ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 

 

 

အရေးကြီးတဲ့ လမ်းဆုံလမ်းခွမှာ ရှိနေသေးတယ်
NEJ / ၂၀ ဇူလိုင် ၂၀၀၉
line

 

နအဖရဲ့ အခြေခံဥပဒေကို မထောက်ခံကြောင်း မွန်ပြည်သစ်ပါတီက ကြေညာပြီးတဲ့နောက်မှာ နအဖစစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ ဆက်ဆံရေးအခြေအနေနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။  ။ မွန်ပြည်သစ်ပါတီအနေနဲ့ နအဖနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ကာလအတွင်း ပါတီနဲ့ ပြည်သူလူထုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်ထွန်းခဲ့တယ်ဆိုတာ သိပါရစေ။

ဖြေ။  ။ ကျနော်တို့မွန်ပြည်သစ်ပါတီအနေနဲ့ နအဖနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ကာလတွေအတွင်းမှာ ပါတီအတွက် ရရှိတဲ့အကျိုးတရားတွေကတော့ စစ်မတိုက်ရလို့ ထိခိုက်သေကျေမှု နည်းပါးလာတယ်။ အေးအေးချမ်းချမ်း သွားလာအိပ်စက် နားနေခွင့်တွေရတယ်။ အတွင်းပိုင်းမှာရှိတဲ့ မိမိတို့ မွန်အမျိုးသားပြည်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းတိုင်ပင်ခွင့် အချို့လုပ်ငန်းမှာ ပူးပေါင်းလုပ်ဆောင်ခွင့်တွေ ရခဲ့တယ်။

ပါတီအတွက် နစ်နာဆုံးရှုံးမှုတွေကတော့ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ တပ်ပေါင်းစု၊ တိုင်းရင်းသား တွေနဲ့ ဒီမိုကရေစီအင်အားစုတွေ စုပေါင်းထားတဲ့ တပ်ပေါင်းစုတွေ ပြန့်ကျဲအားနည်းသွားရတယ်။ ဒါဟာ ကျနော်တို့ပါတီကိုရော၊ တော်လှန်ရေးတရပ်လုံးကိုပါ ထိခိုက်သွားစေတယ်။ ပါတီခေါင်းဆောင်အချို့၊ ပါတီဝင်နဲ့ ရဲဘော်အချို့တွေထဲမှာ တော်လှန်ရေး စိတ်ဓာတ်တွေ ယိုယွင်းပျက်စီးသွားစေတယ်။ အပစ်အခတ်ရပ်စဲရေးကို မကြိုက်လို့ ပါတီနဲ့တပ်မတော်ကနေ ခွဲထွက်ပြီး သီးခြားအဖွဲ့ ထောင်သွားတာတွေလည်း ရှိခဲ့တယ်။

ပြည်သူတွေအတွက် အကျိုးဖြစ်စေတာတွေကတော့ မိမိနယ်မြေဒေသအတွင်းမှာ တိုက်ပွဲတွေမရှိတော့ အေးအေးချမ်းချမ်း နေထိုင်ခွင့်တွေ ရခဲ့တယ်။ ယခင်လို ပေါ်တာလိုက်ရတာမျိုး၊ သူပုန်အားပေးဆိုပြီး ညှဉ်းပန်းနှိပ်စက်ခံရတာမျိုးကနေ သက်သာ ကင်းလွတ်သွားရတယ်။ စီးပွားရေးလုပ်ငန်းတွေကို အေးအေးချမ်းချမ်း လုပ်ကိုင်ခွင့်ရလာတော့ စီးပွားရေးအခြေအနေ အထိုက်အလျောက် ကောင်းမွန်တိုးတက်လာတယ်။ အချို့နယ်မြေဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာပြီး သွားရေးလာရေး အဆင်ပြေလာတယ်။ ကျေးရွာတွေ တိုးတက်ဖွံ့ဖြိုးလာတယ်။

