စီးပွားရေးကြပ်တည်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများတွင် တရားမ၀င်လုပ်ကိုင်နေကြသည့် မြန်မာအမျိုးသမီးများ၏ ဘ၀အခြေအနေကို မီးမောင်းထိုးပြသည့် “ငရဲဘုံနှစ်ခုကြားတွင် ပိတ်မိနေခြင်း” အမည်ရှိ အစီရင်ခံစာတစောင်ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (ဘီဒဘလျူယူ)
က ယနေ့ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆောက်၊ ရနောင်းဒေသနှင့် တရုတ်နိုင်ငံ ရွှေလီတို့မှ မြန်မာအလုပ်သမား အမျိုးသမီး (၁၄၉) ဦးကို ယမန်နှစ် နိုဝင်ဘာနှင့် ယခုနှစ် မတ်လကြားတွင် တွေ့ဆုံမေးမြန်းခဲ့မှု များအပေါ် အခြေခံ၍ ဘီဒဘလျူယူက အစီရင်ခံစာထုတ်ပြန်ခြင်းဖြစ်သည်။
ဘီဒဘလျူယူ ဥက္ကဋ္ဌ မိဆူးပွင့်က “ဗမာပြည်ထဲမှာ ဒုက္ခရောက်ပြီး ဆင်းရဲကြပ်တည်းတဲ့အတွက် ဒီဘက်ကို ထွက်လာတယ်။ ဒီဘက်ကိုရောက်တော့လည်း သူတို့မှာ အခက်အခဲတွေ အများကြီး ရှိတယ်။ သူတို့ရဲ့ အသက်တွေ ဘ၀တွေပါ ပေးဆပ်ရတယ်။ ဆုံးရှုံးရတယ်။ ဒါကြောင့်မို့ သူတို့မှာ ပြေးစရာမြေလည်းမရှိဘူး။ ငရဲဘုံနှစ်ခုကြားမှာ ပိတ်မိနေတဲ့ဟာမျိုးကို တင်စားထားတာပါ” ဟု ရှင်းပြသည်။
အိမ်နီးချင်းနိုင်ငံများတွင် လုပ်ကိုင်ကြသည့် မြန်မာအမျိုးသမီးများတွင် တရားဝင်လက်မှတ်မရှိ ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းကြောင်း၊ အလုပ်သမားအခွင့်အရေး နည်းပါးပြီး ကျန်းမာရေးနှင့်မညီညွတ်သည့် အန္တရာယ်များသော လုပ်ငန်းခွင်တွင်လုပ်ကိုင်ကြရကြောင်း ဖော်ပြထားသည်။
အဆိုပါ အမျိုးသမီးများလုပ်ကိုင်နေသည့် အိမ်ရှင်နိုင်ငံများကလည်း ရွှေ့ပြောင်းအလုပ်သမား
ဆိုင်ရာမူဝါဒနှင့် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် အလုပ်သမားဆိုင်ရာဥပဒေများနှင့်
အညီ ကာကွယ်ပေးခြင်းမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများသည် လူ့အခွင့်အရေးများချိုးဖောက်ခံနေရပြီး လိင်ပိုင်းဆိုင်ရာအရထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုများကို ခံစားနေရသည်ဟု မိဆူးပွင့်
က ပြောသည်။
၎င်းက “အမျိုးသမီးတွေရဲ့ဘ၀ဟာ ဒီဘက်နိုင်ငံတွေမှာ အမျိုးသားတွေထက်အများကြီးကြမ်း
တမ်းတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအများကြီးရှိတယ်။ ဒီအမျိုးသမီးတွေထဲက (၈၀) ရာခိုင်နှုန်းလောက်ဟာ လိင်ပိုင်း ဆိုင်ရာအရ ထိပါးနှောင့်ယှက်မှုတွေကို ခံနေရတဲ့အတွက် စိတ်အနှောင့်အယှက်တွေဖြစ်နေတယ်”ဟု ပြောသည်။
ယင်းသို့ မြန်မာအမျိုးသမီးများအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခရောက်နေရခြင်းသည် နအဖစစ်အစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ရန် ငြင်းဆန်နေခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကပြောသည်။
မြန်မာအမျိုးသမီးများ နိုင်ငံတွင်း၌ အေးအေးချမ်းချမ်းလုပ်ကိုင် စားသောက်နိုင်ရန်အတွက်
နအဖစစ်အစိုးရအနေဖြင့် တိုင်းပြည်အတွင်းစီးပွားရေးကြပ်တည်းမှုပြဿနာကို ဖြေရှင်းပေး ရန်လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံအစိုးရများကလည်း ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာဥပဒေ များအတိုင်း အလုပ်သမားများကိုအကာအကွယ်ပေးရန်လိုကြောင်း ဘီဒဘလျူယူက တိုက် တွန်းသည်။
ထို့ပြင် နိုင်ငံတကာအသိုင်းအ၀န်းအနေဖြင့်လည်း မြန်မာစစ်အစိုးရအား နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်စေရန် ဖိအားပေးစေလိုကြောင်း တောင်းဆိုထားသည်။
|