|
တွေ့ဆုံဆွေးနွေးရေးကသာ ပြဿနာဖြေရှင်းနိုင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရသေး၍ နယ်ခြားစောင့်တပ် လက်မခံနိုင်ကြောင်း ယနေ့ကျရောက်သည့် (၄၉) နှစ်မြောက် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ တော်လှန်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ကေအိုင်အိုတော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့တွင် ယနေ့နံနက်၌ ကျင်းပခဲ့ရာ ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်ဟရား ပေးပို့ခဲ့သည့် မိန့်ခွန်းကို အခမ်းနားအတွင်း ဖတ်ကြားခဲ့သည်ဟု ကေအိုင်အိုတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “အဲဒီမိန့်ခွန်းကို ကချင်ဘာသာနဲ့ ဖတ်ပြတယ်။ အဓိကတော့ ပင်လုံစာချုပ်မှာ ပါတဲ့အတိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးကို စခဲ့တာပေါ့။ အဲဒီလို လက်နက်ကိုင်ပြီး အစိုးရကို တော်လှန်နေပေမယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်း လမ်းဖွင့်ထားတယ်ပေါ့။ တွေ့ဆုံဆွေးနွေးရေးကသာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ လက်မခံသေးတာဟာ အဲဒီတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရလို့ဖြစ်တယ်။ ဒါကြောင့် လက်မခံသေးတာပေါ့” ဟု ပြောသည်။
တော်လှန်ရေးနေ့ အခမ်းအနားများကို ကေအိုင်အိုထိန်းချုပ်ရာ ဒေသအသီးသီးတွင် တပြိုင်နက် ကျင်းပနေပြီး မေခနှင့် မလိခ မြစ်နှစ်သွယ်အကြား အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကေအိုင်အို တပ်မဟာ (၁) ဌာနချုပ်ရှိရာ အင်ဂွန်းလကျေးရွာတွင် ကေအိုင်အိုဗဟိုမှ ခေါင်းဆောင်များတက်ရောက်ကာ စစ်ရေးပြအခမ်းအနားများ အဓိက ပြုလုပ်ကြောင်း အဆိုပါ ကေအိုင်အို တပ်ဖွဲ့ဝင်က ပြောသည်၊
၎င်းက “လိုင်ဇာမှာကျတော့ မနက်က ကေအိုင်အိုအဖွဲ့ဌာနဆိုင်ရာ အရာရှိတွေ၊ ဗိုလ်လောင်းသင်တန်း တက်နေတဲ့သူတွေ၊ ဒီက ကေအိုင်အေရဲဘော်တွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ၊ လိုင်ဇာဒေသခံတွေ စုစုပေါင်း လူ (၁,ဝဝဝ) လောက်နဲ့ လုပ်ခဲ့တယ်။ ကချင်ရိုးရာ ထမင်းထုတ်ဝေတယ်၊ ညပိုင်းတော့ စတိတ်ရှိုးလုပ်မယ်” ဟု ပြောသည်။
ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖက ယမန်နှစ်ကတည်းက ဖိအားပေး ပြောဆိုနေပြီး ကေအိုင်အို အဖွဲ့ကမူ လက်မခံသကဲ့သို့ နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးမှုမှာလည်း ပြီးခဲ့သည့်လ (၂၉) ရက်က နောက်ဆုံးတွေ့ဆုံမှုနှင့် ဆိုလျှင် (၁၁) ကြိမ်ရှိပြီဖြစ်သည်။ |