ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကွန်ဟိုင်း၊ ဟဟင်၊ နောင်ခမ်းကျေးရွာအုပ်စုများ တွင် ယမန်နေ့၌ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာ ဒေသခံ အာဏာပိုင်များ၏ ရှေ့မှောက်၌ ကျေးရွာသားများ ထောက်ခံမဲ ထည့်ကြရသည်။
နမ့်ခမ်းမြို့နယ် မယကဥက္ကဋ္ဌ ဦးတင်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်း၊ ခလရ (၂၉၀) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး သိန်းထွန်းတို့ ဦးဆောင်သည့်အဖွဲ့က ကွန်ဟိုင်း၊ ဟဟင်၊ နောင်ခမ်း ကျေးရွာတို့သို့ သွားရောက်ကာ ဆန္ဒမဲခံယူပွဲကျင်းပခဲ့ပြီး ကျေးရွာသားအားလုံး ထောက်ခံမဲ ထည့်ကြရသည်ဟု ကွန်ဟိုင်းရွာသားတဦးက ပြောသည်။
၎င်းက “ကျနော်တို့ ကွန်ဟိုင်းကျေးရွာအုပ်စုက ကွန်ဟိုင်းဘုန်းကြီးကျောင်း ဇရပ်မှာ မဲထည့်ရ တယ်။ မဲပုံးဘေးမှာ တပ်ရင်းမှူးကိုယ်တိုင် ထိုင်နေတာ။ အဲဒီမှာ ကွန်ဟိုင်းရယကဥက္ကဋ္ဌ ဦးထွန်း မြတ်၊ အတွင်းရေးမှူး ဦးစံမောင်တို့လည်း ရှိတယ်။ သူတို့ဆီမှာ မှတ်ပုံတင်ပြ၊ လက်မှတ်ထိုးပေးပြီး မဲပြား အရင်ထုတ်ရတယ်။ ပြီးမှ မဲပုံးနားကိုသွားပြီး မဲပြားမှာ အမှန်ခြစ်ပြီး ထည့်ရတယ်။ အဲဒီမှာ ကျနော်တို့ရွာကပဲ ဦးမိန်းဆွယ်ဆိုတာ အမှားခြစ်လို့ဆိုပြီး တပ်ရင်းမှူးက ဒါဘာလုပ်တာလဲ၊ နိုင်ငံတော်ကို ဆန့်ကျင်တာလား၊ အဖမ်းခံချင်တာလားဆိုပြီး အော်ငေါက်ပြီး ပြောတယ်။ ဒါနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းက သူက စာမတတ်လို့၊ နားမလည်လို့ ဖြစ်မှာဆိုပြီး ရယက အတွင်းရေးမှူး ဦးစံမောင်က အမှန်ခြစ်ထားတဲ့ မဲပြားထပ်ပေးပြီး ပြန်ထည့်ခိုင်းတယ်၊ အဲဒီ နောက်ပိုင်း မဲထည့်တဲ့သူအားလုံး အမှန်ခြစ်ထားတဲ့ မဲပြားတွေ သွားသွားပြီး ထည့်ရတယ်။ အမှန်ခြစ်ပေးတာက အတွင်းရေးမှူး ဦးစံမောင်ကိုယ်တိုင် ခြစ်ပေးတာ” ဟု ပြောသည်။
ကွန်ဟိုင်းကျေးရွာအုပ်စုတွင် အထက်ကွန်ဟိုင်းနှင့် အောက်ကွန်ဟိုင်းဟူ၍ ကျေးရွာနှစ်ရွာရှိပြီး မဲလာထည့်သူ စုစုပေါင်း (၃၃၀) ကျော်ရှိပြီး အားလုံးထောက်ခံမဲ ထည့်ခဲ့ရသည်ဟု အဆိုပါ ဒေသခံက ပြောသည်။
ကွန်ဟိုင်း ကျေးရွာအုပ်စုအတွက် ဆန္ဒမဲ ပေးပွဲအား မနက် (၈) နာရီမှ နေ့လယ် (၁၁) နာရီအထိ ပြုလုပ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ဟဟင်ကျေးရွာအုပ်စုဝင်ရွာများ၊ ညနေပိုင်းတွင် နောင်ခမ်းကျေးရွာ အုပ်စုဝင် ရွာများက မဲပေးခဲ့ရကြောင်း အဆိုပါဒေသခံက ပြောသည်။
မဲပေးပွဲကို ခလရ (၂၉၀) တပ်ရင်းမှူးနှင့် နမ်းခမ်းမြို့နယ် အာဏာပိုင်များက သွားရောက် စောင့် ကြည့်ခဲ့ပြီး ခလရ (၂၉၀) မှ စစ်သားများနှင့် ဒေသခံ ပြည်သူ့စစ် အင်အား (၇၀) ကျော်က စောင့် ကြပ် တာဝန်ယူထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေ (၄) ရက် ညနေပိုင်းတွင် နမ့်ခမ်းမြို့နယ် နောင်ခမ်း ကျေးရွာ ဘုန်းကြီးကျောင်း ဇရပ်တွင် ထောက်ခံမဲပေးရေး စည်းရုံးမဲဆွယ်ခဲ့သည့် အဖွဲ့အား အမည်မသိ လူတစုက သေနတ် ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့နယ် ကြံ့ခိုင်ရေးအတွင်းရေးမှူး စိုင်းကျော်မြင့် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နမ့်ခမ်းမြို့နယ် မြေစာရင်းဌာနမှ ဦးတင်အောင်နှင့် လျှပ်စစ်ဌာနမှ ဦးကျော်စိန်တို့ ဒဏ်ရာ အသီးသီးရရှိခဲ့သည်။ ။
|