ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 

 

 

ဒေါ်လာဈေး ကျဆင်းမှုကြောင့် အန်ဂျီအိုများ အခက်ကြုံ
အောင်ကျော်မိုး / ၂၇ နိုဝင်ဘာ ၂၀၀၉

line

 

ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဈေးများ ကျဆင်းနေ၍ အန်ဂျီအိုလုပ်ငန်း လုပ်ကိုင်နေသူများ အထူးထိခိုက်နစ်နာနေရကြောင်း နာဂစ်ဒေသ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် အန်ဂျီအိုတခုမှ ဆရာဝန်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို နိုင်ငံရပ်ခြား အန်ဂျီအိုတွေကနေ နာဂစ်ကယ်ဆယ်ရေးမှာ သုံးဖို့ ပုံမှန် ငွေပို့ပေးတယ်။ တချို့ငွေတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘဏ်ကနေ တရားဝင်လွှဲပေးပြီး ဒီမှာ အက်ဖ်အီးစီနဲ့ ပြန်ထုတ်သုံးတယ်။ နောက် တချို့ဒေါ်လာအဖြစ်နဲ့ပဲ လူနဲ့သယ်လာပြီး သုံးတယ်။ အဲဒီ (၂) မျိုးစလုံးကို ကျပ်ငွေနဲ့လဲပြီး သုံးရတာမို့ အခု ဒေါ်လာဈေးကြောင့် ကျနော်တို့ဆီ ဝင်လာတဲ့ ငွေတွေဟာ ပြီးခဲ့တဲ့ လကနဲ့စာရင် (၁ဝ) ရာခိုင်နှုန်းကျော် လျော့သွားတယ်။ ဒါပေမယ့် ကျနော်တို့ ဒီမှာ မြန်မာကျပ်ငွေနဲ့ ပြန်ပြီး ဝယ်ခြမ်းသုံးနေရတာတွေက တခုမှ ဈေးမကျဘူး။ ဒီအတွက် နဂိုက ကျနော်တို့ တင်ထားတဲ့ proposal တွေကို အဆင်ပြေအောင် လုပ်နိုင်ပါ့မလား မသိဘူး” ဟု ပြောသည်။

အလားတူ ပြည်တွင်းရှိ အန်ဂျီအိုအဖွဲ့တွင် အလုပ်လုပ်နေသူများ၊ သံရုံးတို့၌ အလုပ်လုပ်နေသူများမှာလည်း ဒေါ်လာဈေးကြောင့် ၎င်းတို့ဝင်ငွေများ (၁ဝ) ရာခိုင်နှုန်းကျော် လျော့ကျသွားကြောင်း အဆိုပါဆရာဝန်က ပြောသည်။

နိုင်ငံခြားတွင် အလုပ်လုပ်ပြီး မြန်မာပြည်တွင်းသို့ ငွေပြန်ပို့သည့် သန်းနှင့်ချီရှိသည့် မြန်မာနိုင်ငံသားတို့၏ ဝင်ငွေများလည်း အလားတူ လျော့ကျသွားပြီး အထွေထွေ ကုန်ဈေးနှုန်းများက မကျခြင်းကြောင့် မိသားစုဝင်များ အခက်အခဲ ကြုံရကြောင်း သိရသည်။

နိုင်ငံခြားငွေဖြင့် လစာရနေသူများ၊ နိုင်ငံခြားမှ ငွေပေးပို့မှုကို လက်ခံနေထိုင်စားသောက်သူများသာမက နိုင်ငံခြားသို့ ပို့ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းများလည်း ထိခိုက်လာနေကြောင်း သိရသည်။

ရေထွက်ပစ္စည်း နိုင်ငံခြား တင်ပို့သူတဦးကလည်း “အခု ကျနော်တို့ ရေထွက်ကုန်ပို့ပြီး ပြန်ရတဲ့ Export Earning ဈေးနှုန်းတွေက ကျပ် (၁,ဝဝဝ) စွန်းစွန်းပဲ ရှိနေတယ်။ ဆိုတော့ ကျနော်တို့ ပို့လိုက်ချိန်တုန်းက ဝယ်ဈေး၊ စရိတ် အဲဒါတွေအားလုံး တွက်လိုက်ရင် ရှုံးတောင် ရှုံးနေတယ်။ ခု ဆက်ပြီး ပို့မလား မပို့ဘူးလား စဉ်းစားနေတယ်” ဟု ပြောသည်။

အလားတူ နိုင်ငံခြားသား ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများကလည်း ၎င်းတို့၏ ဝန်ဆောင်ခကို ဒေါ်လာငွေနှင့် တွက်ချက် ကောက်ခံထားပြီး ပြည်တွင်း၌ မြန်မာကျပ်ငွေ အသုံးပြုကာ ဝန်ဆောင်မှုပေးနေရသည့်အပေါ် အမြတ်အစွန်း မကျန်သလောက် ဖြစ်လာနေကြောင်း ပြောပြကြသည်။

ရန်ကုန်ဈေးကွက်တွင် ဒေါ်လာပေါက်ဈေးမှာ ပြီးခဲ့သည့်လက (၁) ဒေါ်လာ ကျပ် (၁,၁ဝဝ) နီးပါး ရှိရာမှ ယနေ့ ၂၇-၁၁-ဝ၉ နေ့တွင်မူ (၁) ဒေါ်လာ ကျပ် (၉၉ဝ) ဝန်းကျင်သာရှိပြီး (၁ဝ) ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကာ Export Earning ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်လအထိ (၁) ဒေါ်လာ (၁,၁၃ဝ) ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ Export Earning ပေါက်ဈေး
(၁) ဒေါ်လာ (၁,ဝ၂ဝ) ဝန်းကျင်သာ ရှိသည်။

ရန်ကုန်မြို့မှ စီးပွားရေးပညာရှင်တဦးက မြန်မာနိုင်ငံတွင် ဒေါ်လာငွေဈေးတက်ပါက ကျန်သည့် အထွေထွေကုန်ဈေးနှုန်းများ လည်း အမြဲတမ်း လိုက်ပါမြင့်တက်လျက်ရှိသော်လည်း ဒေါ်လာငွေ တန်ဖိုးနိမ့်ကျပါက အထွေထွေ ကုန်ပစ္စည်းတန်ဖိုး လိုက်ပါနိမ့်ကျခြင်းမျိုးက နည်းသည့်အတွက် ပြည်သူအများစု အခက်အခဲတွေ့ ဒုက္ခရောက်ရသည်ဟု ပြောသည်။

၎င်းက “ဒီပြဿနာ ပြေလည်ဖို့ဆို စီးပွားရေးလုပ်ငန်းတွေမှာ အမှန်တကယ် လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုနဲ့ လွတ်လပ်စွာ ပြိုင်ဆိုင်မှုရှိဖို့ လိုအပ်တဲ့အပြင် မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်မှုရှိဖို့ လိုအပ်တယ်။ အဲဒီလို မဟုတ်ရင်တော့ မြန်မာ့စီးပွားရေး မတည်မငြိမ်ဖြစ်ပြီး ပြည်သူအများစု ဒုက္ခရောက်ကြမှာဖြစ်တယ်” ဟု ပြောသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo