ယခုလဆန်း (၆) ရက်တွင် ‘နကသ’ ညွှန်ချုပ် ဗိုလ်မှူးကြီးစံပြည့် ရောက်ရှိလာပြီး မူဆယ်
(၁၀၅) မိုင်နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်အကြား ကုန်ကားများ တိုက်ရိုက်သွားခွင့်မရှိဘဲ မူဆယ်
(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၌ ကားပြောင်းပြီးသယ်ဆောင်ရန် အမိန့်ပေးသွားသည်ဟု မူဆယ် ကုန်သည်တဦးကပြောသည်။
၎င်းက “စံပြည့်လာပြီး ကားတွေ ခေါက်တိုဆွဲဖို့ အမိန့်ပေးသွားတာပဲ။ အစောပိုင်းကတော့ မသိလို့ သယ်လာရင် သတိပေးတယ်။ ထပ်ပြီးသယ်လာရင် ဒဏ်ငွေရှစ်သောင်းချမယ်လို့ ဆိုတယ်။ နောက်တော့ (၁၀၅) မိုင်နဲ့ ကျယ်ဂေါင်ကားခက သင်္ကြန်မတိုင်ခင်က ကျပ်ရှစ်သောင်း၊ နောက်တော့ ကျပ်တသိန်း၊ မနေ့ကဆို တသိန်းခွဲအထိ ဖြစ်လာနေတော့ ဒဏ်ငွေသုံးသိန်းအထိ ချလိုက်တာပဲ” ဟု ရှင်းပြသည်။
(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် စည်ကားလာရန်အတွက် ဤသို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ‘နကသ’ အရာရှိများက အကြောင်းပြပြောဆိုနေသော်လည်း ကုန်သည်အများစုက ယင်းစည်းကမ်း သစ်ကို စိတ်ပျက် ဒေါသထွက်နေကြသည်ဟု အဆိုပါကုန်သည်ကပြောသည်။
မူဆယ်နှင့် ကျယ်ဂေါင်အကြား ကုန်ကားငယ်များဖြင့် ပြောင်းလဲသယ်ဆောင်ရန် ယမန်နှစ် ကုန်သွယ်ရေးဇုန် ဖွင့်စဉ်ကတည်းက စတင်ခဲ့သော်လည်း ကုန်တင်ကုန်ချအခက်အခဲ၊ ကား အပြောင်းအလဲကြောင့် ကုန်ပစ္စည်းများ ကျိုးကြေပျက်စီးမှု၊ ကားစောင့်ရ၍ အချိန်ကြန့်ကြာမှု၊ ကုန်ကျစရိတ်များမှုတို့ကြောင့် ကုန်သည်များ၏ တောင်းဆိုချက်အရ ယင်းလုပ်ထုံးလုပ်နည်းကို ရပ်နားထားခဲ့သည်။
မူဆယ်ကုန်သည်ကြီးများအသင်း လူကြီးအချို့က မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် ကျပ်သိန်းထောင်ချီ တန်သည့်ဂိုဒေါင်များ ဆောက်လုပ်ထားပြီး (၁၀၅) မိုင်-ကျယ်ဂေါင်
ကားလိုင်းများ ထူထောင်ထားသဖြင့် ၎င်းတို့၏လုပ်ငန်းများ အကျိုးရှိစေရန် နကသအာဏာပိုင်
များနှင့် ပူးပေါင်းပြီး ယခုကဲ့သို့ လုပ်ထုံးလုပ်နည်း ထပ်မံချလာခြင်း ဖြစ်သည်ဟု မူဆယ်ကုန်သည် တဦးကပြောသည်။
“ဥက္ကဋ္ဌ ဦးဟန်စိန်တို့၊ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးတို့က ကားတွေထောင်ထားကြတယ်။ အဓိကတော့ သူတို့အလုပ်ဖြစ်ဖို့၊ ကျန်တဲ့ကုန်သည်တွေ၊ ကားသမားတွေ ဒုက္ခဖြစ်တာပေါ့။ ကုန်သည်ကလည်း ပိုကုန်ကျလာမယ့်စရိတ်ကို ကုန်တန်ဖိုးထဲထည့်မှာဆိုတော့ နောက်ဆုံးတော့ စားသုံးသူတွေ ထိခိုက်တာပေါ့” ဟု ၎င်းကပြောသည်။
ဤစည်းကမ်းသစ်ဖြစ်မြောက်စေရန် မူဆယ် (၁၀၅) မိုင်-ကျယ်ဂေါင် ပြေးဆွဲနေသည့် ကား
စာရင်းကို မူဆယ်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများက (၆၇) စီးဟု လိမ်လည်တင်ပြ ထားပြီး အမှန်တကယ်၌ (၁၀) စီးခန့်သာ ပြေးဆွဲနေသည်ဟု မူဆယ်ကုန်သည်များကပြောသည်။
ထို့ကြောင့် ယခုအခါ ကားမလုံလောက်၍ မြန်မာပြည်တွင်းမှတက်လာသည့် ကုန်ကားကြီးများမှာ ကျယ်ဂေါင်နှင့် မူဆယ် (၁၀၅) မိုင်အကြား မဖြစ်မနေ တခေါက်ပြေးဆွဲပေးရပြီး တာဝန်ကျေမှသာ မြန်မာပြည်တွင်းသို့ ကုန်တင်ဆောင်ခွင့်ရမည်ဟု ‘နကသ’ က အမိန့်ထုတ်ထားရကြောင်း ကုန်သည် များကပြောသည်။ ။
|