ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 
 

ဂန္ဒီခန်းမ ကြေညာစာတမ်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်မြို့)
နေ့စွဲ - ၁၃၅၂ ခုနှစ်၊ ဝါခေါင်လဆန်း (၇/၈) ရက်
၁၉၉၀ ပြည့်နှစ် ၊ ဇူလိုင်လ (၂၈/၂၉) ရက်

line

 

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြကုန်သော ကျွန်ုပ်တို့သည် မြန်မာသက္ကရာဇ် ၁၃၅၂ ခုနှစ်၊ ဝါခေါင်လဆန်း (၇) ရက်နှင့် (၈) ရက်၊ (၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ၂၈ ရက်နှင့် ၂၉ ရက်) နေ့များတွင် ရန်ကုန်မြို့၊ ကျောက်တံတားမျြိ့နယ်ရှိ ဂန္ဒီခန်းမဆောင်၌ စုဝေးရောက်ရှိကြပြီး တိုင်းရင်းသားပြည်သူတရပ်လုံး၏ အကျိုးငှာ နိုင်ငံတော်ရေးရာအဖြာဖြာနှင့် ပြည်သူ့လွှတ်တော်ခေါ်ဆိုဖွဲ့စည်းရေး ကိစ္စအဝဝတို့ကို ဆွေးနွေးညှိုနှိုင်းတိုင်ပင်ကြပြီးသကာလ၊ တညီတညွတ်တည်း ဆုံးဖြတ်ကာ "ဂန္ဒီခန်းမကြေညာစာတမ်း" ကို ထုတ်ပြန်ကြေညာလိုက်ကြပေသည်။

၂။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၉၉၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့၌ ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ(၄၈၅) နေရာအတွက် ကျင်းပပေးခဲ့ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အများပြည်သူလူထုကြီး၏ တခဲနက်သောထောက်ခံမှုတို့ဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာ (၃၉၂) နေရာတွင် အနိုင်ရရှိခဲ့ပေသည်။သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၏ ကျင့်ထုံးများအတိုင်း ဖွဲ့စည်းရမည့်အစိုးရတရပ်ကို ခိုင်မာစွာဖွဲ့စည်းနိုင်လောက်သည့် ထက်ဝက်ကျော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အင်အားထက် ကျော်လွန်ရုံမျှမက လွှတ်တော်ကိုယ်စားလှယ် အရေအတွက်၏ ရာခိုင်နှုန်း (၈၀) ကျော်အထိ လုံးလုံးလျားလျားအနိုင်ရရှိခဲ့သဖြင့် ပြည်သူ့လွှတ်တော်အား ဦးဆောင်နိုင်သောအနေအထားကို အခိုင်အမာရရှိထားပြီး ဖြစ်ပေသည်။

၃။ ယခုအခါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးခဲ့ပြီးဖြစ်ပေသည်။ အထွေထွေရွေးကောက်ပွဲကြီးပြီးလျှင် ပြည်သူ့လွှတ်တော်ကို မရှေးမနှောင်းကာလ၌ အမြန်ဆုံးဖွဲ့စည်းပေးရမည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ ပြည်သူလူထုကလည်း ဤအတိုင်းမျှော်လင့်နေကြပေသည်။ သို့သော် ရွေးကောက်ပွဲကြီးပြီး၍ ရက်ပေါင်း (၆၀) ကြာသည့်တိုင်အောင် ပြည်သူ့လွှတ်တော်ကို မဖွဲ့စည်းရဲသေးပေ။ရွေးကောက်ပွဲတွင်လုံးလုံးလျားလျား အများစုအနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည်နိုင်ငံတော်အတွက် လောလောဆယ်ဆယ်အကျိုးစီးပွါးနှင့် ရေရှည်အနာဂတ်ကာလ အကျိုးစီးပွါးနှင့် ရေရှည်အနာဂတ်ကာလ အကျိုးစီးပွါးများကို အခြေခံထား၍ တမျိုးသားလုံးပြန်လည်သင့်မြတ်ရေးစိတ်ဓါတ်ဖြင့် ပွင့်လင်းသော၊ ရိုးသားသော၊ စေတနာအပြည့်ပါသော နှစ်ဦးနှစ်ဖက်ညှိုနှိုင်း ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်သွားရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တစုံတရာအကြောင်းပြန်ကြားခြင်း မရှိခဲ့သေးပေ။

၎။ ရဟန်းရှင်လူပြည်သူများ၊ လယ်သမားများ၊ အလုပ်သမားများ၊ ကျောင်းသားလူငယ်များ၊ ဝန်ထမ်းများအပါအဝင်ဖြစ်သော တိုင်းရင်းသားပြည်သူလူထုကြီးသည် နိုင်ငံတော်တွင် ဒီမိုကရေစီအခွင့်အရေးများ ကန့်သတ်ထားမှုကြောင့်လက်ရှိမျက်မှောက်ပြုနေသော စားဝတ်နေရေးကြပ်တည်းမှု၊ စိုးရိမ်ထိန့်လန့်နေရမှုနှင့်သောကဗျာပါဒဘေးမှ ကင်းလွတ်ရေး တို့အတွက် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို အမြန်ဆုံးကူးပြောင်းရောက်ရှိရန် ဆန္ဒပြင်းပြလျှက်ရှိနေပေသည်။

၅။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် ယဉ်ကျေးသောလူ့အဖွဲ့အစည်းတိုင်း နိုင်ငံတိုင်းတွင် ပြည်သူ့လွှတ်တော်ကို အမြင့်ဆုံးသောမဏ္ဍိုင်ကြီးတရပ်အဖြစ် ပြည်သူတရပ်လုံးက အလေးအမြတ်ပြုထားခြင်းအားဖြင့် နိုင်ငံ့ဂုဏ်ကျက်သရေကို မြှင့်တင်ကြစမြဲဖြစ်ပေသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီပြည်သူ့လွှတ်တော်ကြီးတရပ်၊ ငွားငွားစွင့်စွင့်တည်ရှိနေမှသာ ကျက်သရေမင်္ဂလာထည်ဝါပြည့်စုံပြီး ကမ္ဘာ့အလယ်တွင် လေးစားထိုက်သော ဂုဏ်အင်္ဂါအပေါင်းဖြင့် တင့်တယ်ပေမည်ဟု ကျွန်ုပ်တို့က အလေးအနက် ယုံကြည်ကြပေမည်။

၆။ ယနေ့ပြည်သူတို့ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးစသော အကြပ်အတည်းများသည် ပြည်သူတို့က ယုံကြည်ကိုးစားစွာ ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ပြည်သူ့လွှတ်တော်ကသာ ဦးဆောင်၍ ပြည်သူ့ဆန္ဒနှင့်အညီ ဖြေရှင်းအပ်ပေသည်။သို့ဖြစ်ရာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အခန်း (၂) ပုဒ်မ (၃)၌ ပြဋ္ဌာန်းထားသော "လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် များဖြင့်ဖွဲ့စည်းရမည်" ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူ့လွှတ်တော်ကို အမြန်ဆုံးခေါ်ယူဖွဲ့စည်းပေးရန်အရေးတကြီး လိုအပ်ပေသည်။

၇။ ပြည်သူ့လွှတ်တော်ဖွဲ့စည်းရေးသည် တာဝန်ရှိကြကုန်သော သက်ဆိုင်ရာများအဖို့၊ တရားဥပဒေအရလည်းကောင်း၊ ကျင့်ဝတ်အရလည်းကောင်း၊ ပျက်ကွက်ခြင်းငှာ လုံးဝမဖြစ်နိုင်သည့်အပြင် ဖြစ်ပေါ်နေသော ပြည်သူတို့၏ဆန္ဒနှင့် တိုင်းပြည်၏အကျပ်အတည်းအခြေအနေအရပ်ရပ်တို့ကို ထောက်ထားပါလျှင်လည်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းရေးကို ပျက်ကွက်ခြင်းငှာ လုံးဝမသင့်လျော်၊ ပျက်ကွက်ခြင်းငှါ လုံးဝမထိုက်ဟုကျွန်ုပ်တို့ခံယူပေသည်။

၈။ သို့ဖြစ်ရကား ပြည်သူ့လွှတ်တော်အမြန်ဆုံး မဖြစ်မနေ မွေးဖွားသန့်စင်ပေးရတော့မည်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁) ပုဒ်မ ၂(က)တွင် "လွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်ကိုဆိုသည်" ဟုပြဋ္ဌာန်းထားချက်အရ၊ ယခုပေါ်ပေါက်လာမည့် ပြည်သူ့လွှတ်တော်သည် တိုင်းပြုပြည်ပြုလွှတ်တော် မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့အလေးအနက် ခံယူထားပေသည်။ ဥပဒေနှင့်အညီဖြစ်အပ်သောအာဏာ (သို့တည်းမဟုတ်) ဥပဒေနှင့်အညီဖြစ်အပ်သော အာဏာလွှဲပြောင်းရေးကိစ္စတို့နှင့် ပတ်သက်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အသင့်ရေးဆွဲထားရှိပြီးဖြစ်ကြောင်း သိရှိရ၍ ကျွန်ုပ်တို့က ကြိုဆိုပေသည်။ အဆိုပါ ၁၉၉၀-ပြည့်နှစ်၊ ယာယီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အခြားအဖွဲ့အစည်းအသီးသီးနှင့် ညှိုနှိုင်းဆွေးနွေးမည့် အစီအစဉ်ကိုလည်း ကျွန်ုပ်တို့က ထောက်ခံပေသည်။ ဤယာယီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားဖြင့် ဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေးကို ဖြစ်မြောက်အပ်သည် ကျွန်ုပ်တို့က တညီတညွတ်တည်း ယူဆကြပေသည်။

၉။ ထို့နောက် ဒိမိုကရေစီပြည်ထောင်စုသစ်အတွက် ရည်သန်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်ကို ကျွန်ုပ်တို့ပါဝင်သော ပြည်သူ့လွှတ်တော်ကသာလျှင် ရေးဆွဲပြဋ္ဌာန်းအတည်ပြူရန် တာဝန်ရှိပေသည်။ကျွန်ုပ်တို့ကလည်း ထိုတာဝန်ကို ထမ်းဆောင်သောအခါ၌ ကျယ်ပြန့်စွာညှိုနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ပေသည်။ သို့သော် ပြည်သူ့လွှတ်တော်၏ အာဏာအပ်နှင့်မှုမရှိဘဲ၊ ပြည်သူ့လွှတ်တော်၏အာဏာစက်မရှိဘဲ၊ ပြည်သူ့လွှတ်တော်၏ အဆောင်အယောင်အရှိန်အဝါမရှိဘဲ၊ ပြည်သူ့လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခြင်းမရှိဘဲ၊ ပြည်သူ့လွှတ်တော်မှအပ အခြားမည်သည့်နေရာ၊ မည်သည့်အချိန်၌မဆို၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲခွင့်လည်းမရှိ၊ ပြဋ္ဌာန်းအတည်ပြုခွင့်လည်းမရှိ၊ သို့မဟုတ် ရေးဆွဲကြမည်ဆိုလျှင်လည်း လွှတ်တော်အာဏာစက်မရှိသဖြင့် ဥပဒေအာဏာစက်လည်း ရှိလိမ့်မည်မဟုတ်ပေ။ ဤလမ်းကြောင်းအတိုင်း ဆောင်ရွက်မှုသည် သိက္ခာပင်ရှိလိမ့်မည်မဟုတ်ဟု ကျွန်ုပ်တို့က ယူဆသည်။ထို့ကြောင့် ပြည်သူလူထုကလိုလားတောင့်တနေသော ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး ထူထောင်ရန်
အတွက်ရည်သန်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပကဒေသစ်ရေးဆွဲရန် အလို့ငှါပင်၊ ပြည်သူလွှတ်တော်ကို စောလျင်စွာ ခေါ်ယူဖွဲ့စည်းရန် အထူးလိုအပ်ကြောင်းမှာ ထင်ရှားပေသည်။

၁၀။ ဤနေရာတွင် ဒီမိုကရေစီအစိုးရ မပေါ်ပေါက်မီကာလတလျှောက် မလွဲမသွေ၊ မရှောင်မလွှဲသာ ပေါ်ပေါက်မည့် ဒီမိုကရေစီအခွင့်အရေးပြဿနာကိုလည်း ချောမောစွာ ကိုင်တွယ်ဖြေရှင်းကြရလိမ့်မည်ဟု ကျွန်ုပ်တို့သဘောရရှိပေသည်။ ဒီမိုကရေစီအစိုးရပေါ်ထွန်းသည့်အခါကျမှသာ ဒီမိုကရေစီအခွင့်အရေးတွေရရှိစေ၊ ဤသို့မပေါ်ထွန်းမီကာလ၌မူ ဒီမိုကရေစီအခွင့်အရေးများ ဆိတ်သုဉ်းနေစေဆိုသည့် အဖြစ်မျိုးကား လုံးဝမလိုလားအပ်ပေ။ ဒီမိုကရေစီအစိုးရ မပေါ်ပေါက်မီကာလတွင် ဒီမိုကရေစီအခြေအနေများ ဖန်တီးပေးမှသာ ဒီမိုကရေစီ ပြည်ထောင်စုသစ်ထူထောင်ရေးအထိ၊ အေးချမ်းသာယာစွာ ငြင်သာသောအသွင်ဖြင့် အထောက်အကူပြုဖြစ် ထွန်းသွားလိမ့်မည်ဟု ကျွန်ုပ်တို့ကယုံကြည်ပေသည်။ ဒီမိုကရေစီအခြေအနေများရှိပါမှလည်း ပြည်သူလူထုသည် တထိတ်ထိတ်တလန့်လန့်နှင့် ကျီးလန့်စာစားနေရသော ဗျာပါဒဘေးတို့မှ ကင်းဝေးကြသည်ဖြစ်၍ ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ဒီမိုကရေစီပြည်ထောင်စုသစ်ထူထောင်ရေးကို တက်ညီလက်ညီ ကိုယ်စီအသိစိတ်ဖြင့် ဆောင်ရွက်သွားနိုင်ကြပါမည်။ ဤကာလများအတွင်း အများပြည်သူလူထုအတွက် အနိမ့်ဆုံးအားဖြင့် ခံစားထိုက်သော လွတ်လပ်စွာရေးသားပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာယူဆတင်ပြခွင့်တို့သည် စည်ပင်နေရပါမည်။ ပြည်သူ့လွှတ်တော်တွင်အစိုးရတရပ်ကို လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့စည်းနိုင်လောက်အောင် လွှတ်တော်ကိုယ်စားလှယ် လုံးလုံးလျားလျားအများစုရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်က အနိမ့်ဆုံးဒီမိုကရေစီအခွင့်အရေးတို့ကိုပင် ဆုံးရှုံးအနစ်နာခံနေရသည်ဆိုလျှင် ဖြစ်ရိုးဖြစ်စဉ် နိုင်ငံရေးသဘာဝယုတ္တိများနှင့် လုံးဝဖီလာဖြစ်နေပေမည်။ ပြည်သူလူထုအမြင်၊ ကမ္ဘာ့အမြင်တို့၌ အလွန်တရာမှ အကျည်းတန်နေမည်မှာ သေချာပေသည်။ ကျွန်ုပ်တို့သည် ပါတီစုံဒိမိုကရေစီထွေထွေ ရွေးကောက်ပွဲကြီးမှတဆင့်၊ မဲဆန္ဒရှင်ပြည်သူလူထု၏ဆန္ဒအဆုံးအဖြတ်ကို ရယူထားသူများဖြစ်၍ ထိုသဘာဝနှင့်လိုက်လျောညီထွေစွာ၊ သင့်တော်လျောက်ပတ်သော အဆင့်အတန်းကို ရရှိကြပေမည်။ ယုတ်ဆွအဆုံး ကျွန်ုပ်တို့အား အနှောင့်အယှက်၊ အဟန့်အတားခြိမ်းခြောက်မှုတို့မှ ကင်းဝေးစေရပါမည်။

၁၁။ လောလောဆယ်အခြေအနေအရ ကျွန်ုပ်တို့နိုင်ငံတွင် တပါတီစနစ်မှ ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းရမည်ဖြစ်သဖြင့် ဖြေရှင်းဆောင်ရွက်ကြရမည့် အကျပ်အတည်း၊ အခက်အခဲပြဿနာရှိမည်ကို ကျွန်ုပ်တို့ကောင်းစွာ သတိမူကြပေသည်။ ယင်းပြဿနာများ၊ အခက်အခဲအကျပ်အတည်းများကိုလည်း ဒီမိုကရေစီအခြေခံသဘောတရားများကို မထိပါးမပျက်ယွင်းစေဘဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားတည်ဆောက်ရေးအဖွဲ့တို့သည် တမျိုးသားလုံးပြန်လည်သင့်မြတ်ရေးဦးတည်ချက်ဖြင့် ရိုးသားမှု၊ ပွင့်လင်းမှု၊ အပြန်အလှန်လေးစားမှုတို့ကို အခြေခံကာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းအားဖြင့် မုချဖြေရှင်းနိုင်ရမည်ဟုကျွန်ုပ်တို့မျှော်လင့်ကြပေသည်။ ယနေ့ကမ္ဘာတွင် အလွန်ရှုပ်ထွေးနက်နဲသော လူသားအားလုံးကို ပျက်ပြုန်းစေမည့် အာဏုမြူစစ်ပွဲကြီးအန္တရာယ်ကိုပင် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းဖြင့် ယနေ့အချိန်အထိ ဟန့်တားထားနိုင်ခဲ့ပြီဖြစ်ရာ ကျွန်ုပ်တို့နိုင်ငံတွင် အချင်းချင်းဖြစ်ပွါးနေရသော ပြဿနာဟူသမျှသည်လည်း မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းဖြင့်ချောမောပြေလည်ရမည်ဟု ကျွန်ုပ်တို့ယုံကြည်ပေသည်။

ယင်းသို့တွေ့ဆုံရာတွင်…
(၁) ပွင့်လင်းရိုးသားမှုနှင့် အပြန်အလှန်လေးစားလိုက်နာမှု။

(၂) တမျိုးသားလုံးပြန်လည်သင့်မြတ်ရေးမှု။

(၃) ငြိမ်းချမ်းချောမွေ့သောနည်းကို အသုံးချရေးမှု။

(၄) အာဃာတကင်းစင်သော အထွေထွေသဟဇာတဖြစ်မှုကို ရှေးရှုရေးမှု၊ စသည်တို့ကို ကိုင်စွဲရမည်

ဟုလည်း ကျွန်ုပ်တို့ခံယူပေသည်။

၁၂။ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးရန် တောင်းဆိုပိုင်ခွင့်မှာ ပြည်သူလူထု၏ အခြေခံမူအကျဆုံးသော တရားဝင်ပိုင်ခွင့်တရပ် ဖြစ်ပေသည်။ ယင်းပိုင်ခွင့်ကိုတောင်းဆိုရန် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြကုန်သော ကျွန်ုပ်တို့၌ တာဝန်ရှိပေသည်။

၁၃။ သို့ဖြစ်ရကား ပြည်သူလူထုကြီး၏ဆန္ဒနှင့်အညီ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၂)ပုဒ်မ (၃) အရလည်းကောင်း၊ ဒီမိုကရေစီစနစ်၏အနှစ်သာရများအရလည်းကောင်း၊ နိုင်ငံတကာကျင့်ထုံးကျင့်နည်းများနှင့် လျော်ညီစွာလည်းကောင်း၊ ၁၉၉၀-ပြည့်နှစ် စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြကုန်သော ကျွန်ုပ်တို့က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အား ဤနေ့ ဤရက်မှစ၍ တညီတညွတ်တည်း တောင်းဆိုလိုက်ပြီဖြစ်ကြောင်း ကြေညာအပ်ပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
မဟတ္တမဂန္ဒီခန်းမဆောင်
ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo