မြန်မာစစ်အစိုးရက ရှမ်းပြည်နယ်အတွင်း ဖျက်ဆီးထားသည့် ဟော်နန်းများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တားမြစ်ထားသော မြင်ကွင်းများအမည်ရှိ စာအုပ်ကို ထုတ်ဝေလိုက်သည်။
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) က အဆိုပါစာအုပ်ကို ထုတ်ဝေခြင်းဖြစ်ပြီး စစ်အစိုးရက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများကို ရှမ်းပြည်နယ်အတွင်း ဒေသ (၃) ခုကိုသာ လည်ပတ်ခွင့်ပြုထားကြောင်း၊ အဆိုပါဒေသ (၃) ခုကိုလည်း ရှမ်းရိုးရာ ဟန်ပန်ပျောက်အောင် ပြင်ဆင်လိုက်ကြောင်း ထောက်ပြရေးသားထားသည်။
“စစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ထုတ်တာတွေလည်း ရှိတယ်။ အခုကတော့ ဓလေ့ထုံးတမ်းနဲ့ဆိုင်တဲ့၊ ယဉ်ကျေးမှုနဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတွေလည်း ဖိနှိပ်မှုရှိတယ်ဆိုတာကို ခရီးသွားသူတွေတင်မကဘူး အများသိအောင် ဒီစာအုပ်ကို ထုတ်ဝေတာ ဖြစ်ပါတယ်” ဟု SWAN ၏ ပညာရေးဆိုင်ရာ အစီအစဉ်တာဝန်ခံ နန်းမွန်ကိန်းက ပြောသည်။
မြန်မာ၊ ရှမ်း၊ ထိုင်းနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်ဝေထားသည့် ယင်းစာအုပ်တွင် လူသိနည်းလှသည့် စစ်အစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်ချိုးနှိမ်မှုများကို ဖော်ထုတ်ထားခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုအမွေ ကျိန်းတုံ (ကျိုင်းတုံ) ဟော်နန်းကို ဖြိုချပြီး ဟိုတယ်ပြုလုပ်ထားခြင်း၊ ဆီပေါ့ (သီပေါ) ဟော်နန်းကို ပြုပြင်ထိန်းသိမ်းခြင်းမရှိဘဲ စွန့်ပစ်ထားခြင်း၊ ယောင်ဟွေ (ညောင်ရွှေ) ဟော်နန်းကို ဗုဒ္ဓ၀င်ပြတိုက်အဖြစ် ပြောင်းလိုက်ခြင်း၊ ဆဲန်ဝီ (သိန္နီ) ဟော်နန်းကိုလည်း စစ်တပ်က ၁၉၆၂ ခုနှစ်က သိမ်းပိုက်ပြီး စစ်စခန်း ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ယခုအခါ အပျက်အစီးများစွာ ဖြစ်ပေါ်နေခြင်းတို့ကို ထောက်ပြထားသည်။
ထို့အပြင် တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်ရန်အတွက် ၁၉၅၉ ခုနှစ်၊ ဧပြီ (၂၉) ရက်တွင် ရှမ်းစော်ဘွားအားလုံးက စော်ဘွားအာဏာကို စွန့်လွှတ်ခဲ့ကြောင်း၊ သို့သော် ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ခွင့်မရခဲ့ဘဲ ဟော်နန်းများအပါဝင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကိုပါ စစ်အစိုးရက စနစ်တကျ ဖျက်ဆီးလာခဲ့ခြင်းဖြစ်ကြောင်းလည်း ရေးသားထားသည်။
ရှမ်းဘာသာစကားအရ လားသျှိုမှာ လင်းယုန်ငှက်များစွာနေထိုင်သော တောင်နှင့် မျက်နှာချင်းဆိုင်မြို့ဟု အဓိပ္ပာယ်ရသော်လည်း စစ်အစိုးရက လားရှိုးမြို့၊ လားပြပွဲဟု အဓိပ္ပာယ်ဖြင့် အစားထိုးပြောင်းလဲခဲ့ပြီး ယင်းနည်းတူ ပြောင်းလဲထားသည့် မြို့များ ရှိနေသည်ဟု SWAN ၏ စစ်တမ်းက ထောက်ပြထားသည်။
စစ်အစိုးရ စနစ်တကျ ဖျက်ဆီးထားသည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်နိုင်မှသာ ပြန်လည်ထိန်းသိမ်း ဖော်ထုတ်နိုင်မည်ဟု ဆိုသည်။
“စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်မှာပေါ့နော်၊ တိုင်းရင်းသားအားလုံး အခွင့်အရေး တန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းမှသာ အစဉ်အဆက်ဖြစ်လာခဲ့တဲ့ သမိုင်းအမွေတွေကို ပြန်လည်တည်ဆောက်နိုင်မှာပါ” ဟု နန်းမိုကိန်းက ပြောသည်။
|