ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

ဖမ်းမိ စိတ်ကြွဆေးများ နအဖ လက်ဝေခံများထံမှဖြစ်ဟု
ဒေသတွင်း မူးယစ်လေ့လာသူတို့ ပြောကြား

ဝီရ/ ၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

ဘန်ကောက်မြို့နှင့် စမွတ်ပရာခန်ခရိုင်အတွင်း သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေး (၃.၆၆) သန်းသည် ထိုင်းအာဏာပိုင်တို့ စွပ်စွဲထားသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့မှမဟုတ်ဘဲ မြန်မာစစ်အစိုးရ အုပ်ချုပ်သည့် နယ်မြေအတွင်းရှိ ပြည်သူ့စစ်နှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့တို့မှ ပစ္စည်းများဖြစ်ကြောင်း ဒေသတွင်း မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်သူများက ပြောကြားသည်။

ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ခံ ဦးခွန်ဆိုင်းက “ပြီးခဲ့သည့်အပတ်အတွင်း ထိုင်းက ဖမ်းမိတဲ့ စိတ်ကြွဆေးတွေဟာ ဝတပ်ဖွဲ့တို့လို တိုင်းရင်းသားအဖွဲ့ကြီးတွေဆီက လာတာမဟုတ်ဘူး။ နအဖစစ်အစိုးရက မြေတောင်မြှောက် ပေးထားတဲ့ တသီးပုဂ္ဂလနဲ့ ပြည်သူ့စစ်အဖွဲ့တွေက လာတာဖြစ်တယ်။ ဒါပေမယ့် အဖမ်းခံရရင် ဝအဖွဲ့ကပါလို့ ပြောလိုက်ရင် ဘာမှ ထပ်မမေးကြတော့လို့ နယ်စပ်ကနေ လာသမျှ မူးယစ်ဆေးဝါးတွေက ဝအဖွဲ့ကလို ဖြစ်နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဖေဖော်ဝါရီ (၃) ရက် ဘန်ကောက်ပို့စ်သတင်းစာတွင် ထိုင်းနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချနေသည့် မူးယစ်ဆေးဝါး အများစု အတွက် ဝတပ်ဖွဲ့မှ တပ်မှူးတဦးဖြစ်သူ ဝေရှောက်ခန်သည် အဓိက တာဝန်ရှိသည်ဟု ထိုင်းအာဏာပိုင်တို့၏ စွပ်စွဲချက်အပေါ် ဦးခွန်ဆိုင်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့သည် ၎င်းတို့အတွက် မျှော်လင့်ချက်မဲ့လာနေသည့် မြန်မာနိုင်ငံ အခြေအနေကြောင့် လက်နက်ဝယ်ယူဖြည့်ဆည်းနိုင်ရန် မူးယစ်ဆေးဝါးထုတ်လုပ်မှုကို အရှိန်မြှင့် လုပ်ကိုင်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က အစီရင်ခံခဲ့သည့်အတိုင်း ထိုင်းအာဏာပိုင်တို့ကလည်း ပြောကြားခဲ့သည်။

ပြည်တွင်းရှိ မူးယစ်ဆေးဝါး လေ့လာနေသူများ၏အဆိုအရ ဘိန်းစိုက်ပျိုးမှု အပါအဝင် စိတ်ကြွဆေး ထုတ်လုပ်မှု များပြားလာနေသည့် ဒေသများသည် မြန်မာစစ်အစိုးရ အုပ်ချုပ်နယ်မြေ ရှမ်းပြည် တောင်ဘက်စွန်းပိုင်းနှင့် မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်ဒေသတဝိုက်ရှိ နအဖလက်ဝေခံ ပြည်သူ့စစ်အဖွဲ့တည်ရှိရာ ဒေသများတွင်ဖြစ်ပြီး မြန်မာစစ်အစိုးရကလည်း အဆိုပါ လုပ်ငန်းဖြင့် ဆက်ကြေးကောက် ဝင်ငွေရှာနေကြကြောင်း သိရသည်။

တာချီလိတ်မြို့မှ မူးယစ်လေ့လာနေသူ လူငယ်တဦးက “မိုင်းတုံ၊ မိုင်းဆတ်နဲ့ တာချီလိတ်နယ်ထဲက လားဟူပြည်သူ့စစ် အဖွဲ့ရယ်၊ နမ့်ပန်က ရီရှင်းတို့ရယ်၊ ဟောင်လွတ်က နော်ခင်းတို့အုပ်စုရယ်၊ ဟိုမိန်းက မဟာဂျာတို့အုပ်စုရယ်၊ နမ့်စန်က လင်းဆိုင်တို့အဖွဲ့ရယ်၊ မုန်းထော်က ဆံမွန်းတို့အဖွဲ့တွေက မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတယ်။ အဲဒီဒေသမှာ နအဖတပ်ရင်း (၅၅၃) နဲ့ (၅၅၄) တို့ကလည်း ရှိနေတယ်လေ။ နအဖအရာရှိအဆက်ဆက်က ဆက်ကြေးကောက်ပြီး သူတို့ကို ဒီအတိုင်း လွှတ်ထားကြတာ” ဟု ပြောကြားသည်။

