newerajournal.com This page requires frames. newerajournal.com This page requires frames. newerajournal.com This page requires frames. newerajournal.com This page requires frames. newerajournal.com This page requires frames.
 
 

ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်နှင့် ခေတ်ပြိုင်မေးမြန်းခန်း

 

ata၂၀၀၈ ခုနှစ်ကုန်မှစပြီး ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်ခွင့် ပေးတော့မှာဖြစ်ကြောင်း အမျိုး သားညီလာခံ ကိုယ်စားလှယ် တက္ကသိုလ်မြတ်သူက ရန်ကုန်အခြေစိုက် ပေါ်ပြူလာဂျာနယ်သို့ မကြာခင်က ပြောခဲ့သည်။ သို့သော် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပြီး ဖျက်သိမ်းခံထားရသည့် တိုင်းရင်းသားပါတီများ ရွေးကောက် ပွဲဝင်ခွင့် ရမရကိုမူ တက္ကသိုလ် မြတ်သူက ပြောခဲ့ခြင်းမရှိပေ။ မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ပြင်ဆင်မှုအခြေအနေများနှင့် ပတ်သက်၍ ပြည့်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်ကို ခေတ်ပြိုင်က တယ်လီ ဖုန်းဖြင့် မေးမြန်းခဲ့ရာ ဦးအေးသာအောင်က ယခုကဲ့သို့ စတင် ဖြေကြားသည်။

ဖြေ- ဟုတ်ကဲ့… ကျနော့်အမြင် ပြောရမယ်ဆိုရင်... ဒီလို လုပ်လာလိမ့်မယ်လို့တော့ ကြိုတင်ပြီး တော့ ကြားထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဘယ်နှလအလို ဘယ်နှလပဲ ရှိတယ်ဆိုတာတွေနဲ့ ပတ်သက်လို့ကတော့ ကျနော့်အနေနဲ့ သိပ်စိတ်မ၀င်စားဘူး။ ဘာကြောင့် လည်းဆိုရင် ကျနော်တို့က အခု ပြီးခဲ့တဲ့ referendum အပါအ၀င် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲတွေကို ကျနော်တို့က စိတ်မ၀င်စားဘူး။ ဘာကြောင့်လည်းဆိုရင် ဒီ Road map အပါအ၀င် အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေဟာ တကယ့် တိုင်းပြည်အတွက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေလို့လည်း မမြင်သလို ဒီလို လုပ်လိုက်တဲ့အတွက်ကြောင့်လည်းပဲ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဒီမိုကရေစီနိုင်ငံ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ရလိမ့် မယ်လို့လည်း မယုံကြည်ဘူး။ ဘာကြောင့်လည်းဆိုရင် မြန်မာနိုင်ငံဟာ တကယ့် ဒီမိုကရေစီနိုင်ငံ ဒီမိုကရေစီ ထွန်းကားဖို့ လိုသလို၊ တိုင်းရင်းသားတွေအပါအ၀င် အမျိုးသားပြန်လည်သင့်မြတ် ရေးကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နအဖ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တွေ့ဆုံဆွေးနွေးရာကနေတဆင့် အမျိုးသားလုပ်ငန်းစဉ်တွေကို ချမှတ်ပြီးတော့ သွားမှသာလျှင် အနာဂတ်မှာ တိုင်းပြည်အတွက်ရော ဒီနိုင်ငံမှာရှိကြတဲ့ အများ ပြည်သူအတွက်ပါ အကျိုးရှိလိမ့်မယ်လို့ ကျနော့်အနေနဲ့ မြင်လို့ပါ။

