English Page
archive
newspaper
journalarchive
photoalbum
tinmoe
drsinthira
bloglogo

quote

Exchange Rate
US 1 $ = 1180 Ks
Thai Bht 1= 34.80 Ks
currency
18 July 2008


 
 

မုန်တိုင်းကယ်ဆယ်ရေးကော်မတီ အန်အယ်လ်ဒီဖွဲ့စည်း
နိုင်ငံတကာ အကူအညီများလိုအပ်ဟု ပြောကြား

NEJ/ ၆ မေ ၂၀၀၈
line

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က ယနေ့ မေလ (၆) ရက် နေ့စွဲဖြင့် မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပတ်သက်သည့် အထူး ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၀၈ ခုနှစ် မေလ (၂) ရက်နှင့် (၃) ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင် ပြည်သူများသိန်းဂဏန်းနှင့်ချီ၍သေဆုံးကာ အများအပြားပျောက်ဆုံးနေပြီး လမ်းပန်း ဆက်သွယ်ရေးများပြတ်တောက်ခြင်း၊ စားဝတ်နေရေးစရိတ်စကများ လွန်စွာမြင့်မားလာခြင်း၊ ကျန်းမာရေးများပိုမိုဆိုးဝါးလာခြင်း စသည်တို့အပြင် တိုင်းပြည်အခြေခံအဆောက်အအုံများ၊
ဆိုးဝါးစွာ ပျက်စီးဆုံးရှုံးရခြင်းတို့ဖြစ်ပေါ်နေသည်ဟု ဖော်ပြထားသည်။  

ထိုသို့ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများနှင့် အိမ်ယာအဆောက်အအုံများ ထိခိုက် နစ်နာခဲ့ရသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွန်စွာစိတ်ထိခိုက်ရကြောင်းလည်း ဖော်ပြ ထားသည်။  

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့်အတူ ပူးပေါင်း လက်တွဲပြီး လမ်းပန်းဆက်သွယ်ရေးအတွက် ၀ိုင်းဝန်းရှင်းလင်းပေးခြင်း၊ ရေမီးတို့ကို ဖြည့်ဆည်း ပေးခြင်း၊ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းတို့ကို လှူဒါန်းခြင်း၊ ကျန်းမာရေးကူညီစောင့်ရှောက် ပေးခြင်း စသည်ဖြင့် တတ်စွမ်းသမျှ ငွေအား၊ ပစ္စည်းအား၊ လုပ်အားတို့ဖြင့် ပံ့ပိုးဆောင်ရွက်ပေးကြ ရန် မေတ္တာရပ်ခံထားသည်။

ထို့အပြင် သက်ဆိုင်ရာအာဏာပိုင်များက သဘာဝဘေးဒဏ်ခံစားကြရသော ပြည်သူလူထုအား လက်တွေ့တွင် ထိရောက်စွာအကူအညီပေးသည်ကို တွေ့မြင်ရခြင်းမရှိသေးကြောင်း၊ လိုအပ်သည့် အကူအညီများ အချိန်နှင့်တပြေးညီ စောလျင်စွာ ပြည်သူလူထုထံ အမြန်ဆုံးမရောက်ရှိပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များမှာ အချိန်နှင့်အမျှ တနေ့တခြားပိုမိုဆိုးဝါး ပျက်စီး ဆုံးရှုံး စေမည်ဟုလည်းဖော်ပြထားသည်။

ဘေးဒုက္ခကြီးကျရောက်နေချိန်တွင် ပြည်သူလူထု၏ လူမှုဘ၀ဒုက္ခများကို စစ်အစိုးရက အရေး မထားဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စကိုသာ အလေးထားပြီးဆောင်ရွက်နေသည်မှာ လွန်စွာ မနှစ်မြို့ဖွယ်ရာဖြစ်နေသည်ဟုလည်း ကြေညာချက်တွင်ဆက်လက်ဖော်ပြသည်။

ထို့ကြောင့်ပြည်သူလူထု၏အတိဒုက္ခများကို ထောက်ထားညှာတာ၍ အခြေခံအဆောက်အအုံ
များကို လျင်မြန်စွာပြန်လည်တည်ဆောက်ရန်နှင့် ပြည်သူလူထု၏ အခက်အခဲများကို ပံ့ပိုးပေး ရန်တို့အတွက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအကူအညီများကို အမြန်ဆုံးလိုအပ်လျက် ရှိကြောင်း ပြည်သူတို့ကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အထူးမေတ္တာရပ်ခံကြောင်း
လည်း ပန်ကြားထားသည်။  