ပြည်သူတွေ နစ်နာရတာတွေက တပ်ရင်းတပ်ဖွဲ့တွေ တိုးချလာလို့ လယ်ယာခြံမြေတွေ ဧကများစွာ သိမ်းဆည်းခြင်း ခံလိုက်ရ တယ်။ တပ်စခန်းသစ် ဆောက်လုပ်ရာမှာ အဓမ္မလုပ်အားပေးရတာတွေရှိတယ်။ နအဖရဲ့ စစ်တပ်သြဇာ၊ အုပ်ချုပ်ရေး အဖွဲ့သြဇာ တွေ ပိုမိုလွှမ်းမိုးကျယ်ပြန့်လာလို့ ကိုယ်စိတ်ဆင်းရဲမှုတွေ ပိုမိုထိတွေ့ခံစားလာရတယ်။ ဒါတွေဟာ အပစ်အခတ်ရပ်စဲရေးရဲ့ သိသာတဲ့ ပါတီနဲ့ ပြည်သူအပေါ် သက်ရောက်မှုတွေပဲ။

မေး။  ။ ဒီ ၂၀၀၉ ခု ဇွန်လကုန်ပြီးရင် အပစ်အခတ်ရပ်စဲရေး သက်တမ်း ကုန်ဆုံးပြီလို့ နအဖက ထုတ်ပြောနေတဲ့အပေါ် မွန်ပြည်သစ်ပါတီအနေနဲ့ ဘယ်လိုနားလည်ထားပါသလဲ။

ဖြေ။  ။ အပစ်အခတ်ရပ်စဲရေးအပေါ် ကျနော်တို့ နားလည်ခံယူတာက မပြေလည်တဲ့ နိုင်ငံရေးပြဿနာတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းလာခဲ့တာ နှစ်တွေ ကြာခဲ့ပေမယ့် ပြေလည်စရာအကြောင်းမမြင်၊ ဆုံးရှုံးနစ်နာမှုတွေက များလွန်းလို့ နည်းနာအသစ်နဲ့ အပစ်ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ဖြစ်တယ်။ ကျနော်တို့က ဒါကိုလိုလားပြီ အပစ်ရပ်ခဲ့တယ်။ တွေ့ဆုံဆွေးနွေး နိုင်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို အကြောင်းအမျိုးမျိုးပြပြီး ရှောင်ခဲ့တယ်။ ဒါထက်ပိုပြီး အချို့အဖွဲ့အတွင်းရေးကိစ္စမှာ ဝင်စွက်တာ၊ စစ်အင်အားသုံးပြီး ချေမှုန်းခဲ့တာတွေ ရှိခဲ့တယ်။ အားနည်းလာတဲ့ အဖွဲ့တချို့ကိုလည်း လက်နက်သိမ်းတာတွေ လုပ်ခဲ့တယ်။ အခု နောက်ဆုံး အပစ်ရပ်အဖွဲ့အားလုံးကို တပ်အပ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြောလာနေတယ်။ ဒါတွေဟာ အပစ်အခတ်ရပ်စဲရေးရဲ့ ဦးတည်ချက်တွေကို သွေဖည်ပြီး တရားလက်လွတ်လုပ်တာပဲ။ ဒီလိုတရားမစောင့်ရင် သမိုင်းကြောင်း ညစ်ထေးပြီး နောင်ကို နိုင်ငံရေးအရ ဖြေရှင်းဖို့ အခွင့်အလမ်းတွေ ပိတ်သွားပါလိမ့်မယ်။ နအဖအနေနဲ့ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာတာ လုံးဝမလုပ်တော့ဘူး။ ယခင်က ပြောခဲ့ဖူးသလို နောက်တက်လာမယ့် ရွေးကောက်ခံအစိုးရနဲ့လည်း ဆွေးနွေးဖို့ မရှိတော့ဘူးလား။ အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းချင်ရင် ပွင့်ပွင့်လင်းလင်း ကြေညာချက်ထုတ်ပါလို့ ပြောချင်တယ်။

မေး။  ။ အပစ်ရပ်ကြတုန်းက သဘောတူညီချက်တွေထဲမှာ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ မပါဘူးလို့ မွန်ပြည်သစ်ပါတီက ပြောတာ ကြားရပါတယ်။ ဟုတ်ပါသလား။

