခုကျတော့ နအဖထုတ်ပြန်လာတဲ့ နယ်ခြားစောင့်တပ်ပေါ်လစီဟာ ဒီနှစ်ခုနဲ့ လုံးဝဆန့်ကျင်တယ်။ အခုလည်း တိုင်းရင်းသား တွေက လက်နက်မအပ်ဘူးပြောတာမဟုတ်ဘူး။ ရွေးကောက်ပွဲပြီးမှ တက်လာတဲ့ အရပ်သားအစိုးရနဲ့ တရားဝင်အစိုးရနဲ့ စကားပြောပြီး ကျနော်တို့အပ်ပါမယ်လို့ပြောတာဖြစ်တယ်။ ဘာဖြစ်လို့လက်မခံနိုင်တာလဲ။  သူတို့ကတော့ အလိုမကျရင် လုပ်ချင်တာလုပ်မှာပဲ။ သူတို့က ရွေးကောက်ပွဲအတွက် ပြင်ဆင်ရတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းလုပ်ဖို့ ရည်ရွယ်တာပေါ့။ သူတို့ရည်ရွယ်ချက်က ဘယ်သူ့ဆီမှ လက်နက်မထားချင်တော့ဘူး၊ တက်လာတဲ့အစိုးရလက်ထဲမှာပဲ သေနတ်တွေရှိဖို့လိုတယ်။ သူတို့ဘက်ကကြည့်ရင်တော့ အမှန်တရားပေါ့။ သူတို့က အာဏာရှင်ကိုး။

နအဖထုတ်ပြန်ထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးဆိုတာဟာ တချက်တည်းနဲ့ အကုန်လုံးကို အပြီးသတ်တာပဲ။ ဒီ အစီအစဉ်အရဆို သေနတ်တွေ လက်နက်တွေအားလုံး သူတို့ကို အပ်ရတာ။ ရိုးရိုးသားသားသေနတ်အပ်ပြီး အိမ်ပြန်သွားရမှာ မဟုတ်ဘူး။ စစ်သားလည်းပေးရမယ်၊ တပ်လည်းပေးရမယ်။ သူတို့အတွက် လက်နက်ကိုင်အင်အား ထပ်တိုးလာရင် စစ်သားစုဆောင်းနေရတဲ့ အခက်အခဲ အင်မတန်ရှင်းသွားမယ်။ နောက်တခုက လက်နက်တွေအားလုံးကလည်း သူတို့လက်ထဲ ရောက်လာမယ်။ ကျန်တဲ့ဒေသတွင်းမှာ ဖွဲ့ထားတဲ့ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ဖျက်ပစ်လိုက်ရမယ်။ ဖျက်ပြီးတော့ ပါတီရုံးတွေထောင်ပြီးတော့ ပါတီပဲလုပ်ရမယ်။ ရွေးကောက်ပွဲမှာ နိုင်မနိုင်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ ဒါကြောင့် နအဖက တချီတည်းနဲ့ အားလုံးကို တွယ်လိုက်တဲ့နည်းကိုသုံးလိုက်တာ။ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ အနေအထားက သူတို့ထင်ထားသလို မလွယ်ဘူး။ အဖွဲ့တွေက လက်မခံကြဘူး။

မေး။  ။ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နအဖတို့အကြား ရှေ့အနာဂတ်မှာ ဘာဖြစ်နိုင်ပါသလဲ။

ဖြေ။  ။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒူးမထောက်ဘဲနဲ့ သူတို့ရသင့်ရထိုက်တဲ့ အကျိုးစီးပွားအတွက် ဆက်လက်ခုခံကာကွယ်ကြမယ်ဆိုရင် ပြည်တွင်းစစ်အကြီးစားတခု ထပ်ဖြစ်လာမှာပဲ။ အခုလည်းဖြစ်နေတာပဲ။ ပိုပြီးအဆင့်မြင့်တဲ့ ပြည်တွင်းစစ်ဖြစ်လာမှာပဲ။ ပြည်တွင်းမှာရှိတဲ့ အမျိုးသားတွေကို ချေမှုန်းနေတာပဲ။ ပြည်တွင်းစစ် အသစ်ဖြစ်လာမှာမဟုတ်ဘူး၊ ဒီထက်ပြင်းထန်တဲ့ ကျယ်ပြန့် ပြည်တွင်းစစ်ကြီးကို မြင်ရမှာဖြစ်တယ်။ ပြည်သူပေါင်းများစွာ သေကျေပျက်စီးကြအုံးမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီမီးက ငြိမ်းမသွားဘူး၊ ဗမာအစိုးရက ၀တွေကို ရချင်ရမယ်။ အေအိုင်အို အမြစ်ပြုတ်အောင် လုပ်ချင်လုပ်လို့ရမယ်။ ဒါပေမယ့် သူတို့ ကချင်အမျိုးသားတွေရဲ့တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး လွတ်လပ်ခွင့်ရရေးနဲ့ ၀ပြည်သူတွေရဲ့ ၀ပြည်နယ်ရရေး၊ ၀ပြည်နယ် တန်းတူညီတူ နေထိုင်ခွင့်ရရေးတွေအတွက် ဆက်တိုက်မယ့်မျိုးဆက်တွေ ထပ်ခါထပ်ခါ ပေါ်လာအုံးမှာပဲ။ သမိုင်းကြောင်းမှာ မြေကြီးလက်ခတ်မလွဲတဲ့ကိစ္စတွေပဲ။ တရုတ်-မြန်မာနယ်စပ်က လက်ကိုင်အဖွဲ့အစည်း အမျိုးသားခေါင်းဆောင်တွေအားလုံးဟာ သူတို့ဘာမှမရသေးဘဲနဲ့ နအဖအလိုလိုက်ပြီး ဒူးထောက်မယ်ဆိုရင်တော့ သမိုင်းမှာ သူတို့တရားခံတွေ ဖြစ်ကြမှာပဲ။ ဒါကြောင့် တကယ်တမ်းတိုက်ဖို့ ဆုံးဖြတ်ချက်ရှိရင်လည်း ပြတ်ပြတ်သားသားပြင်ပါ။ နိုင်ငံတကာနည်းနဲ့ ၀င်နိုင်ပြောနိုင် ပြောသင့်တာပြော၊ ကိုယ့်ဘာသာ ခံတိုက်တဲ့နည်းကခံတိုက်မှ ဖြစ်မှာ။

မေး။  ။ တရုတ်နိုင်ငံရဲ့သဘောထားကရော မြန်မာစစ်အစိုးရအပေါ် ဘယ်လိုရှိတယ်လို့ ယူဆနိုင်ပါသလဲ။

ဖြေ။  ။ တရုတ်ကတော့ ဗမာကို ပိုက်လိုင်းနှစ်လိုင်းနဲ့ လည်ပင်းကို လည်စင်းပေးထားရသလိုဖြစ်နေတယ်လေ။ သူဘယ်လောက်အတိုင်းအတာအထိ သည်းညည်းခံမလဲ။ ပိုက်လိုင်းကို အပျက်ခံမလား၊ ပိုက်လိုင်းအပျက်ခံပြီးတော့ ဘယ်ဘက်က ရပ်မလဲ။ အစောကြီးကတည်းက ဗမာပြည်သူတွေဘက်က၊  အမှန်တရားဘက်က ရပ်ခဲ့ရင် တနေ့ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ အန်အယ်လ်ဒီအစိုးရသာ ရှိခဲ့ရင်လည်း ဒီပိုက်လိုင်း နှစ်လိုင်းကို ခွင့်ပြုမှာပဲ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook