ရန်ကုန်မြို့တွင်း၌ တက္ကစီမီတာမတတ်ရသေးသော စီအန်ဂျီတက္ကစီများကို စီအန်ဂျီဓာတ်ငွေ့ အရောင်းဆိုင်များတွင် စောင့်ဖမ်းနေသဖြင့် တက္ကစီသမားများ အခက်တွေ့နေကြသည်။
စီအန်ဂျီပြောင်းပြီးသည့် တက္ကစီသမားအများစုမှာ မီတာမတပ်ဘဲ မောင်းနှင်နေကြသဖြင့် ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ စစ်ဆေးရေးအဖွဲ့က ယခုကဲ့သို့ ဓာတ်ငွေ့အရောင်းဆိုင်များတွင် ၀င်ရောက်စစ်ဆေး ဖမ်းဆီးနေခြင်းဖြစ်သည်။
ထိုသို့ဖမ်းဆီးရာတွင် တက္ကစီသမားများထံမှ Wheel Tax နှင့် စီအန်ဂျီထုတ်ခွင့် စာအုပ်များကို သိမ်းယူပြီး မီတာတပ်ဆင်ပြီးမှ ယာဉ်ထိန်းတပ်ဖွဲ့ရုံးတွင် လာရောက်ယူနိုင်သည်ဟု ပြောဆို ကြောင်း အဖမ်းခံရသည့် ကက နံပါတ်တပ် တက္ကစီသမားတဦးက ပြောသည်။
ယာဉ်စည်းကမ်းကြီးကြပ်မှုကော်မတီက စီအန်ဂျီတက္ကစီအားလုံး မီတာတပ်ဆင်မှုကို ပြီးခဲ့သည့် ဇွန်လတွင် နောက်ဆုံးထား တပ်ဆင်ရမည်ဟု သတိပေးထားသည်။
သို့သော် တက္ကစီသမားအများစုက မီတာနှင့်ပြေးဆွဲသည်ထက် ပါးစပ်နှင့် ဈေးတောင်း ပြေးဆွဲနေ ကြသည်ဟု မြို့ခံများက ပြောသည်။
တက္ကစီအငှားယဉ်မောင်းတဦးက “မီတာနဲ့ ပြေးရင် ခရီးသည်နဲ့ ယာဉ်မောင်း ပြဿနာရှိတယ်။ ဥပမာ (၂,၅၀၀) ကျပ် ခရီးအကွာအဝေးကို မီတာနဲ့ဆို လမ်းမှာပွိုင့်မိတာတွေ၊ ယာဉ်ကြောကြပ် တာတွေနဲ့ဆို မီတာခွက်မှာ အဲဒီခရီးဟာ (၃,၅၀၀) ကျပ်လောက်ဖြစ်သွားတယ်။ ဒါပေမယ့် ခရီးသည်က ပေးနေကျ သွားနေကျ ခရီးဖြစ်နေတယ်လေ။ ဒါကြောင့် ပုတ်ပြတ်နဲ့ပဲ တောင်းတယ်” ဟု ပြောသည်။
မီးပွိုင့်များတွင် ရပ်စောင့်နေပါက မီတာမှာ တမိနစ်လျှင် (၅၀) ကျပ် တက်နေပြီး မီးပွိုင့်များမှာ အချိန်နှင့်နေရာကိုလိုက်၍ အနည်းဆုံး (၃) မိနစ်မှ (၁၀) မိနစ်ခန့်အထိ ကြာကြောင်း ခရီးသည် တဦးက ပြောသည်။
၎င်းက “လှည်းတန်းမီးပွိုင့်ဆို (၁၀) မိနစ်ကျော်လောက်ကြာတယ်။ တချို့မီးပွိုင့် ပျက်နေတဲ့နေရာ တွေဆို ရဲတွေက ထိုင်နေတာလေ။ ပြီးတော့ ဘယ်ကားက ဘယ်ကားကို ကျော်တက်လဲ၊ ဘောပင်နဲ့ မှတ်ယောင်ပြတယ်။ ဒီတော့ ကားသမားတွေက ကားပေါ်ကနေ ပိုက်ဆံပြစ်ချပေးလိုက်တယ်။ အကြီးတန်းစား သူတောင်းစားတွေပါပဲ။ ဒါကြောင့် တက္ကစီစီးရင် ပါးစပ်ဈေးနဲ့ပြောစီးတာ ပိုသက် သာတယ်” ဟုပြောသည်။
စီအန်ဂျီတက္ကစီတစီးလျှင် မီတာတပ်ဆင်ခ ကျပ် (၂) သိန်းပေးရပြီး စတင်တပ်ဆင်ပါက (၁) သိန်း လက်ငင်းပေးရကာ ကျန် (၁) သိန်းကို (၆) လကြာအရစ်ကျပေးသွင်းရကြောင်း၊ မီတာတပ်ဆင် ခွင့်ကို ပုဂ္ဂလိက ကုမ္ပဏီ (၄) ခုက ရရှိထားပြီး ယင်းတို့အနက် နအဖထိပ်ပိုင်းခေါင်းဆောင်အချို့၏ သားသမီးများပိုင်ဆိုင်သည့် LYNX Co,Ltd တွင်သာ မီတာတပ်ဆင်ကြရကြောင်း သိရသည်။
LYNX ကုမ္ပဏီတွင် မီတာတပ်ခဲ့သူ တက္ကစီသမားတဦးက“ သူတို့က ကျန်တဲ့ (၁) သိန်းကို (၆) လမှာ အရစ်ကျပေးလို့သာပြောတယ်၊ တကယ်တမ်းကျတော့ အတိုး(၂) သောင်းကို အပိုယူသေးတယ်၊ ဒါကုမ္ပဏီက နားလှည့်ပါးရိုက်လုပ်တာပဲ။ ယာဉ်ထိန်းရုံးနဲ့ပေါင်းလုပ်တာ လူတိုင်းသိတယ်။ ဒီမီ တာက ကားမှာတပ်ထားလည်း မီတာပြချင်မှပြမယ်။ ကားသမားက အဆင်ပြေအောင် မောင်းရ တာဆိုတော့ ငွေ (၂) သိန်း (၂) သောင်းကို ဘယ်ကလာ အကုန်ခံနိုင်တော့မှာလဲ။ ဒါကြောင့် မတတ်ကြတာဗျ။ အခုမတတ်တော့လည်း စီအန်ဂျီထုတ်တဲ့စာအုပ်ကို သိမ်းထားတယ်။ ကျနော်တို့ ဘ၀က ရှေ့မတိုးသာ နောက်မဆုတ်သာ ဘ၀ပါဗျာ” ဟု ဆိုသည်။
မီတာတတ်ခြင်းသည် ၎င်းတို့အတွက် အပိုငွေကုန်ကျခြင်းသာအဖတ်တင်ပြီး ခရီးသည်များက လည်း မီတာနှင့် မစီးလိုကြကြောင်း တက္ကစီကားသမားအများစုက ပြောသည်။
ရန်ကုန်မြို့တွင် စီအန်ဂျီပြောင်းထားသည့်တက္ကစီပေါင်း (၈) ထောင်ကျော် ရှိနေပြီး ရန်ကုန်တိုင်း အတွင်း စီတီတက္ကစီမောင်းနှင်နိုင်ရန် တနှစ်စာ မောင်းနှင်ခွင့်အတွက် ကားတစီးလျှင် ကျပ် (၄) သိန်းစီ မောင်းနှင်ကြေး ပေးဆောင်ရကြောင်း သိရသည်။ ။
|