ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 

 

 

တောင်ဒဂုံမြို့နယ်မှ ကလေးတဦး
စစ်သားအဖြစ် စုဆောင်းခံရ

မင်းနိုင်သူ / ၃ နိုဝင်ဘာ ၂၀၀၉

line

 

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လပိုင်းက ပျောက်ဆုံးသွားခဲ့သည့် သားဖြစ်သူမှာ သထုံမြို့နယ်ရှိ တပ်မ (၄၄) တွင် ကလေးစစ်သားအဖြစ် သွပ်သွင်းခံထားရကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ကလေးစစ်သားအဖြစ် စုဆောင်းခံရသူ ချစ်ဇော်နိုင် (ခ) ဂျူနိုသည် အသက် (၁၆) နှစ်သာရှိသေးပြီး တောင်ဒဂုံမြို့နယ်တွင် မိဘများနှင့်အတူနေထိုင်ကာ ရှစ်တန်းအဆင့်ဖြင့် ကျောင်းထွက်ထားသူတဦးဖြစ်ကြောင်း သိရသည်။

“ကျနော့်သားက ကျောင်းထွက်ထားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာတွေ ဘာတွေရှိတယ်ဗျ။ သူပါသွားတဲ့ နေ့က (၅၄) ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီးအပြန် သူ့ကိုခေါ်သွားမယ့် လှိုင်မိုးမင်းဆိုတဲ့ စစ်သားနဲ့တွေ့တယ်တဲ့။ ကလေးနဲ့ စကားပြောကြရာကနေ ကလေးက စိတ်ညစ်တယ်၊ ဘာညာပြောတော့ အဲဒီစစ်သားက စိတ်ညစ်ရင် သူတို့တပ်ထဲကို လိုက်လည်ပါလားဆိုပြီး ခေါ်သွားရာကနေ ပါသွားတော့တာ” ဟု ဖခင်ဖြစ်သူ ဦးသက်နိုင်က ပြောသည်။

ယခုအခါ မောင်ချစ်ဇော်နိုင်သည် သထုံမြို့နယ်ရှိ တပ်မ (၄၄) ၏ တပ်သားသစ်လေ့ကျင့်ရေးသင်တန်း အပတ်စဉ် (၉) တွင် တက်ရောက်နေရကြောင်းနှင့် ၎င်းစစ်သားအဖြစ် သွပ်သွင်းခံရပုံများကို လွန်ခဲ့သောတလခန့်က မိဘများထံပေးပို့သော စာတွင် ထည့်သွင်းရေးသားထားမှသာ မိဘများက စစ်တပ်ထဲရောက်နေကြောင်း သိရှိခဲ့ကြရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူက ပြောသည်။

၎င်းက “ကျနော်တို့ကလည်း ပျောက်သွားကာစက ရဲစခန်းမှာ လူပျောက်မှုဖွင့်ဖို့  စဉ်းစားသေးတယ်။ နောက်တော့ စစ်တပ်က ခေါ်သွားရင်တော့ လူပျောက်မှုဖွင့်လည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးထင်လို့ မတိုင်ဘဲ စောင့်ကြည့်နေကြတာ။ ထင်တဲ့ အတိုင်းပဲ သူစစ်တပ်ထဲရောက်သွားတာ” ဟု ပြောသည်။

မောင်ချစ်ဇော်နိုင်ကို ခေါ်ဆောင်သွားသည့် လှိုင်မိုးမင်းဆိုသည့် တပ်မ (၄၄) မှ စစ်သားသည် မိဘများရှိသည့်အိမ်သို့ လွန်ခဲ့သည့် တလခန့်က ရောက်ရှိလာသေးကြောင်း သိရသည်။

“ကျနော်ထင်တာတော့ သူစနည်းလာနာတယ် ထင်တာပဲ။ ကျနော်တို့ ကလေးပျောက်လို့ ဘာများ လုပ်ကြသေးလဲလို့ လာပြန်ကြည့်တဲ့ သဘောနေမှာပေါ့။ သူက ကျနော့်သား လက်ရေးမဟုတ်တဲ့စာကို ကျနော့်သားရေးထားတာပါဆိုပြီး ပြောတယ်။ စာထဲမှာက ကလေးက တပ်ထဲမှာပျော်ကြောင်း၊ နေရေးထိုင်ရေး အဆင်ပြေကြောင်း၊ သူငယ်ချင်းတွေကိုလည်း လာလည်စေချင်ကြောင်းတွေ ရေးထားတာဗျ” ဟု ဦးသက်နိုင်က ပြောသည်။ 

စာတိုက်မှတဆင့် ပို့သည့်မောင်ချစ်ဇော်နိုင်၏စာတွင်မူ ယခုဒီဇင်ဘာလထဲတွင် သင်တန်းဆင်းရတော့မည်ဖြစ်ပြီး သင်တန်းမဆင်းမီ ၎င်းအားလာခေါ်စေလိုကြောင်း၊ နေရေးထိုင်ရေးဆင်းရဲသည့်အကြောင်းများ ရေးထားသည်ဟု ဖခင်ဖြစ်သူ ဦးသက်နိုင်က ပြောသည်။

၎င်းက “ကလေးကို ကျနော်တို့ ပြန်ခေါ်ချင်ပါတယ်။ ကျနော်တို့ အဲဒီတပ်ကို လိုက်သွားမှာပါ။ အခုထိ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ကျနော်တို့လိုချင်တာက ကလေးကို ပြန်ခေါ်ချင်တာပါပဲ” ဟု ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် ယခင်က ကလေးစစ်သားမရှိပါဟု ငြင်းဆိုနေရာမှ ပြည်ပအဖွဲ့အစည်းအသီးသီး၏ ဖော်ထုတ်ချက်များကြောင့် ၂၀၀၄ ခုနှစ်မှစတင်ကာ ကလေးစစ်သားပပျောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း
ယနေ့အချိန်ထိ ကလေးစစ်သားစုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။

တပ်မတော်က စုဆောင်းထားသော ကလေးစစ်သားအမှုများမှာ တပ်မတော်မှ ဖွဲ့စည်းထားသည့် ကလေးစစ်သား ပပျောက်ရေးကော်မတီ၏ ဖော်ထုတ်ချက်များအရ ပေါ်ပေါက်လာသည်မရှိဘဲ မိဘဆွေမျိုးများ၏ တိုင်ကြားချက်များအရသာ ပေါ်ပေါက်လာလေ့ရှိသည်ဟု ကလေးစစ်သားပပျောက်ရေး အိုင်အယ်လ်အိုနှင့်လက်တွဲ ဆောင်ရွက်နေသူများက ပြောသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo