ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အမှန်တကယ် မဲပေးနိုင်သည့် အင်အား (၁) သိန်းကျော် ရှိသည့်အနက် မဲပေးရမည့်သူမှာ သောင်းဂဏန်းမျှသာ ရှိသည့်အတွက် လူဦးရေ စာရင်းအရ ကွာခြားမှု ရှိနေကြောင်း သိရသည်။
မဲပေးနိုင်သည့်အင်အား သောင်းဂဏန်းအထိရှိသည့် ကျေးရွာ၊ ရပ်ကွက်ကြီးများဖြစ်သည့် ဒူကထောင်၊ တပ်ကုန်း၊ စီတာပူတို့တွင် မဲထည့်ရမည့် လူဦးရေမှာ ထောင်ဂဏန်းသာရှိပြီး အချို့ရပ်ကွက်များတွင် ရာဂဏန်းမျှသာရှိသည့်အတွက် မဲထည့်ရမည့် လူဦးရေစုစုပေါင်းမှာ သောင်းဂဏန်းမျှသာ ရှိသည်ဟု မြို့နယ်အုပ်ချုပ်ရေးရုံး ၀န်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “တပ်ကုန်းက (၇,၀၀၀) ကျော်၊ စီတာပူက (၅,၆၀၀)၊ ဒူကထောင်က (၄,၀၀၀) ကျော် ရှိတယ်။ အဲဒီက ရှိတဲ့ လူဦးရေနဲ့ဆို တအားနည်းတာပေါ့။ မင်းရပ်ဆိုရင် (၄၃၈) ယောက်ပဲ မဲထည့်ရတော့မယ်။ လူတွေကို စစ်ထုတ်ရွေးလိုက်တဲ့ သဘောရှိတယ်။ သူတို့ကို ထောက်ခံမဲ ထည့်မယ်လို့ ထင်တဲ့သူတွေကို ရွေးထားသလား မသိဘူး။ အစောပိုင်းက ကောက်ထားတဲ့ စာရင်းက (၁၁၃,၉၅၀) ဦး ရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စာရင်းထုတ်ပြန်တော့ အရမ်းနည်း သွားတယ်” ဟု ပြောသည်။
မေ (၁၀) ရက်၊ မနက်ဖြန်တွင် လူထုဆန္ဒခံယူပွဲ ကျင်းပတော့မည်ဖြစ်၍ ယနေ့တွင် မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်၌ စစ်တပ်လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း လိုင်ဇာမှ ကုန်ကားမောင်းသူ တဦးက ပြောသည်။
၎င်းက “မြစ်ကြီးနားဘက်က ထွက်လာရင် ၀ိုင်းမော်၊ ဂါးဒါယန်၊ ဂျာဘူတို့မှာ စစ်သားတွေ ချထား တယ်။ ခမရ (၃၂၁) တပ်ဆိုတာတော့ တွေ့ခဲ့တယ်။ အခြား တပ်နံပါတ်တွေတော့ မသိရဘူး။ လမ်းတလျှောက်မှာပဲ လေး ငါးယောက်စီ တပ်စိတ်တစိတ်စီ နေမှာပေါ့၊ ကင်းချထားတာတွေ တွေ့ခဲ့တယ်။ ဒီမနက်ပဲ ကင်ပုန်းတွေ ချထားတာ တွေ့ခဲ့ရတာ” ဟု ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထောက်ခံမဲထည့်ရန် လူထုအား ခြိမ်းခြောက်ပြော ဆိုစည်းရုံးမှုများရှိခဲ့ပြီး ယခုအခါ စစ်သားများ ဒေသအတွင်း ဖြန့်ခွဲနေရာချထားခြင်းသည် လူထုအား ခြိမ်းခြောက်သည့်အသွင် ဆောင်နေသည်ဟု ဒေသခံ ကချင်လူငယ်တဦးက ပြောသည်။ ။
|