မေး- ဟုတ်ကဲ့ခင်ဗျ။ ဦးအေးသာအောင်ပြောသလို မူအားဖြင့် ကြည့်မယ်ဆိုရင်တော့ တွေ့ဆုံ ဆွေးနွေးရေးဟာ ငြင်းပယ်စရာ မရှိတဲ့အချက်ပါပဲ။ စစ်အစိုးရဘက်က လိုက်လျောလာမယ် ဆိုရင်ပေါ့လေ။ သို့သော်… စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ လုံးဝ မဖြစ် နိုင်ဘူး၊ ဆွေးနွေးစရာအကြောင်း မရှိဘူးဆိုတဲ့ အချက်ကိုလည်း သူက အကြိမ်ကြိမ်အဖန်ဖန် တရားဝင် ထုတ်ဖော်ပြောခဲ့ပြီး ဖြစ်ပါတယ်။ နောက်တချက်ကလည်း နာဂစ်မုန်တိုင်း ဖြစ်နေတဲ့ ကာလမှာပဲ ဇွတ်ရော၊ အဓမ္မရော စစ်အစိုးရဘက်ကနေပြီးတော့မှ သူတို့ သတ်မှတ်ထားတဲ့ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲကို လုပ်တယ်။ တရားမျှတသည်ဖြစ်စေ၊ မမျှတ သည်ဖြစ်စေ၊ သူတို့အောင်မြင်သွားပြီ၊ အတည်ဖြစ်သွားပြီဆိုတဲ့အကြောင်းလည်း ကြေညာထားပြီး ဖြစ်တယ်။ မကြာခင် (၄-၅) လ အလိုမှာလည်းပဲ ပါတီတွေ မှတ်ပုံတင်ရတော့မယ်လို့ ဆိုတဲ့အတွက် အခြေအနေဟာ ကိုယ်တောင်းဆိုထားတဲ့ အခြေအနေ၊ မိမိမယုံကြည်ဘူးဆိုတဲ့ အခြေအနေနဲ့ ဆန့်ကျင်ပြီးတော့ စစ်အစိုးရ အုပ်ချုပ်နေတဲ့ကာလမှာ သူချပေးတဲ့ လမ်းကြောင်းနဲ့ ဖြစ်နေတဲ့ အခါကျတော့ ရွေးချယ်စရာဟာ (အထူးသဖြင့် အန်အယ်လ်ဒီပေါ့) ဆရာဦးအေးသာအောင်တို့ ဘက်ကနေ ပြန်ကြည့်သည်ဖြစ်စေ၊ အန်အယ်လ်ဒီဘက်က ပြန်ကြည့်သည်ဖြစ်စေ အန်အယ်လ် ဒီဟာ ရွေးချယ်ဖို့ အချိန် (၅) လ (၆) လပဲ ကျန်တော့တဲ့အတွက် အန်အယ်လ်ဒီရဲ့ ကံကြမ္မာ ဘယ်လိုဆုံးဖြတ်သင့်တယ်လို့ ဦးအေးသာအောင် ယူဆပါသလဲ ခင်ဗျ။

ဖြေ- အန်အယ်လ်ဒီရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ကတော့ အန်အယ်လ်ဒီမှာ တာဝန်ရှိတဲ့ CEC အပါ
အ၀င် ပါတီဝင် ပုဂ္ဂိုလ်တွေ အနေနဲ့တော့ ဒါ သူတို့တာဝန်ပဲလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်ကို ပြောမယ်ဆိုရင်တော့ နအဖက တဖက်သတ်လုပ်ရပ်တွေဟာ တောက်လျှောက်ပေါ့နော်။ လုပ်လာခဲ့တာတွေဟာ အချိန်အနေနဲ့ပဲဖြစ်စေ၊ လုပ်ရပ်အနေနဲ့ပဲဖြစ်ဖြစ် တဖက်သတ် လုပ်ခဲ့တာတွေဟာ တောက်လျှောက်ပါပဲ။ ခုလည်းပဲ referendum အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဟာလည်း တဖက်သတ်လုပ်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ တဖက်သတ်လုပ်ရပ် မှန် သမျှကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေက တောက်လျှောက်လိုက်လာခဲ့တာဖြစ်တယ်။ ဒီတော့ ဒီနေရာမှာ ကျနော့်အနေနဲ့ အရင့်အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ ဒီလို တဖက်သတ် လုပ်သမျှကို နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေက လုပ်နေကြမှာလား။ လိုက်နေကြမှာလား။ တကယ်တိုင်းပြည်မှာ လိုအပ်တဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုကော ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ဖြစ်မြောက်အောင် လုပ်ဖို့၊ ကြိုးစားဖို့ မလိုဘူးလားလို့ ကျနော့်အနေနဲ့ နိုင်ငံရေးသမားတွေကိုရော၊ နိုင်ငံရေးပါတီတွေကိုရော ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ နအဖဘက်က ဘယ်လိုဖြစ်ဖြစ် တဖက် သတ်လုပ်လာမယ့် လုပ်ရပ်တွေအပေါ်မှာတော့ ကျနော်တို့က လက်မခံတဲ့အပြင် ရှေ့ဆက်ပြီး တော့လည်းပဲ တိုင်းပြည်မှာ တကယ်ဖြစ်သင့်တဲ့ တကယ်လိုအပ်တဲ့ အခြေအနေအရပ်ရပ်တွေ ပေါ်ပေါက်လာအောင် တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမယ်လို့ ကျနော့် အနေနဲ့ ပြောချင်ပါတယ်။

