ပြည်တွင်း၌ ဆန်ဈေးများ (၂) ဆတက်သွားပြီး လူဦးရေသန်းနှင့်ချီရှိသော ဆင်းရဲသား ပြည်သူ များအား ထိခိုက်လာသဖြင့် ပြည်ပသို့ ဆန်တင်ပို့မှု (၆) လ ပိတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ၀န်ကြီးဌာနက ယမန်နေ့တွင် ပြောသည်။
“ဘင်္ဂလားဒေ့ရှ်ဟာ ဆန်မွှေးကလွဲပြီး တခြား ဘယ်လိုဆန်မျိုးကိုမှ (၆) လအတွင်း နိုင်ငံခြား တင်ပို့ခွင့်ပြုမှာ မဟုတ်ပါဘူး။ ပြည်တွင်းဆန်ဈေးကွက်ကို တိုးမြှင့်ဖြည့်တင်းဖို့နဲ့ ဆန်ဈေးနှုန်း မြင့်တက်လာတာကို ထိန်းချုပ်ဖို့အတွက် ဒီလိုပိတ်ပင်ရတာ ဖြစ်ပါတယ်” ဟု ကုန်သွယ်ရေး
ဝန်ကြီးဌာန ဒု-အကြီးအကဲ အဘူ ဆာရီး ချောင်ဒရီက ပြောသည်။
ယမန်နှစ်က ဘင်္ဂလားဒေ့ရှ်တွင် ဆန်တန်ချိန် (၃၀.၅) သန်း ထုတ်လုပ်ခဲ့ပြီး နိုင်ငံခြားမှ တန်ချိန် (၂.၅) သန်း တင်သွင်းခဲ့ရကြောင်း၊ ပြည်ပသို့ အမေရိကန်ဒေါ်လာ (၅.၅) သန်းဖိုး တင်ပို့ခဲ့ကြောင်း သိရသည်။
ယမန်နှစ် နိုဝင်ဘာတွင် ကျရောက်ခဲ့သော ဆီဒါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေလွှမ်းခဲ့သဖြင့် ယခုနှစ် ဇွန်လအတွက် ပြည်တွင်းဈေးကွက်၌ ဆန်တန်ချိန် (၃.၁) သန်း လျော့နည်းသွားဖွယ် ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
ယခုလကုန်တွင် ဆန်တန်ချိန် (၄၀၀,၀၀၀) ခန့်ကို အိန္ဒိယနိုင်ငံမှ တင်သွင်းခွင့်ရပြီး ဈေးနှုန်း ချိုသာစွာဖြင့် ပြည်တွင်း၌ ပြန်လည်ရောင်းချပေးနိုင်မည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက မျှော်လင့် ထားသည်။
နေ့စဉ်ဝင်ငွေ (၁) ဒေါ်လာအောက်သာ ရရှိပြီး ၀င်ငွေအားလုံး၏ (၇၀) ရာခိုင်နှုန်းခန့်ကို အစား အစာအတွက် အသုံးပြုနေရသော လူဦးရေ စုစုပေါင်း၏ (၄၀) ရာခိုင်နှုန်းသည် ဆန်ဈေးတက်မှု ကြောင့် ကြီးမားသော အခက်အခဲနှင့် ကြုံတွေ့နေရသည်။
နှစ်စဉ် အစားအစာ ဈေးနှုန်း တိုးမြင့်မှုမှာလည်း (၁၆) ရာခိုင်နှုန်း ရှိနေသဖြင့် ဘင်္ဂလားဒေ့ရှ် ဆင်းရဲသား အမြောက်အမြားသည် တနေ့လျှင် တကြိမ်သာ အစားအစာ စားသုံးနေရသည်။
ပြီးခဲ့သည့်လက ပြည်သူများကို ဆန်အစား အာလူးများ စားသုံးကြရန် စစ်တပ်အကြီးအကဲက တိုက်တွန်းခဲ့သည်။ ။
|