ဖြေ။  ။ မှန်ပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ လုံးဝမပါခဲ့ဘူး။ ဒါက အခုမှပေါ်လာတဲ့ သူတို့ရဲ့အစီအစဉ်ပါ။

မေး။  ။ မွန်ပြည်သစ်ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ရေးကိစ္စကို ဘယ်လိုဆုံးဖြတ်မယ်။ ဘာကြောင့် ဒီလိုဆုံးဖြတ်ရတယ်ဆိုတာ သိပါရစေ။

ဖြေ။  ။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ပါတီအတွင်းမှာ ကြိုတင်ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ ရှိခဲ့ပါတယ်။ နိုင်ငံရေးပြဿနာတွေ မဖြေရှင်းနိုင်ခင်မှာ ပါတီကို ဖျက်တာ၊ တပ်ကို ဖျက်တာ၊ ပါတီနဲ့တပ်ကို ခွဲခြားပစ်တာ ဒါတွေကို လက်မခံ နိုင်ဘူး။ ဒါတွေရှိနေတော့ ရွေးကောက်ပွဲ ဝင်နိုင်ဖို့ တပ်ကို အပ်ရမယ်ဆိုတာ ပါတီဆုံးဖြတ်ချက်နဲ့ ငြိစွန်းနေတာက တကြောင်း၊
အမျိုးသားညီလာခံမှာ ကျနော်တို့ပါတီအပါအဝင် အပစ်ရပ် (၁၃) ဖွဲ့က တင်ပြတဲ့အချက်တွေကို တချက်မှ လက်မခံပယ်ချခဲ့လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ ကျနော်တို့ အပစ်ရပ်အဖွဲ့တွေရဲ့ ဆန္ဒသဘောထား လုံးဝ မပါတော့ပါဘူး။ ပြီးတော့ ကျနော်တို့ လက်မခံနိုင်တဲ့အချက်တွေ အများကြီး ပါဝင်နေတယ်။ ဒါတွေကို ပြန်လည်သုံးသပ်ပြုပြင်ခြင်း မရှိဘူးဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်မယ့် ရွေးကောက်ပွဲမှာ ကျနော်တို့ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

မေး။  ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ နအဖက မွန်ပြည်သစ်ပါတီကို ဖိအားပေးတာတွေ ရှိခဲ့ပါသလား။

ဖြေ။  ။ ကျနော်တို့ ခေါင်းဆောင်တွေကို ခေါ်ပြီး ဆွေးနွေးပြောပြခဲ့တာ ရှိပါတယ်။ အခြားအဖွဲ့တွေ လက်မခံသလို ကျနော်တို့ပါတီ လက်မခံနိုင်မှန်း သိလို့ နောက်ထပ် ခေါ်တွေ့ပြီး ပြည်သူ့စစ်အသွင်ကို လက်ခံမလား ဒါမှမဟုတ် ဘယ်လိုအဆင့်မျိုး ဖြစ်ချင်လဲဆိုပြီး မေးလာတာရှိပါတယ်။ ဒီလိုနှုတ်နဲ့ ခေါ်ပြောတာအပြင် အခြားသိသာတဲ့ဖိအားတွေ မတွေ့ရသေးပါဘူး။

မေး။  ။ တကယ်လို့ တခြားအပစ်ရပ်အဖွဲ့ကြီးတွေ ဥပမာ ဝတို့၊ ကေအိုင်အိုတို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းမယ်။ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် မွန်ပြည်သစ်ပါတီရဲ့ ရှေ့ဆက်ရပ်တည်ချက်အပေါ် တစုံတရာ သက်ရောက်မှု ရှိနိုင်ပါသလား။

ဖြေ။  ။ အပစ်ရပ်အဖွဲ့တွေရဲ့ ကံကြမ္မာတွေဟာ ဆက်စပ်နေပါတယ်။ ကိစ္စရပ်တခုခုမှာ အဖွဲ့အများစုက လက်ခံပြီး အနည်းစုက လက်မခံရင် နအဖက စစ်အင်အားနဲ့ တွန်းပြီးလုပ်သွားဖို့ ရှိလာမယ်လို့ မြင်ပါတယ်။ ဒါကြောင့် အပစ်ရပ်အဖွဲ့တွေ အချင်းချင်း ရပ်တည်မှု တူညီကြဖို့ လိုပါတယ်။