မေး- နောက်တချက်က အရေးကြီးတဲ့အချက်က စီအာပီပီ ကဏ္ဍပေါ့နော်။ ဦးအေးသာအောင်တို့ရဲ့ စီအာပီပီဆိုတဲ့ အဓိပ္ပာယ်ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီလို့ ကျနော်တို့ နားလည် ထားပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာ ပြည်သူက ရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော်တရပ် မပေါ်ပေါက်မချင်း အဲဒီလွှတ်တော်ရဲ့ကိုယ်စား ဆောင်ရွက်ဖို့ဆိုပြီး တော့မှ ကြေညာထားတဲ့အတွက် အခု စစ်အစိုးရက သူ ရွေးကောက်ပွဲ ၂၀၁၀ မှာလုပ်မယ်။ နောက် မကြာခင် လွှတ်တော် ခေါ်တော့မယ် ဆိုတဲ့အခါကျတော့ စစ်အစိုးရ ခေါ်မယ့် လွှတ်တော်ဟာ
(၂) နှစ်ကျော်ကျော်လောက်ပဲ ကျန်ပါတော့တယ်။ အဲဒီအချိန်ဟာ စီအာပီပီရဲ့ လွှတ်တော်နဲ့ သွားပြီးတော့ တိုက်ဆိုင်နေမယ်ဆိုရင် ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ စီအာ
ပီပီဟာ ဆက်လက်ပြီး တည်တံ့နေဦးမှာလား။ ဒါမှမဟုတ် စီအာပီပီရဲ့ အနာဂတ်ကိုရော ဘယ်လို ဆုံးဖြတ်ပါလဲ ခင်ဗျ။

ဖြေ- ဒီနေရာမှာ ကျနော် အလေးအနက်ထားပြီး ပြောချင်တာက မြန်မာနိုင်ငံမှာ အာဏာကို ရယူထားတဲ့ နအဖအစိုးရက ကျင်းပခဲ့တဲ့ ၉၀ ရွေးကောက်ပွဲဆိုတာ တရားလည်း ၀င်ပါတယ်။ တရားမျှမှုလည်းရှိပြီးတော့ အသိအမှတ်ပြုမှုဖြစ်တဲ့ အတွက်ကြောင့် ဒီရွေးကောက်ပွဲရလဒ်ကို တစုံတရာ အကောင်အထည် မဖော်ဘဲနဲ့ နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတာဟာလည်း နိုင်ငံနဲ့ လူမျိုးအတွက် သိက္ခာလည်းကျတယ်။ ဖြစ်လည်း မဖြစ်သင့်ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့အတူ ပေါ်ပေါက်လာတဲ့ လွှတ်တော် ကိုယ်စားပြုကော်မတီ ဆိုတာဟာလည်းပဲ တကယ်တော့ ကျနော်တို့ရဲ့ စိတ်ဆန္ဒနဲ့ ဖော်ဆောင် ထားတာမဟုတ်ဘဲနဲ့ တကယ့်ရွေးကောက်ပွဲရဲ့ ရလဒ်က ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက်ကြောင့် ဒါကို တစုံတခု အကောက်အထည်မဖော်ဘဲနဲ့ သွားမယ်ဆိုရင် စီအာပီပီ အပါအ၀င် လွှတ်တော် ရွေးကောက်ပွဲနဲ့အတူ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကလည်းပဲ တစုံတခု အတိုင်းအတာအထိ ရှိနေလိမ့်မယ်လို့ ကျနော့်အနေနဲ့တော့ ယုံကြည်ပါတယ်။

မေး- အဲဒီ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဟာ တစုံတရာ အတိုင်းအတာထိ ရှိနေမယ်ဆိုတာ ဟာ အချိန်ကာလအားဖြင့် လပိုင်းပဲ ကျန်ပါတော့တယ်။ နောက် ပါတီတွေ မှတ်ပုံတင်တော့မယ် ဆိုတဲ့အချိန်မှာ အန်အယ်လ်ဒီ မှတ်ပုံမတင်ခဲ့ရင် အန်အယ်လ်ဒီပါတီဟာ တရားဝင်ပါတီအဖြစ် ရပ်တည်မှုကနေ လျော့ကျပြီးတော့မှ တဖြည်းဖြည်းနဲ့ ပါတီ ဖျက်သိမ်းခံရနိုင်တယ်။ မှတ်ပုံတင် လိုက်ပြန်ရင်လည်းပဲ အန်အယ်လ်ဒီအနေနဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အလိုလိုဖျက်သိမ်း ပြီးသား ဖြစ်သွားနိုင်တယ်ဆိုပြီးတော့ ရန်ကုန် အန်အယ်လ်ဒီအဖွဲ့ဝင်တချို့ကိုယ်တိုင်က ယူဆနေတဲ့ သဘောလည်းရှိတယ်။ အတိုက်အခံတချို့ကလည်း ယူဆပါတယ်။ ဦးအေးသာအောင် ဘယ်လို မြင်ပါသလဲခင်ဗျ။

ဖြေ- ဒီနေရာမှာ တနည်းအားဖြင့် အန်အယ်လ်ဒီပါတီဟာ အဖျက်ခံရမယ်၊ မခံရဘူးဆိုတာကတော့ နအဖရဲ့ ခွဲခြားသတ်မှတ်တဲ့ ဥပဒေတွေပေါ်မှာ တည်ပါလိမ့်မယ်။ တကယ်တော့ တရားဝင်ပါတီ တရပ်ကို ဖျက်ဖို့ဆိုတာဟာ ကျနော်တို့ အမြင်အရ ပြည်သူတွေရဲ့ ဆန္ဒမဲအပေါ်မှာ တည်သလား။ ဒါမှမဟုတ်ဘဲနဲ့ နအဖကပြုလုပ်မယ့် ဥပဒေပေါ်မှာ တည်သလားဆိုတာကတော့ ဒီနေ့ နအဖက ကျင့်သုံးနေတဲ့ ဥပဒေတွေရဲ့ အပေါ်ကနေပြီးတော့ ကျင့်သုံးနေတဲ့အပေါ်မှာ တနည်းအားဖြင့် တည်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်နဲ့အတူ တည်ရှိ လာတဲ့ အန်အယ်လ်ဒီဆိုတာဟာ နအဖက ဖျက်သိမ်းလိုက်သည်ဖြစ်စေ၊ မဖျက်သိမ်းသည်ဖြစ်စေ တနည်းအားဖြင့်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ပေါ်မှာ ရှိနေမှာပါ။ ဒါကြောင့်မို့လို့ တကယ်လို့ နိုင်ငံရေးအရ အန်အယ်လ်ဒီဟာ ရပ်တည်သွားမယ်ဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရပ်တည်လို့ ရတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

မေး- နောက်ဆုံးမေးခွန်းတခုက စီအာပီပီနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်က ရွေးကောက်ပွဲ လုပ်တော့မယ်။ ပြီးရင် ပထမအကြိမ် လွှတ်တော်ခေါ်မယ်။ ရွေးကောက်ပွဲအပြီး ရက် (၉၀) အကြာမှာ ပထမအကြိမ်လွှတ်တော် ခေါ်မယ်လို့ အတိအလင်း ကြေညာထားတဲ့အတွက် စီအာပီပီသည် စင်ပြိုင်လွှတ်တော် နှစ်ရပ်အဖြစ် မရှိသင့်တဲ့အတွက် စီအာပီပီကို ဖျက်သိမ်းပါလို့ စစ်အစိုးရက ပြောလာမယ်ဆိုရင် ဦးအေးသာအောင်တို့ဘက်က စီအာပီပီကို ဖျက်သိမ်းဖို့ အဆင်သင့် ပြင်ဆင်ထားပါသလားခင်ဗျ။

ဖြေ- ဒါကတော့ ကျနော်တယောက်တည်းရဲ့ သဘောထားနဲ့ ဖြေကြားဖို့ထက် စီအာပီပီ အဖွဲ့ဝင်
အားလုံး ဆုံပြီးတော့မှ အစည်းအဝေးတရပ်ကနေသော်လည်းကောင်း၊ အများစုအနေနဲ့သော် လည်းကောင်း ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ပြီးတော့ စီအာပီပီဆိုတာကလည်း ပါတီတခု၊ အဖွဲ့အစည်းတခုအနေနဲ့ ဖွဲ့စည်းခြင်းထက် တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အပါအ၀င် တိုင်းရင်းသားပါတီများက တူညီတဲ့ ဘုံလုပ်ငန်းစဉ်တခုကို ဖော်ဆောင်ဖို့ ကော်မတီ တရပ်အနေနဲ့ ဖွဲ့ခဲ့ခြင်းသာ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်။

 
newerajournal.com This page requires frames.