ကြေညာချက်အမှတ် ၇/၂၀၀၈ ဖြင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန် ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုမှုအပေါ် NLD အပါအ၀င် ပြည်တွင်းပြည်ပ အတိုက် အခံများက ကန့်ကွက်ရှုတ်ချလိုက်သည်။
ယမန်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာချက်တွင် ယခုလ (၁၀) ရက်နှင့် (၂၄) ရက်တို့တွင် ကျင်းပခဲ့သော ပြည်သူ့သဘောထား တောင်းခံသည့် ဆန္ဒခံယူပွဲများတွင် မဲပေးခွင့် ရှိသူများထဲမှ ၉၈.၁၂ ရာခိုင်နှုန်း မဲပေးခဲ့ကြပြီး ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံသဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက် ကြောင်းပါရှိသည်။
NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ဒီဆန္ဒခံယူပွဲ ဥပဒေကိုက တရားဝင်မှု မရှိပါဘူး၊ ဒါကြောင့် ဒီဆန္ဒခံယူပွဲ မတိုင်ခင်ကတည်းက ကျနော်တို့ ကန့်ကွက်ပါတယ်၊ အသိအမှတ်
မပြုနိုင်ဘူး။ ဆန္ဒခံယူပွဲကလည်း ပြည်သူ့ဆန္ဒမပါတဲ့အတွက် ဒီအတည်ပြုတာဟာ တရားဝင်မှု မရှိဘူးလို့ ကြိုတင်ပြီးတော့လည်း ပြောထားပါတယ်” ဟု ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း
“အဓိကကတော့ နိုင်ငံတော်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲက ကျင်းပပြီးသား၊ ရွေးချယ်ခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ရှိရဲ့သားနဲ့ ဒါကို အကောင်အထည် မဖော် အသိအမှတ် မပြုဘဲ နောက်ထပ် ဆက်လုပ်သမျှကို အသိအမှတ်လည်းမပြုနိုင်၊ တရားလည်းမ၀င်ဘူးဆိုတာ အန်ကယ် ထပ်ပြောချင်ပါတယ်” ဟု ပြောသည်။
ထိုင်း- မြန်မာနယ်စပ်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) နှင့် တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) (ENC) တို့မှလည်း ကြေညာချက် များထုတ်ပြန်ပြီး ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
NCUB ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိဏ်းက “ဖွဲ့စည်းပုံ ရေးဆွဲဖို့ ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံ ကလည်း မှန်ကန်တဲ့လုပ်ငန်းစဉ်မဟုတ်ဘူး၊ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီးတော့ မှန်မှန်ကန်ကန် အကောင်အထည်ဖော်ခဲ့တာလည်း မဟုတ်တဲ့အတွက် ဒီဖွဲ့စည်းပုံကို လုံးဝ လက် မခံနိုင်ပါဘူး။ စစ်တပ်က လွှမ်းမိုး ကြီးစိုး လူလည်ကျပြီး တိုင်းပြည်ကို ဒုက္ခပေးမယ့် ဖွဲ့စည်းပုံ ဖြစ်တယ်လို့ လေးလေးနက်နက် ခံယူထားတယ်” ဟု ပြောသည်။
စစ်အစိုးရ၏ ၂၀၀၈ ခု အခြေခံဥပဒေ မူကြမ်းတွင် ယင်းအခြေခံဥပဒေသည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ပြည်သူ့လွှတ်တော် စတင်ခေါ်ယူသည့် နေ့တွင် အာဏာသက်ဝင်မည်ဟု ပါရှိသည်။ ။
|