မေး။  ။ အခြေခံဥပဒေကို မထောက်ခံကြောင်း ကြေညာပြီးတဲ့နောက်မှာ နအဖက မွန်ပြည်သစ်ပါတီကို အကျပ်ကိုင်တာတို့၊ ခြိမ်းခြောက်တာတို့၊ သွားလာရေး ကန့်သတ်တာတို့ ရှိခဲ့ပါသလား။

ဖြေ။  ။ သိသာထင်ရှားတဲ့ အကြပ်ကိုင်မှု၊ ခြိမ်းခြောက်မှု၊ ကန့်သတ်မှုတွေ မတွေ့ရသေးပါဘူး။

မေး။  ။ မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတော့ အပစ်အခတ်ရပ်စဲရေး အလားအလာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။

ဖြေ။  ။ ကျနော်တို့ပါတီက ရွေးကောက်ပွဲ မဝင်တော့ဘူးရယ်လို့ အပြတ်မပြောရသေးပါဘူး။ ပါတီဆုံးဖြတ်ချက်နဲ့ ငြိစွန်းနေတဲ့ အပိုင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်လိုတဲ့အပိုင်းတွေကို ပြောင်းလဲပြင်ဆင်မှု မလုပ်ဘူးဆိုရင် ကျနော်တို့ပါတီအနေနဲ့ ပါဝင်လို့ရမှာ မဟုတ်ပါဘူး။ ဒီလိုရပ်တည်လို့ အပစ်အခတ် ရပ်စဲရေးကို ထိခိုက်မယ်၊ မထိခိုက်ဘူးဆိုတာ နအဖစစ်အစိုးရရဲ့ သဘောထားအပေါ်မှာ မူတည်ပါလိမ့်မယ်။

မေး။  ။ မွန်ပြည်သစ်ပါတီရဲ့ အဓိကတောင်းဆိုချက်က ဘာပါလဲ။ ဒီတောင်းဆိုချက်ကို စစ်အစိုးရဘက်က မလိုက်လျောဘူးဆိုရင် နောက်ထပ် ဘာဖြစ်မယ်ဆိုတာ သိပါရစေ။

ဖြေ။  ။ ကျနော်တို့ပါတီရဲ့ အဓိကတောင်းဆိုချက်ကတော့ ဖြစ်ရှိနေတဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ခေါ်ပေးဖို့ဖြစ်တယ်။ ဒါကို မလိုက်လျောရင် ကျနော်တို့နိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုမတည်ဆောက်နိုင်ဘူးဆိုရင် နိုင်ငံမှာ အေးချမ်းတည်ငြိမ်မှု မရနိုင်ဘူး။ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်မလာနိုင်ဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရှင်သန် ဖြစ်ပေါ်လာနိုင်မှာမဟုတ်ဘူးလို့ မြင်တယ်။

မေး။  ။ အခုလက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။  ။ လောလောဆယ် အရေးကြီးတဲ့ လမ်းဆုံလမ်းခွမှာ ရှိနေသေးတယ်။ အဆိုးဘက်ကို ဦးတည်သွားဖို့ အလားအလာ များနေတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လာမယ့်ရွေးကောက်ပွဲတွေဟာ ဖြစ်ရှိနေတဲ့ အခြေအနေဆိုးတွေကို ပြုပြင်ပေးနိုင်မယ့် အလားအလာမရှိဘူး။ တဖက်သတ်တွန်းပြီး လုပ်သွားရင် ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ ပြန်လည်ထတောက်လာဖို့ ရှိနေတယ်။ ဒီလိုထတောက်လာရင် ပြည်သူတွေ ပိုပြီး ဒုက္ခရောက်လိမ့်မယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ပြေးဒုက္ခသည်တွေ ပိုမိုများပြားလာလိမ့်မယ်လို့ မြင်တယ်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo