ဒီမိုကရေစီရေးဆန္ဒပြသည့် တောင်ကုတ်မြို့မှ လူငယ် (၂) ဦးအား ဖေဖော်ဝါရီ (၅) ရက်တွင် အာဏာပိုင်များက ရုံးထုတ်စစ်ဆေးမည်ဟု တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
ဖမ်းဆီးခံနေရသည့် မောင်ဇော်နိုင်နှင့် မောင်သန်းဌေးတို့သည် ပြီးခဲ့သည့် အင်္ဂါနေ့က လုံခြုံရေး ထူထပ်စွာ ချထားသည့်ကြားမှ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေး ဒို့အရေး၊ စားဝတ်နေရေးပြေလည်ရေး ဒို့အရေး စသည့်ကြွေးကြော်သံများ
ဟစ်အော်၍ တောင်ကုတ်မြို့ဈေးလမ်းမှ မယကရုံးအထိ လမ်းလျှောက်ဆန္ဒပြစဉ် ထိန်းသိမ်း ခံရသူများဖြစ်သည်။
တောင်ကုတ်မြို့ ရဲအချုပ်၌ ဖမ်းဆီးထားသည့် ၎င်းတို့နှစ်ဦးအား အကူအညီပေးရန် ယနေ့ နံနက်တွင် သွားရောက်တွေ့ဆုံခဲ့သည့် တောင်ကုတ်အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးသန်းဖေက “ကျနော်တို့ကို လုံးဝပေးမတွေ့ဘူး။ ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲဆိုပြီး မချေမငံဆက်ဆံပြီး ပြန်လွှတ်လိုက်တယ်။ ဒီကိစ္စဟာ တရားရုံးကို သွားမေးတဲ့။ ကျနော်တို့ တရားရုံးကိုသွား
မေးတော့ ဖေဖော်ဝါရီ (၅) ရက်မှာ ရုံးထုတ်မယ်လို့ပြောတယ်” ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့် လူငယ် (၂) ဦးသည် အန်အယ်လ်ဒီလူငယ်များ မဟုတ်သော်လည်း တက်တက်ကြွကြွဖြင့် လှုပ်ရှားနေသည့် နိုင်ငံရေး အသိစိတ်ဓာတ်ရှိသည့် ရပ်ကွက်တွင်းနေ လူငယ်များဖြစ်သည်ဟု ဦးသန်းဖေက ပြောသည်။
တောင်ကုတ်မြို့သည် စက်တင်ဘာအရေးအခင်းတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည့် မြို့ဖြစ်ပြီး
ယခုလ (၁၇) ရက်၌လည်း မြို့ခံလူထုနှင့် သံဃာတော်များ ပူးပေါင်းဆန္ဒပြရန် စီစဉ်ခဲ့ သော်လည်း အာဏာပိုင်များက ကြိုတင်သတင်းရသွားပြီး လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့သဖြင့် ဆန္ဒပြပွဲ အထမမြောက်ခဲ့ပေ။ ။
|