မြန်မာအကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုများဖြင့် ပြည့်နှက်နေပြီး ပိုက်ဆံမပေးနိုင်ပါက ထောင်တွင်း၌ အသက်ရှင်ရန် အလွန်ခက်ခဲနေသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း -မြန်မာနိုင်ငံ (အေအေပီပီဘီ) က ထုတ်ပြန်ကြေညာသည်။
အကျဉ်းသားတဦးသည် စတင်ဖမ်းဆီးခံရချိန်မှစ၍ ရဲ၊ တရားသူကြီးနှင့် အကျဉ်းဦးစီးအာဏာပိုင်များ မှသည် ထောင်အာဏာပိုင်၊ တန်းစီး၊ အခန်းလူကြီးနှင့် စည်းကမ်းထိန်းများအထိ အဆင့်ဆင့်လာဘ်ထိုးရ သည်ဟု အေအေပီပီဘီ၏ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ထုတ် ၂၀၀၆ ခု ‘မြန်မာနိုင်ငံအကျဉ်းထောင်များ၏ အခြေအနေထုတ်ပြန်ချက်’ တွင် ဖော်ပြသည်။
အကျဉ်းထောင်များကို နိုင်ငံတော်မှ ထောက်ပံ့မှုလျှော့ချလိုက်ပြီး ကုန်ကျစရိတ်ကို သက်ဆိုင်ရာ အကျဉ်းထောင် အာဏာပိုင်များအား ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ရှာဖွေခိုင်းခြင်းနှင့် နိုင်ငံတကာကြက်ခြေနီ အဖွဲ့ (အိုင်စီအာစီ) က အကူအညီသွားရောက်ပေးနိုင်ခွင့် မရှိတော့ခြင်းတို့သည် ထောင်တွင်းလာဘ်စားမှု ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်သည်ဟု အေအေပီပီဘီအတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
တရားရုံးက ပြစ်ဒဏ်ချမှတ်အပြီး အင်းစိန်ထောင်သို့ပို့လိုက်သည့် အကျဉ်းသားသစ်တဦးသည် ကားခ အဖြစ် ကျပ် (၁,၀၀၀) မှ (၅,၀၀၀)၊ ပုံစံခန်းသို့အရောက် ညှဉ်းပန်းနှိပ်စက်မှုမှ သက်သာရာရစေရန် (၂၀,၀၀၀) မှ (၃၀,၀၀၀) အထိ၊ ကွပ်ပျစ်ပေါ်တွင်အိပ်လိုပါက (၁၅,၀၀၀)၊ အချိန်မရွေးရေချိုး အ၀တ် လျှော်နိုင်ရန် (၁,၅၀၀)၊ မိလ္လာတက်နိုင်ရန် (၁,၅၀၀)၊ ရဲဘက်စခန်းမလိုက်လိုပါက (၁၅၀,၀၀၀) စသဖြင့် ပေးရသည်ဟု အေအေပီပီဘီထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် အကျဉ်းသားတဦး ကျန်းမာရေးမကောင်းပါက ထောင်ဆေးရုံဆရာဝန်နှင့်စမ်းသပ်နိုင်ရန် အကျဉ်းသားတဦးလျှင် (၅၀၀) ကျပ်၊ ဆေးရုံတက်ခွင့်ရရန် (၃,၀၀၀)၊ ဆေးရုံစတက်တက်ချင်း
(၃၀,၀၀၀)၊ ဆရာဝန်ခ (၂၀,၀၀၀) စသဖြင့် ပေးရသည်ဟုဆိုသည်။
ပိုက်ဆံမပေးနိုင်သည့် အကျဉ်းသားလူနာများမှာ ဆေးရုံတက်ခွင့်ရရန် အလွန်ခက်ခဲသည့် အခြေအနေ တွင်ရှိပြီး အဆိုးရွားဆုံးမှာ ထောင်ဆေးရုံတွင် ဆေးမရှိခြင်းနှင့် အားအင်ကုန်ခန်း အာဟာရပြတ်နေသော လူနာများထားရာ ဂီလာနလူနာဆောင်တွင် ထောင်ဝင်စာလာမပို့နိုင်သည့် အကျဉ်းသားများ သေဆုံး နေကြကြောင်း အေအေပီပီက ဖော်ပြထားသည်။
အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြှင့်ပေးရန်အတွက် အိုင်စီအာစီကို အကျဉ်းထောင်များထဲ ၀င်ရောက်ခွင့်ပြန်ပေးရန် အရေးတကြီးလိုအပ်နေပြီး နိုင်ငံတကာရှိ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သည့်အဖွဲ့များကိုလည်း ၀င်ရောက်စစ်ဆေးခွင့်ပေးသင့်သည်ဟု ဦးတိတ်နိုင်က ပြောသည်။
၎င်းက “နအဖက နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီးတော့ သူတို့ ရှင်းလင်းချက်တွေအများကြီး လုပ်ခဲ့တယ်။ သို့ပေမယ့် တကယ်တမ်း ဆိုနေ ပြောနေ ရေးသားနေ ထုတ်လွှင့်နေတဲ့ အချက်အလက် တွေနဲ့ တကယ့် အကျဉ်းထောင်ထဲမှာရှိနေတဲ့ အချက်အလက်တွေဟာ မကိုက်ညီဘူးဆိုတာကို ကျနော် တို့က ထောက်ပြချင်တာပါ” ဟု ထောင်တွင်းအခြေအနေများကို ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။
နအဖစစ်အစိုးရကမူ အကျဉ်းသားများကို ပုံစံမလို အ၀ကျွေးထားပြီး ကြံ့ဖွံ့အဖွဲ့နှင့် အခြားလူမှုရေးအဖွဲ့များ က ဆေးပေါ့လိပ်နှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးနေကြောင်း သတင်းစာများတွင် မကြာသေးခင်က ဖော်ပြသည်။ ။ |