ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ဝေဘာဂီဆေးရုံ၌ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူများအတွက် အခမဲ့ ဆေးစစ်ပေးမှုများ ရပ်ဆိုင်းလိုက်ပြီး ငွေကြေး စတင်ကောက်ခံနေသဖြင့် ဝေဒနာရှင်များ အခက်တွေ့နေကြောင်း သိရသည်။
ဝေဘာဂီဆေးရုံသို့ ယခင်ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းမှ ကူညီပံ့ပိုးငွေများ ရပ်ဆိုင်းသွားသဖြင့် ဇန်န၀ါရီ (၂၁) ရက်မှ စ၍ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ တီဗီဓာတ်မှန်များအတွက် လူနာများ အနေဖြင့် စရိတ်မျှပေးရန် ဆေးရုံ၌ ကြေညာထားသည်ဟု ယမန်နေ့က ဆေးရုံသို့သွားရောက်ခဲ့သူ အေ့ဒ်စ်ဝေဒနာရှင် ကိုတင်ကိုက ပြောသည်။
၎င်းက “ပုံမှန်က အခမဲ့လေ၊ ဘာမှမပေးရဘူး။ စာအုပ်မှတ်ပုံတင်ခ (၁၀၀) ပဲ ပေးရတယ်။ မနေ့က စပြီး ကောက်တဲ့အခါကျတော့ လူတွေမှာက ပိုက်ဆံ အဲ့သလောက်မပါကြဘူးလေ။ ကားခလောက် နဲ့ သွားလာနေကြတာလေ။ သွေးစစ်ခန်းရောက်မှ ပိုက်ဆံပေးမှ သွေးစစ်ပေးမယ်ဆိုတော့ အကုန် လုံး တော်တော် ဒုက္ခရောက်ကြတာပေါ့ဗျ။ ပိုက်ဆံမပေးရင် သွေးစစ်မပေးဘူး။ ဓာတ်မှန်လည်း ရိုက်မပေးဘူး။ မရှိတဲ့လူတွေက တော်တော်အကျပ်ရိုက်သွားတယ်” ဟု ပြောသည်။
ဆေးရုံက လူနာများထံမှ သွေးစစ်ခ ကျပ်ငွေ (၃) ထောင်၊ ဓာတ်မှန် တချပ်ရိုက်ခ ကျပ် (၂) ထောင်၊ အာထရာ ဆောင်းရိုက်ခ ကျပ် (၁) ထောင်နှင့် အလှူငွေ ကျပ် (၅၀၀) စတင် ကောက်ခံ
နေကြောင်း သိရသည်။
ဝေဘာဂီဆေးရုံ ဓာတ်ခွဲခန်းနှင့် ဓာတ်မှန်ခန်းများတွင် အသုံးပြုသည့်စက်ကိရိယာများကို ဂျပန် နိုင်ငံမှ လှူဒါန်းထားပြီး မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူများအတွက် MSF-
Holland, PSI, AHRN , AZG စသည့် အန်ဂျီအိုများက ပညာပေးခြင်းနှင့် ဆေးဝါးအကူအညီ ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
“မြန်မာနိုင်ငံက အိတ်ခ်ျအိုင်ဗီ-အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် နိုင်ငံရေးအခြေအနေတွေ မည်သို့ပင်ဖြစ်နေကာမူ အကူအညီတွေပေးပါလို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝေဒနာရှင် တယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်။ ပြင်ပအဖွဲ့အစည်းတွေကမှ မကူညီရင် ကျနော်တို့က သေလူဖြစ်သွားပြီ။ တချို့က လုံးဝစိတ်မ၀င်စားတဲ့ သဘောတွေပြနေတယ်။ အလှူငွေရှိရင် လုပ်ပေးမယ်၊ အလှူငွေမရရင် လုပ်မပေးဘူးဆိုတဲ့ ပုံစံမျိုးပေါက်နေပြီ” ဟု ကိုတင်ကိုက
ပြောသည်။
မြန်မာနိုင်ငံရှိ အေ့ဒ်စ်ဝေဒနာရှင်များကို ထိထိရောက်ရောက် အကူအညီပေးနိုင်ရန်အတွက် အန်ဂျီ အိုများကို လွတ်လပ်ခွင့်ပေးသင့်သည်ဟု အေ့ဒ်စ်ဝေဒနာရှင်များအား စေတနာ့ဝန်ထမ်းအကူအညီ ပေးနေသည့် ကိုရာဇာက ပြောသည်။
“အန်ဂျီအိုတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးဖို့လိုမယ်။ နောက်ပြီးတော့ ကျနော်တို့ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးဖို့လိုမယ်။ အစိုးရရယ်၊ ကျနော်တို့ရယ်၊ အန်ဂျီအိုရယ် ပူးပေါင်း လုပ်လို့ရှိရင်တော့ အကုန်လုံး အဆင်ပြေသွားနိုင်မယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူပေါင်း (၃) သိန်း (၆) သောင်းခန့်ရှိကြောင်း UNAIDS ကုလသမဂ္ဂက ခန့်မှန်းထားပြီး ပြီးခဲ့သည့်နှစ်က အနည်းငယ်ကျဆင်းသွားကြောင်း အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ။
|