သာမန်ကယ်ဆယ်ရေးလုပ်ငန်းများဖြင့် သဘာဝဘေးဒဏ် အပျက်အစီးကြီးကို မည်သို့မျှဖြေရှင်း နိုင်မည် မဟုတ်သည့်အတွက် နိုင်ငံတကာအကူအညီများကို အတိဒုက္ခရောက်ကျရသော ပြည်သူ လူထုများလက်တွင်းသို့ မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန်ရောက်ရှိစေရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြည်သူတို့၏ ဒုက္ခဝေဒနာကို အဖွဲ့ချုပ်က တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနိုင်ရန် ယနေ့၌ပင် အဖွဲ့ချုပ်အနေဖြင့်  မုန်တိုင်းဘေးကယ်ဆယ်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က ပြောသည်။

၎င်းက “ပြည်သူတွေ မုန်တိုင်းဒဏ်ခံနေရတဲ့အချိန်မှာ လူထုရဲ့ခံစားမှုဝေဒနာ၊  လူထုရဲ့ဒုက္ခတွေ
ကို ကျနော်တို့က ကိုယ်တိုင်ကိုယ်ကျသိနေတဲ့သူတွေဆိုတော့ ပြည်သူတွေအတွက် ကျနော်တို့ အဖွဲ့ချုပ်ဝင်တွေက တတ်စွမ်းသမျှဆောင်ရွက်ပေးနိုင်သမျှကို ကျနော်တို့လုပ်ဖို့အတွက် အခုလို ဆောင်ရွက်ရတာပါ” ဟုပြောသည်။  

ဧရာဝတီတိုင်းလပွတ္တာမြို့နယ်တွင် လေမုန်တိုင်းဒဏ်ကြောင့် အသေအပျောက် လူဦးရေ (၁) သိန်းကျော်ကြောင်း အန်အယ်လ်ဒီ လပွတ္တာမြို့နယ် ဒု-ဥက္ကဋ္ဌ ဖြစ်သူ  ဒေါက်တာအေးကြူက  ပြောသည်။

၎င်းက “ရွာပေါင်းမြောက်ြမားစွာလုံးဝပျောက်သွားတယ်။ ကျနော်တို့ လပွတ္တာမြို့နယ်က ရွာကြီး
တွေ အကုန်လုံးဟာ မြုပ်ကိုသွားတယ်။ ရွာလုံးကျွတ်ပျောက်သွားတယ်။ လပွတ္တာမြို့နယ်ခွဲဖြစ်တဲ့ ပြင်စလူရွာမှာဆို အိမ်ခြေ (၂၀၀၀) ကျော်လောက်ရှိတာ အိမ် (၂) လုံး၊ (၃) လုံးပဲကျန်တော့တယ်။ ကျန်တာအကုန်ပြိုတယ်။ ရေထဲအကုန်မျောကုန်တယ်လို့ ပြန်ရောက်လာတဲ့သူတွေက ပြောပြတာ။ ပြင်စလူကျေးရွာဆိုရင် လူ လေးငါးထောင်ရှိတဲ့နေရာမှာ နှစ်ရာလောက်ပဲ မြို့ပေါ်ရောက်လာတယ်” ဟုပြောသည်။

“လပွတ္တာမြို့နယ် အောက်ပိုင်းက ရွာက အားလုံး (၅၆) အုပ်စုမှာ အောက်ပိုင်း (၂၆) အုပ်စုက ထိတာ။ တအုပ်စုမှာ ရွာပေါင်းက ကိုးရွာ၊ ဆယ်ရွာ၊ ဆယ့်နှစ်ရွာ အဲလောက်ထိရှိတာ။ အိမ်တွေက အိမ်ခေါင်မိုးထိရေကမြုပ်သွားတာ။ သူတို့တွေ ခေါင်မိုးပေါ်တက်နေကြတော့ လှိုင်းကြောင့်၊ လေ ကြောင့် အကုန်လုံးရေထဲပြုတ်ကျတော့ သူတို့အားလုံးဟာ ဘယ်လိုမှ အသက်ရှင်နိုင်စရာမရှိ တော့ဘူး” ဒေါက်တာအေးကြူက ပြောသည်။

ထိုကြောင့် ယခုမုန်တိုင်းဒဏ်ခံရသည့်ဒေသများ၏ ပျက်စီးဆုံးရှုံးမှုသည် ကြောက်ခမန်းလိလိ ဖြစ်သည့်အတွက် သာမန်ကယ်ဆယ်ရေးလုပ်ငန်းနှင့်မရတော့ဘဲ နိုင်ငံတကာအကူအညီများ အမြန်လိုအပ်နေကြောင်း အန်အယ်လ်ဒီကပြောကြားသည်။        ။

 

douglas
video
plastic
result
layphyu
music
ကြော်ငြာကဏ္ဍ

KPP_ads

uthaung

asean

fbppn

burma

88

oway

ေေ့ေမေ

alinpyakyelsin

 

Opentracker.net: Website Statistics