ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ဘက်ပြောင်း ထိုင်းအမတ်တဦးကို
ဘတ်ငွေ (၅၅) သန်းပေးရန် ပွေထိုင်းပါတီ ဈေးခေါ်
ဂျွန်တင်အောင်/ ၁၁ ဒီဇင်ဘာ ၂၀၀၈ 
line

 

တပ်ဆင်၏ ပွေထိုင်းပါတီက အစိုးရသစ်ဖွဲ့နိုင်ရေးအတွက် အတိုက်အခံနှင့်ပေါင်းသွားသည့် အမတ်များကို မက်လုံးပေးရာ၌ ပြန်လာမည့် အမတ်တဦးကို ဘတ်ငွေ (၅၅) သန်းထိ ပေးမည်ဟု ဈေးခေါ်လိုက်သည့်အတွက် အာဏာလွန်ဆွဲပွဲ ပိုပြီး အကြိတ်အနယ် ဖြစ်လာသည်။

ပွေထိုင်းပါတီသို့ ပြန်လာမည်ဟု ကတိပေးသည့် အမတ်ကို ပါတီဝင်ခွင့်လျှောက်လွှာဖြည့်ပြီးသည်နှင့် ဘတ်ငွေသား (၅) သန်း ချက်ချင်းပေးမည်။ လျှောက်လွှာအတည်ပြုပြီး ပါတီဝင်ဖြစ်ခဲ့လျှင် ဘတ် (၂၅) သန်းနှင့် ကျန် (၂၅) သန်းကို ၀န်ကြီးချုပ်သစ်ရွေးပွဲတွင် မဲထည့်ပြီးသည်နှင့် အပြီးသတ်ပေးချေမည်ဟု ဈေးခေါ်ထားသည်။

အတိုက်အခံနှင့်ပေါင်းသွားသည့် နေ၀င်းချစ်ချော့အုပ်စုမှာ အမတ် (၃၇) ဦးရှိသည့်အတွက် ထိုအမတ်အားလုံး ပြန်လာမည်ဆိုလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း (၆၀) ကျော်နှင့်ညီမျှသည့် ဘတ်ငွေသန်း (၂) ထောင်ကျော် ပွေထိုင်းပါတီက သုံးရန်ပြင်ထားသည့် သဘောဖြစ်သည်။ လက်ရှိအမတ်များကိုလည်း ငွေနှင့်ထိန်းထားရမှာ ဖြစ်သည့်အတွက် အစိုးရတရပ်ဖွဲ့နိုင်ဖို့ တဦး ဘတ် (၅၅) သန်းနှုန်းဖြင့် အမတ် (၂၄၀) ကို ၀ယ်ရသည်ဟုတွက်လျှင် ပွေထိုင်းပါတီအနေဖြင့် ဒေါ်လာ သန်း (၄၀၀) အနည်းဆုံး သုံးရမည်ဖြစ်သည်။

အစိုးရတရပ်ဖွဲ့ရေးအတွက် အမတ်များကို ဒေါ်လာ သန်း (၄၀၀) ကျော် အလကားပေးနိုင်သည့် ထိုင်းနိုင်ငံရေးပါတီတခုသည် အစိုးရဖြစ်လာချိန်တွင် ဒေါ်လာသန်းထောင်နှင့်ချီပြီး မြတ်စွန်းနိုင်သည့် အလားအလာမရှိဘဲ ဒေါ်လာသန်းရာနှင့်ချီပြီး ရင်နှီးမြှုပ်နှံမည်မဟုတ်ဟု ဘန်ကောက် ပညာတတ်အချို့က ယူဆသည်။ လက်ရှိ ထိုင်းနိုင်ငံရေးသည် နိုင်ငံအကျိုးစီးပွား၊ ပြည်သူအကျိုးစီးပွား ဆောင်ရွက်မည့် အစိုးရမျိုးဖွဲ့ရေးထက် စီးပွားဖြစ်၊ သူဌေးဖြစ် လုပ်ငန်းကြီးတခုအတွက် စားကျက်လုသည့် ကိန်းဖြစ်နေသည်။

ထို့ကြောင့်လည်း တပ်ဆင်၏ ပါတီအဆက်ဆက်ကို အဂတိလိုက်စားမှုကြီးမားသည့်အစိုးရဟု တပ်ဆင်အစိုးရ ဆန့်ကျင်သူများက စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ပွေထိုင်းပါတီအနေဖြင့် အစိုးရဖွဲ့နိုင်လောက်သည့် မဲအရေအတွက်မရလျှင် လွှတ်တော်ဖျက်သိမ်းရေးကို အဆိုပြုနိုင်သည်ဟု အဖျက်ခံထားရသည့် People Power ပါတီအမတ်တဦးက ပြောသည်။ သို့သော် လွှတ်တော် အထူးအစည်းအဝေးခေါ်ထားသည့် ကာလအတွင်း လက်ရှိ အိမ်စောင့်အစိုးရ၀န်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းခွင့်မရှိဟု လွှတ်တော်ဥက္ကဋ္ဌ ချိုင်းချစ်ချော့က ထောက်ပြသည်။

လောလောဆယ် ထိုင်းနိုင်ငံရေး အခြေအနေမှာ အတိုက်အခံ ဒီမိုကရက်ပါတီကလည်း အစိုးရဖွဲ့နိုင်ရေး လုံးပန်းနေသည်။ ပွေထိုင်းပါတီကလည်း ဒီမိုကရက်အစိုးရမဖွဲ့နိုင်အောင် အတိုက်အခံဘက် ကူးသွားသည့် အမတ်များကို ငွေနဲ့ပေါက်ဝယ်ရန်ကြိုးစားနေသည်။ တပ်ဆင်ကလည်း ဒီမိုကရက်များ အစိုးရမဖွဲ့နိုင်အောင် ပြည်ပကနေ နည်းမျိုးစုံဖြင့်ကိုင်လှုပ်ရန်ကြိုးပမ်းလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။

မည်သို့ဆိုစေ ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲကို လာမည့် သီတင်းပတ်အတွင်း လွှတ်တော်မှာ ကျင်းပရန် မှန်းထားသည်။ တပ်ဆင်ကျောထောက်နောက်ခံပေးထားသည့် ပွေထိုင်းပါတီကလည်း အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရဖွဲ့ရန် လိုလားနေသဖြင့် ထိုင်းအာဏာလွန်ဆွဲပွဲမှာ အကြိတ်အနယ် ဖြစ်နေသည်။

ထိုင်းဥပဒေအရ ဒီဇင်ဘာ (၃၀) ရက်နောက်ဆုံးထားပြီး ၀န်ကြီးချုပ်သစ် ရွေးချယ်ရမည် ဖြစ်သည်။ တချိန်က ၀န်ကြီးချုပ်ဟောင်း တပ်ဆင်အပေါ် သစ္စာခံခဲ့သည့် အမတ် (၃၇) ဦးကိုင်ထားသည့် နေ၀င်းချစ်ချော့အုပ်စုက ဒီမိုကရက် အတိုက်အခံဘက်ကို ဘက်ပြောင်းလိုက်သည့်အတွက် ထိုင်းနိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားသည်။ တပ်ဆင်ကို သစ္စာဖောက်ခဲ့သူ နေ၀င်းချစ်ချော့အနေဖြင့် အတိုက်အခံနှင့် မည်မျှကြာကြာ လက်တွဲမလဲဆိုသည်ကို ထိုင်းနိုင်ငံရေးလောကမှာ စိတ်ဝင်စားနေကြသည်။

တပ်ဆင်ကြိုးကိုင်သည့် ပွေထိုင်းပါတီကလည်း အစိုးရဖွဲ့ရန် အလားအလာနည်းလာသည့်အတွက် တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး ပြဿနာများ ဖြေရှင်းရေးအတွက် အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရဖွဲ့မှ ဖြစ်မည်ဆိုသည့် အဆိုကို ဇောင်းပေးလာပြန်သည်။ ၀န်ကြီးချုပ်ကို ပါတီငယ်လေးများမှ တင်မြှောက်မည်ဟုဆို၏။ အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရကို နှစ်အနည်းငယ် အုပ်ချုပ်စေခြင်းဖြင့် တိုင်းပြည်တွင်း ဆူပူအုံကြွများကို ဟန့်တားနိုင်မည်ဖြစ်ပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် အချိန်ပေးနိုင်မည်ဖြစ်သည်ဟု ယူဆခြင်း ဖြစ်သည်။

သို့သော် ဒီမိုကရက်အတိုက်အခံဘက်က အစိုးရမဖွဲ့နိုင်သည့်အခြေအနေမျိုး သို့မဟုတ် ဘက်ပြောင်းသွားသည့် အမတ်များကို တပ်ဆင်က ပြန်ခေါ်ပြီး အစိုးရကို ပြန်ထိန်းနိုင်သည့် အခြေအနေမျိုးမှသာ အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရပေါ်ပေါက်နိုင်ရန် အခွင့်အလမ်းများသည်ဟု အကဲခတ်အချို့က ယူဆသည်။ တက်လာသည့် ၀န်ကြီးချုပ်သည် နောက်ထပ်ရုပ်သေးဝန်ကြီးချုပ်တဦးဆိုလျှင်လည်း လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်ဦးမှာဖြစ်ပြီး ဒီမိုကရက်က အစိုးရဖွဲ့နိုင်လျှင်လည်း အာဘီဆစ် ၀န်ကြီးချုပ်ဖြစ်မလာအောင် တပ်ဆင်လိုလားသူများက အဟန့်အတား လုပ်ဖို့များသည်ဟု ယူဆကြသည်။

ဝန်ကြီးချုပ်မည်သူတက်တက် ဆူဝမ်နဖုန်လေဆိပ်ကို ပိတ်လိုက်ရသည့်အကျိုးဆက်အဖြစ် ယိုင်သွားသည့် ထိုင်းစီးပွားရေးကို ကိုင်တွယ်ရမည့်တာဝန်က စိန်ခေါ်နေသည်။ လာမည့်နှစ်တွင် အလုပ်လက်မဲ့ (၁,၀၀၀,၀၀၀) နီးပါးရှိမည်ဟု မှန်းထားသည်။

အထူးသဖြင့် ခရီးသွားလုပ်ငန်းအထိနာသွားသည့်အတွက် နိုင်ငံခြားသား ခရီးသွားများကို အားထားနေရသည့် ဘန်ကောက်မြို့မှ လုပ်ငန်းများ သိသိသာသာ ထိုးကျသွားသည်။ ဘန်ကောက်မြို့တွင်းမှ စားသောက်ဆိုင်များနှင့် အခြားလုပ်ငန်းအများစုက ဧည့်သည်အလာကျဲသွားသည့်အတွက် ပီအေဒီခေါင်းဆောင်ပိုင်းကို အပြစ်တင်ကြ သည်။ ဘန်ကောက် ပရာတူနန်း ပလက်ဖောင်းဈေးတန်း အချို့နေရာများတွင် ပီအေဒီခေါင်းဆောင် ဆွန်ထိ အမည်ကို ပလက်ဖောင်းပေါ်တွင် မကျေမနပ် ရေးထားသည်ထိ တွေ့ရသည်။

ထိုအတောအတွင်း ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီက အစိုးရဖွဲ့နိုင်မည့် အမတ်အရေအတွက် ရပြီဖြစ်သည့်အတွက် လွှတ်တော်အထူးအစည်းအဝေးခေါ်ရန် တောင်းဆိုထားသဖြင့် ထိုင်းနိုင်ငံရေးလောကတွင် အာဏာလွန်ဆွဲပွဲ ပြင်းထန်လာသည်။

ဒီမိုကရက်ပါတီသာ လွှတ်တော်တွင် မျှော်မှန်းသည့်အတိုင်း မဲအရေအတွက်အပြည့်ရလျှင် ဒီမိုကရက်ပါတီ ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဇာဇီဝ ၀န်ကြီးချုပ်ဖြစ်လာနိုင်သည်။ အမတ်အရေအတွက် (၃၇) ဦး ကိုင်ထားပြီး မကြာခင်က အဖျက်ခံရသည့် ၀န်ကြီးချူပ်ဟောင်းဆွန်ချိုင်း၏ People Power ပါတီထောက်ခံမှုမှ ခွဲထွက်သည့် နေ၀င်းချစ်ချော့အုပ်စုက ဒီမိုကရက်ပါတီကို ဘက်ပြောင်းလိုက်သည့်အတွက် အစိုးရဖွဲ့နိုင်ရန် အလားအလာ များလာခြင်းဖြစ်သည်။

သို့သော် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် People Power ပါတီ အဖျက်မခံရမီကပင် ထိုပါတီဝင် အစိုးရအဖွဲ့ထဲမှ အမတ်အချို့က ပွေထိုင်းပါတီထောင်ပြီးဖြစ်သည်။ တချိန်က တပ်ဆင်၏ ထိုင်းရပ်ထိုင်းပါတီ အဖျက်ခံရပြီးမကြာခင် People Power ပါတီကို ပြည်ပရောက်တပ်ဆင်၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ပြီး စမတ် ၀န်ကြီးချုပ်ဖြစ်လာသည်။ ထို့ကြောင့် စမတ်သည် တပ်ဆင်၏ ရုပ်သေးဝန်ကြီးချုပ်ဟု အစွပ်စွဲခံရခြင်းဖြစ်သည်။ စမတ်ပြုတ်ပြီးမကြာခင် တပ်ဆင်၏ ယောက်ဖ ဆွန်ချိုင်း ၀န်ကြီးချုပ်ဖြစ်လာသည်။ ဆွန်ချိုင်းပြုတ်ပြီးနောက်ပေါ်ပေါက်လာသည့် ပွေထိုင်းပါတီသည်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပါတီဖြစ်လာပြန်သည်။

