(International Health & Beauty Centre ဖွင့်လှစ်ရန်အတွက် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့်အကျွမ်းဝင်သည့်လူယုံ ဒေါက်တာတင်ထွန်းဦးကို ထိုသို့အငှားချထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းဦးသည် စစ်အစိုးရအကြိုက် မေးမြန်းပြောဆိုရေးသားပေးသူဖြစ်၍သာ ယခုကဲ့သို့အခွင့်ထူးမျိုးရရှိခြင်းဖြစ်သည်ဟု စာနယ်ဇင်းလောကနှင့် စီးပွားရေးလောက၌ ဝေဖန်သုံးသပ်နေကြသည်။
“ဒီလိုမျိုး မြို့ထဲနေရာကောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ဖို့ သင့်တော်တဲ့လုံးချင်းမျိုးက အနည်းဆုံး တလငှားရမ်းခ (၁၀) သိန်းကနေ သိန်း (၂၀) ကြားရှိတယ်။ ဒါကို ကျပ် (၅) သောင်းကျော်နဲ့ ငှားလို့ရတာ တော်တော်အံ့သြမိပါတယ်။ လူကြီးနဲ့တော်တော်ပိုင်တယ်ထင်ပါတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးတခုမှ ဈေးကွက်မန်နေဂျာတဦးကပြောသည်။
အဆိုပါ IHBC အဆောက်အဦသည် ဒေါက်တာတင်ထွန်းဦးထုတ်ဝေသူအဖြစ် တာဝန်ယူနေသည့် မြန်မာတိုင်းမ်ဂျာနယ်တိုက်နှင့်ကပ်လျက်ဖြစ်ပြီး အကြီးစားပြင်ဆင်ရေးလုပ်ငန်းများ လက်စသတ်နေပြီ ဖြစ်သည်။ IHBC ကို ယခုလအတွင်း အကြိုဖွင့်ပွဲကျင်းပမည်ဟု ယခုလဆန်းထုတ် မြန်မာတိုင်းမ်ဂျာနယ် တွင် သတင်းဖော်ပြသည်။
မွမ်းမံပြင်ဆင်နေသည့် ယင်းအဆောက်အဦ၌ IHBC က ပြန်လည်အငှားချရာ၌ တစ်စတုရန်းပေကို တလ ကျပ် (၈၀၀) နှုန်းဖြင့် အခန်းတခန်းလျှင် အနည်းဆုံး ပျမ်းမျှ ကျပ် (၅) သိန်းကျော်ပေးရသည်။
ယင်းအဆောက်အဦ မြေညီထပ်၌ စူပါမားကက်ဖွင့်မည်ဖြစ်ပြီး ပထမထပ်၌ အလှအပ၀န်ဆောင်မှုလုပ်ငန်း များ ဖွင့်ခွင့်ပေးမည့် အခန်း (၈) ခန်းပါရှိကာ ဒုတိယထပ်တခုလုံးကို အထူးကုဆေးခန်းဖွင့်မည့် စင်ကာပူ ကုမ္ပဏီတခုက ငှားရမ်းထားကြောင်း IHBC ဈေးကွက်ဌာနမှ သိရသည်။
အခန်းကျယ် (၄) ခန်းရှိသည့် အပေါ်ဆုံးတတိယထပ်၌ အရောင်းမြှင့်တင်ရေးအတွက် အခန်းကျယ်တခု သတ်မှတ်ထားပြီး ကျန် (၃) ခန်းကိုလည်း သွားအထူးကု၊ မီးယပ်သားဖွားအထူးကု စသည့်လုပ်ငန်းများ အတွက် အငှားချထားပြီးဖြစ်သည်။ ။ |