ဦးခွန်ဆိုင်းက “ဟိုတုန်းကဆိုရင် ထိုင်းမှာ မူးယစ်ဆေးနဲ့ဖမ်းခံရရင် ခွန်ဆာအဖွဲ့ကပါလို့ ပြောလိုက်ရင် ပြီးတယ်။ ဆိုလိုတာက ညှိပြီး ပြန်လွတ်နိုင်တယ်။ အဲဒီအချိန်ကတည်းက နာမည်ကြီးလာတဲ့ ခွန်ဆာလိုပဲ ဝတပ်ဖွဲ့ကလည်း အဲဒီနာမည်ခံရတဲ့ ဝဋ်ကြွေးကို အခုထိ မလွတ်နိုင်သေးဘူး” ဟု ရှင်းပြသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် Office of the Narcotics Control Board (ONCB) မှ ဒါရိုက်တာ Pornthep Eamprapai ကလည်း အဆိုပါရောင်းဝယ်ဖောက်ကားမှုမှာ မြန်မာစစ်အစိုးရ လက်ဝေခံ လူမျိုးစုငယ်များလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ထိုလူမျိုးစုငယ်တို့သည် မြန်မာစစ်အစိုးရ၏ တပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးမှ ကျေးရွာ၊ လမ်းပိုင်း လုံခြုံရေးအထိ အားကိုးနေရကြောင်း မူးယစ်လေ့လာသူ အဆိုပါလူငယ်က ဆိုသည်။

“နအဖက ဒါကို သုံးပြီးတော့ နယ်ခြားစောင့်တပ် လက်မခံတဲ့ အင်အားကြီးအဖွဲ့တွေကို မူးယစ်ဆေးဝါးအမှုနဲ့ အချိန်မရွေး ဝင်တိုက်နိုင်အောင် စီမံထားတာ။ အဲဒီပြည်သူ့စစ်အဖွဲ့တွေ ဒီလိုလုပ်နိုင်ဖို့ကလည်း သူတို့ နအဖကိုယ်တိုင်က အားပေးနေတယ်။ အခြားအဖွဲ့ကြီးတွေကို ဖြိုနိုင်ဖို့ ဒါကို အားကိုးနေရတယ်။ ဒီအချိန်မှာ မူးယစ်ရာဇာဆိုတာ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ထဲက မဟုတ်တော့ဘူး။ နအဖကိုယ်တိုင်ပဲဆိုတာ ထုတ်ပြောဖို့ အချိန်တန်ပြီ” ဟု ဦးခွန်ဆိုင်းက ပြောကြားသည်။

မူးယစ်ဆေးဝါး ဝင်နေသည့် ချင်းရိုင်း၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်ခရိုင် နယ်စပ်နှင့် ထိစပ်နေသည့် တဖက်နိုင်ငံရှိ ရှမ်းပြည်နယ်တွင် ဝတပ်ဖွဲ့၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ နအဖစစ်တပ်တို့အပြင် နအဖအုပ်ချုပ်နယ်မြေအတွင်း ပြည်သူ့စစ် တပ်ဖွဲ့များလည်း တည်ရှိသည်။

မယ်ဆိုင်နယ်စပ်မှ ပအိုဝ်းလူငယ်တဦးက “မြန်မာဘက်ကမ်းမှာဆိုရင် အရင်တုန်းက ပစ္စည်းသယ်သွားရင် ဝတပ်ဖွဲ့ကလို့ ပြောလိုက်ရင် ဘယ်သူ့မှ မစစ်တော့ဘူး။ အခုတော့ ပြည်သူ့စစ်အဖွဲ့ကပါလို့ ပြောမှ အစစ်မခံရတာ။ ထိုင်းဘက်ကို ရောက်လာရင် ဝတပ်က ပစ္စည်းတွေလို့ ပြောလိုက်ရင် နယ်စပ်ဂိတ်ကို အလွယ်တကူ ဖြတ်လို့ရတယ်။ ဒါကြောင့် အခြားအဖွဲ့တွေကလည်း ဝအဖွဲ့ကပါလို့ နာမည်သုံးပြီး ပစ္စည်းတွေ ပို့နေကြတယ်” ဟု ပြောကြားသည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo