ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်း ဒေသခံများက ပုံမှန်အပတ်စဉ် စုထားသည့်ငွေများကို ငွေစုအသင်းပိုင်ရှင်များက
ငွေပြန်မထုတ်ပေးနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်သွားသည်။
ငွေစုအသင်းဝင်များ နှစ်အတော်ကြာကတည်းက စုလာခဲ့သည့် ကျပ်သိန်း (၇,ဝဝဝ) ကျော်ကို ငွေစုအသင်း ဦးဆောင်ဖွဲ့စည်း ထားသည့် နမ့်ခမ်းမြို့၊ မိုခမ်းရပ်ကွက်ရှိ ဟင်္သာကိတ်မုန့်တိုက် ပိုင်ရှင် ဦးဉာဏ်ပို၊ ဒေါ်မြစိန်တို့က ထုတ်မပေးတော့ဘဲ မကြာသေးခင်ရက်ပိုင်းအတွင်းက ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု ငွေစုအသင်းဝင်တဦးက ပြောသည်။
အသင်းဝင် စုစုပေါင်း (၂၉၀) ကျော်ရှိပြီး ငွေစုသူများမှာလည်း တလ၊ တပတ် စသည့်အချိန်ကာလအလိုက် ငွေကျပ် သိန်းဂဏန်းမှ သောင်းဂဏန်းထိ အစားစားရှိကြကြောင်း၊ ထိုငွေများကို ဦးဆောင်ဖွဲ့စည်းသူတို့က ဒိုင်သဘောမျိုး ကိုင်တွယ်ခြင်းဖြစ်သည်ဟု အဆိုပါ ငွေစုအသင်းဝင်က ပြောသည်။
၎င်းက “ဥပမာ တလ (၁) သိန်း စုကြမယ့် လူ (၂၄) ယောက်အဖွဲ့ဆိုရင် ပထမလမှာ (၁) သိန်းစီထည့်လိုက်ရင် ငွေ (၂၄) သိန်း ဖြစ်သွားမယ်။ အဲဒါကို ဒိုင်ကိုင်တဲ့ ဒေါ်မြစိန်တို့က လှည့်သုံးလိုက်မယ်။ ဒါမှမဟုတ် ငွေတိုးချပေးလိုက်မယ်။ ကျန်တဲ့လတွေ ကျတော့ အသင်းဝင်တွေက (၁) သိန်းထည့်စရာမလိုတော့ဘူး။ (၇) သောင်းခွဲ၊ (၈) သောင်းတို့ပဲ ထည့်ရတော့မယ်။ ဒါပေမယ့် ကိုယ်မဲပေါက်လာရင် ငွေ (၂၄) သိန်းကို တလုံးတခဲတည်း ရမယ်” ဟု ပြောသည်။
ငွေစုအသင်းဝင်များ အကြောင်းအမျိုးမျိုးကြောင့် မဆုံနိုင်မှုအပေါ် အခြားသူတဦးဦးကပဲ မဲပေါက်၍ ထုတ်ယူသွားသလို လိမ်လည်ကာ အသင်းဝင်များထံက ပုံမှန်စုကြေးများ လက်ခံယူနေခဲ့ရာ သတ်မှတ်ကာလ ပြည့်ချိန်တွင် စုကြေးငွေများကို ထုတ်မပေးနိုင်တော့ဘဲ ငွေစုဒိုင်က ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“တိုက်က နှစ်လုံးရှိတယ်။ တလုံးဆို ဆောက်ထားတာ မကြာသေးဘူး။ ဘုရားဂေါပကလူကြီးလည်းဆိုတော့ အဲလို လိမ်မယ်လို့ မထင်ဘူး။ တလ (၁) သိန်းနဲ့ စုလာတာ (၂) နှစ်ကျော်ရှိလာပြီ။ သိန်း (၂ဝ) ကျော် ပါသွားတာပေါ့။ သိန်း (၁ဝဝ) ကျော် ပါတဲ့သူတွေလည်း အများကြီးပဲ။ အခု ရစရာရှိတဲ့သူတွေက သူရဲ့တိုက်ကို ရောင်းပြီး ငွေခွဲယူဖို့ သဘောတူထားကြတယ်။ မယကတို့၊ ရဲတို့ကတော့ ဘာမှ ဝင်မပြောပါဘူး။ ဒီကိစ္စကလည်း ကိုယ့်နားလည်မှုနဲ့ကိုယ် လုပ်ထားတာဆိုတော့ မတိုင်ကြဘူး။ နမ့်ခမ်းကပဲ အဲလို ဒိုင်ကိုင်တဲ့ တရုတ်သူဌေးတယောက်လည်း ငွေလိမ်ပြီး ထွက်ပြေးနေတယ်” ဟု ငွေစုအသင်းဝင်တဦးက ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာတို့တွင် ယခုကဲ့သို့ ပုဂ္ဂလိကငွေစုသည့် အသင်းအဖွဲ့များရှိနေပြီး စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ အရှုံးပေါ်သဖြင့် ငွေကြေး မလည်ပတ်နိုင်တော့ဘဲ ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေသည်ဟုလည်း မိုးညှင်းမြို့ခံတဦးက ပြောသည်။
၎င်းက “နေ့စဉ်ပုံမှန် ငွေဝင်တဲ့သူတွေက အဖွဲ့ဖွဲ့ပြီး စီးပွားရေးအခြေခိုင်တဲ့သူဆီမှာ ဒိုင်သဘောနဲ့စုတယ်။ အဲဒီကနေ စီးပွားရေးသမားတွေ၊ များသောအားဖြင့် ရွှေတွင်း၊ သစ်လုပ်ငန်းရှင် ဒါမှမဟုတ် မူးယစ်ဆေးဝါး လက်ကားသမားတွေကို အတိုးများများနဲ့ ငွေတိုးချပေးတယ်။ အဲဒီလုပ်ငန်းတွေက အမြဲတမ်း မြတ်နေတာမှမဟုတ်တာ။ ရွှေမထွက်ရင်ဘဲဖြစ်ဖြစ်၊ အဖမ်းခံရရင်ပဲဖြစ်ဖြစ် ငွေပြန်မပေးနိုင်ကြဘူး။ အဲဒီမှာ ဒိုင်က ထွက်ပြေးရတာပဲ။ စီးပွားတွေပျက်၊ ဘဝတွေပျက်နဲ့။ ဘယ်လိုမှ မထင်မှတ်ထားတဲ့ သူတွေကလည်း အဲလို ငွေလိမ်ပြီး ထွက်ပြေးတဲ့ပုံစံဖြစ်သွားတယ်” ဟု ပြောသည်။
အထူးသဖြင့် ဈေးသည်များသည် အဖွဲ့ဖွဲ့ပြီး မိမိစုနိုင်သော ငွေကြေးသတ်မှတ်၍ တဦးတယောက်ထံတွင် နေ့စဉ်ပုံမှန်စုကြပြီး သတ်မှတ်သည့်အချိန်တွင် အလှည့်ကျမဲနှိုက်ကာ မဲပေါက်သည့်သူက စုထားသောငွေများကို တလုံးတခဲတည်း ထုတ်ယူကာ အရင်းအနှီးပြုလုပ်နိုင်သဖြင့် ထိုသို့ငွေစုသည့်စနစ်များ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက မြန်မာနိုင်ငံနေရာ အတော်များများတွင် လုပ်ကိုင်လာခဲ့ကြသည်။
နောက်ပိုင်းတွင် ငွေကြေးအရင်းအနှီးရှိသူများက မိမိတို့၏စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံရန်လည်းကောင်း၊ အခြား စီးပွာရေးသမားများကို ငွေတိုးချရန်လည်းကောင်း ဒေသခံများ၏ စုငွေကို အသုံချနေကြပြီး ငွေစုအသင်းသားများကလည်း စထည့်စဉ်ကကဲ့သို့ ငွေအပြည့်ပေးသွင်းစရာမလိုဘဲ လျှော့ထည့်ခြင်းဖြင့် အမြတ်ရနေကြ၍ ယခုကဲ့သို့ ငွေစုဒိုင်များတွင် အပ်နှံစုဆောင်းမှုကို လုပ်ကိုင်လာကြခြင်းဖြစ်သည်။
|