ဝန်ကြီးချုပ်ဟောင်း တပ်ဆင်အစိုးရ လက်ထက်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်မှုစစ်ဆင်ရေး၌
ပါဝင်ခဲ့သူများသည် လုပ်ပိုင်ခွင့်ကို ပိုမိုအသုံးပြုခဲ့သည့် အထောက်အထားများ မတွေ့ရှိရကြောင်း
ဝန်ကြီးချုပ် ဆူရာယွတ်ချူလာနွန့်က ပြောသည်။
အဆိုပါ စစ်ဆင်ရေးကာလအတွင်းတွင် လုပ်ပိုင်ခွင့်ကို ပိုမိုအသုံးပြုခဲ့သည်ဆိုသည့် စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် လက်ရှိစစ်အစိုးရက ယမန်နှစ်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ယင်းအဖွဲ့ခေါင်းဆောင် ခါနစ်နနာခွန်ထံမှ အပြီးသတ်အစီရင်ခံစာကို ရရှိခဲ့ပြီး နောက် ၀န်ကြီးချုပ်ချူလာနွန့်က ယမန်နေ့တွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
၎င်းက “မျက်မြင်သက်သေအများစုက သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကို အရေးကြီးတဲ့ အချက် အလက်တွေ လာမပေးကြတဲ့အတွက် ခိုင်လုံတဲ့အထောက်အထားတွေ မရရှိခဲ့ပါဘူး။ ဒါကြောင့် စုံစမ်းရေး အဖွဲ့အနေနဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အရေးယူနိုင်မှာ မဟုတ်ပါ
ဘူး” ဟု သတင်းထောက်များအား ပြောသည်။
ဝန်ကြီးချုပ်ဟောင်း တပ်ဆင်အစိုးရက ၂၀၀၃ ခု ဖေဖော်ဝါရီ (၁) မှ ဧပြီ (၃၀) အထိ အကောင် အထည်ဖော်ခဲ့သော အဆိုပါ မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးတွင် လူပေါင်း (၂,၅၀၀) ခန့် သေဆုံးခဲ့သည်။
ယင်းသေဆုံးမှုများတွင် လုပ်ပိုင်ခွင့်ကို အလွန်အကျွံအသုံးပြု၍ မမှန်မကန် သတ်ဖြတ်ခံရမှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သဖြင့် လက်ရှိအာဏာသိမ်းစစ်အစိုးရက မှုခင်းဆိုင်ရာ ၀ါရင့်
တရားရေး တာဝန်ရှိသူများ၊ လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူများ အပါအ၀င် အဖွဲ့ဝင် (၁၂) ဦးပါ စုံစမ်းရေးအဖွဲ့ (အိုင်စီအိုင်ဒီ) အား ယမန်နှစ် သြဂုတ်တွင် ဖွဲ့စည်းပေးခဲ့သည်။
မစ္စတာ တပ်ဆင်အစိုးရကာလအတွင်း ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်း ဖော်ထုတ်ရာတွင် အိုင်စီအိုင်ဒီ အဖွဲ့တခုတည်းသာ မအောင်မမြင်ဖြစ်ခဲ့ခြင်းမဟုတ်ပေ။ လွန်ခဲ့သည့် (၄) နှစ်ခန့်က ပျောက်ဆုံးခဲ့ပြီး သေဆုံးခဲ့ပြီဟု ယူဆရသူ မွတ်စလင်ရှေ့နေ ဆွန်မ်ချိုင်းနီလာဖိုင် ကျစ်၏ အမှုနောက်ကွယ်တွင် ပါဝင်ပတ်သက်နေသူများကိုလည်း အထူးစုံစမ်းစစ်ဆေးရေးဌာနက ယခုအထိ ထုတ်ဖော်နိုင်ခြင်းမရှိပေ။
“မစ္စတာ ဆွန်မ်ချိုင်း ပျောက်ဆုံးခဲ့တဲ့အမှုမှာ ပါဝင်တယ်လို့ ယုံကြည်ရတဲ့ လူနာမည်တွေကို စုံစမ်း စစ်ဆေးရေး တာဝန်ရှိသူတွေက ရထားပေမယ့် အရေးယူနိုင်လောက်တဲ့ အခိုင်အမာ အထောက် အထားတွေကို ဒီနေ့အထိ မရှာနိုင်သေးပါဘူး” ဟု ၀န်ကြီးချုပ် ချူလာနွန့်က ပြောသည်။
မစ္စတာ ဆွန်မ်ချိုင်း ပျောက်ဆုံးသွားပြီးနောက် သံသယရှိသူ ရဲအရာရှိ (၅) ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး အမှုတွင် အမှန်တကယ် တာဝန်ရှိသူများကိုမူ ယနေ့အထိ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိသေးပေ။
မစ္စတာဆွန်မ်ချိုင်း၏ ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကမူ ၎င်း ပျောက်ဆုံးသွားမှုသည် ဂျမားအစ္စလမ်မီယာ အကြမ်းဖက်သမားများဟု သံသယ ရှိသူများအတွက် ဥပဒေအကျိုးဆောင်ပေးမှုနှင့် ဆက်စပ်နေသည်ဟု ယုံကြည်နေကြသည်။ ။
|