ဒီမိုကရက်ပါတီက အစိုးရဖွဲ့ရန် ခြေလှမ်းပြင်နေသော်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပွေထိုင်းပါတီက အတိုက်အခံဘက် ဘက်ပြောင်းသွားသည့်အမတ်များ ပြန်လာရန် နည်းမျိုးစုံဖြင့် ဖိအားပေးနေသည်။ အချို့ ထိုင်းအရှေ့မြောက် မဲဆန္ဒနယ်များ၌ ယင်းသို့ ဘက်ပြောင်းသည့် အမတ်များ၏ နေအိမ်ကို ပိတ်ဆို့ရန် ရွာသားများအား ခိုင်းစေထားသည်ဟုလည်း အမတ်အချို့က ပြောသည်။

တပ်ဆင်နှင့် တရားဝင် ကွာရှင်းပြီးဆိုသည့် တပ်ဆင်၏ ဇနီးဟောင်း ပွန်ဂျမင်သည် မကြာခင်က ဘန်ကောက်ပြန်ရောက်လာပြီးနောက် ပွေထိုင်းပါတီကို ကြိုးကိုင်နေသည်ဟု အစွပ်စွဲခံရသည်။ အထူးသဖြင့် ဒီမိုကရက်ပါတီကို ဘက်ပြောင်းသွားသည့် နေ၀င်းချစ်ချော့အုပ်စုဝင် အမတ်များကို ပြန်ခေါ်ရန် စည်းရုံးသော်လည်း မအောင်မြင်ဟု ထိုင်းမီဒီယာများက ရေးသည်။

အတိုက်အခံ ဒီမိုကရက်ပါတီနှင့် ပွေထိုင်းပါတီတို့ အမတ်များကို အလုအယက် ငွေဖြင့် ဆွဲဆောင်နေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ အမတ်ဈေးကောင်းလာသည်ဟု ဆောင်းပါးရှင် ဆော့ပွန် အွန်ကာရာက The Nation သတင်းစာတွင် ရေးသည်။ ဒီမိုကရက်ပါတီသာ အစိုးရဖွဲ့ခဲ့လျှင် တပ်ဆင်အနေဖြင့် နောက်ထပ် ထောင်ဒဏ်များ ရင်ဆိုင်ရနိုင်သည့်အတွက် တပ်ဆင်ဘက်ကလည်း ပွေထိုင်းပါတီ အစိုးရဖွဲ့နိုင်ရန် အလျော့ပေးမည်မဟုတ်။

ယခုရက်ပိုင်းအတွင်း အမတ်တဦးကို မည်မျှငွေပုံ ပေးရပေးရ အတိုက်အခံပါတီနှင့် ပွေထိုင်းတို့ အပြန်အလှန် အာဏာလွန်ဆွဲနေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ ငွေသာအဓိကဟု ဆော့ပွန် အွန်ကာရာက ထောက်ပြသည်။ ထိုင်းနိုင်ငံရေး အကျပ်အတည်းတွေ့လေ အမတ်များ ငွေရှာ၍ကောင်းလေဟုလည်း ဝေဖန်ထားသည်။ မည်သည့်ပါတီ အစိုးရဖွဲ့ဖြစ်မည်ဆိုသည့် နောက်ဆုံးအဖြေအပေါ် ငွေက လွှမ်းမိုးထားဆဲ ဖြစ်သည်ဟုလည်း ရေးထားသည်။

ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီအနေဖြင့် လောလောဆယ် အမတ်နေရာ (၂၄၂) နေရာ အပိုင်ရထားသည်ဟု ဆိုသော်လည်း ၀န်ကြီးချုပ်နေရာအတွက် လွှတ်တော်ထဲမဲခွဲချိန်တွင် မဲအရေအတွက် ထိုမျှရမရဆိုသည်မှာ မသေချာဟု အကဲခတ်များက တွက်သည်။

 

pakis
 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook